Saturday, December 7, 2013

ဆူးလေစေတီတော်ကို ဗဟိုပြု၍ ရန်ကုန်မြို့လယ်အား မြို့ပြယဉ်ကျေးမှု အမွေအနှစ် ဇုန်အဖြစ် သတ်မှတ်ပေးရန် မြို့ပြစီမံကိန်း ပညာရှင်များ အကြံပြု

Saturday, 07 December 2013


ရန်ကုန်မြို့လယ်ရှိ ဆူးလေစေတီတော်ကို နိုဝင်ဘာ လဆန်းပိုင်းက တွေ့ရစဉ်

ဆူးလေစေတီတော်ကို ဗဟိုပြု၍ ရန်ကုန်မြို့လယ်အား မြို့ပြယဉ်ကျေးမှု အမွေအနှစ် ဇုန်အဖြစ် သတ်မှတ်ခြင်းပေးရန် မြို့ပြစီမံကိန်း ပညာရှင်များက အကြံပြုထားကြောင်း သိရသည်။

ဆူးလေစေတီတော်သည် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁၀၀ တွင် ရှိပြီး ဆူးလေစေတီတော် ပတ်ဝန်းကျင်တွင် စေတီတော်ထက်မြင့်သော အထပ်မြင့် အဆောက်အအုံများ မရှိသင့်သော်လည်း ယခင်က ခွင့်ပြုခဲ့သည့် Central Point တာဝါကဲ့သို့ အထပ်မြင့်တာဝါကြီးများ တည်ရှိနေကြောင်း သိရသည်။

''ဆူးလေစေတီတော်မှာ အရင်က ခွင့်ပြုခဲ့တဲ့ Central Point အထပ်မြင့် တာဝါကြီးကတော့ ရှိပါစေတော့ နောက်ထပ်ဆူးလေ စေတီတော် ပတ်ဝန်းကျင်မှာ အထပ်မြင့် အဆောက်အအုံကြီးတွေ ထပ်ဆောက်ခွင့်တွေ မပေးဘဲ ထိန်းသိမ်းချင်တယ်။ ဒါကြောင့် ဆူးလေစေတီတော်ကို ဗဟိုပြုပြီး ရန်ကုန်မြို့ပြ အမွေအနှစ်ဇုန် သတ်မှတ်ခြင်း လုပ်ပေးဖို့ အဆိုပြု ထားပါတယ်'' ဟု မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာနမှ မြို့ပြစီမံကိန်း ပညာရှင် ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။

ရန်ကုန်မြို့လယ်သည် ဆူးလေစေတီတော်နှင့်အတူ ထင်ရှားသော ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံ ၂၀၀ နီးပါး ရှိနေသည့်အတွက် များစွာအရေးပါပြီး ကမ္ဘာမှ အာရုံစိုက်နေသည့် နေရာလည်း ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံရေး သမိုင်း၌လည်း အရေးပါခဲ့သော နေရာဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့မှ ဒါရိုက်တာဒေါ်မို့မို့လွင်က ပြောကြားသည်။

''ရန်ကုန်မြို့လယ်ဟာ ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိတာကြောင့် အခြားနိုင်ငံတွေနဲ့ မတူဘူး။ ဘန်ကောက်နဲ့ မတူဘူး။ စင်ကာပူနဲ့ မတူဘူး။ ဒါပေမဲ့ ရန်ကုန်မြို့လယ်မှာ ကားတွေတစ်နေ့လုံး ကျပ်လာတယ်။ ပြီးတော့ ၀န်ဆောင်မှုတွေ စနစ်ကျနမှု မရှိဘူး။ ပြည်သူတွေ အပန်းဖြေနိုင်မယ့် နေရာမျိုးတွေ နည်းနေသေးတယ်။ မဟာဗန္ဓုလပန်းခြံမျိုး အခုမှ အဆင့်မြှင့်လိုက်လို့ အပန်းဖြေနေရာမျိုး ရှိလာတာ။ အဲဒါကြောင့် ထိန်းသိမ်းပေးဖို့ လိုပါတယ်''ဟု ဒေါ်မို့မို့လွင်က သုံးသပ်ပြောကြားသည်။

ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မှုများ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ စိမ်းလန်းမြေဧရိယာ စသည်တို့ကို ထိန်းသိမ်းနိုင်ရန်အတွက် မြို့ပြအသုံးချဇုန် ၁၁ ခု သတ်မှတ်ရန် စီစဉ်နေပြီး ဆိတ်ငြိမ်ရပ်ကွက် (သို့မဟုတ်) လူနေသိပ်သည်းမှု နည်းသည့် လူနေရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှု အသင့်အတင့်ရှိသည့် လူနေရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှုများသည့် လူနေရပ်ကွက်ဇုန်၊ မြို့မြေအသုံးချမှုမျိုးစုံ ရောနှောပါဝင်နိုင်သည့် ဇုန်၊ ကုန်သွယ်မှုနှင့် စီးပွားရေးဇုန်၊ စက်မှုနှင့် ကုန်လှောင်ရုံများဇုန်၊ ဆိပ်ကမ်းနှင့် ဆိပ်ကမ်းဆက်စပ် ၀န်ဆောင်မှုများဇုန်၊ စိမ်းလန်းမြေနှင့် ရေပြင်များဇုန်၊ အစိုးရ အဖွဲ့အစည်းများနှင့် အခြေခံ အဆောက်အအုံများဇုန်၊ မြို့ပြအမွေအနှစ်များ ထိန်းသိမ်းမှုဇုန်နှင့် ကမ်းနားအထူး ဖွံ့ဖြိုးရေးဇုန်တို့ ဖြစ်သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...