Saturday, December 7, 2013

အမျိုးသမီးများ၏ အခန်းကဏ္ဍကို အမှန်တကယ် မြှင့်တင်ရန် ကိုယ်တိုင်တိုက်ပွဲဝင် ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပသည့် Women's Forum Myanmar 2013 တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


Saturday, 07 December 2013


ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၆ ရက်က စတင်ကျင်းပသည့် Women's Forum Myanmar 2013 တွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားစဉ်

အမျိုးသမီးများ၏ အခန်းကဏ္ဍကို အမှန်တကယ် မြှင့်တင်ရန် ကိုယ်တိုင်တိုက်ပွဲ ၀င်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပသည့် Women's Forum Myanmar 2013 တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားတွင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မင်ဒဲလား ကွယ်လွန်သွားခြင်းနှင့် စပ်လျဉ်း၍ ''သူမွေးဖွား ကြီးပြင်းလာရတဲ့ အကျိုးပေးအတွက်၊ သူ့အသား အရောင်အတွက် ဘယ်သူမှ ပြစ်ဒဏ်ကျခံဖို့ မသင့်ဘူးဆိုတာ ကျွန်မတို့အားလုံးကို သူနားလည်စေခဲ့တယ်။ ကျွန်မတို့ အားလုံးကို နားလည်အောင် သူညွှန်ပြ ပေးခဲ့တာကတော့ ကျွန်မတို့ ကမ္ဘာကြီးကို ပြောင်းလဲအောင် လုပ်နိုင်တယ် ဆိုတာပါပဲ။ ဒီအကြောင်းကြောင့် သူ့ကိုကျွန်မက လူသားဆန်မှု အဆင့်အတန်းကို မြှင့်တင်ပေးသူ မဟာလူသား တစ်ဦးအနေနဲ့ ဂုဏ်ပြုလိုပါတယ်'' ဟု ထည့်သွင်း ပြောကြားသည်။

အမျိုးသမီးများ အနေဖြင့် ပွင့်လင်းသော လူ့အဖွဲ့အစည်းတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာရန်အတွက် CEDAW အဖွဲ့ဝင်ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် မသက်ဆိုင်ကြောင်း၊ အဖွဲ့အစည်း တစ်ခုအတွင်းသို့ ၀င်ရောက်ခြင်းသည် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးမည် မဟုတ်ကြောင်း၊ အမျိုးသမီးများ၏ အခန်းကဏ္ဍကို အမှန်တကယ် မြှင့်တင်ရန်အတွက် ကိုယ်တိုင်တိုက်ပွဲ ၀င်ရမည်ဖြစ်ပြီး မည်သည့်အတွက် တိုက်ပွဲဝင်ရသည်ကို သိရန် လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါ အမျိုးသမီး ဖိုရမ်ကို ပြင်သစ်သံရုံးမှ ဦးစီး၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတရုံးစီးပွားရေး အကြံပေး ဒေါက်တာ အောင်ထွန်းသက်၊ ပြင်သစ်ယဉ်ကျေးမှုနှင့် ဆက်ဆံရေးဝန်ကြီး အော်ရယ်လီဖီလီပေတီ အပါအ၀င် Speaker ၉၀ က ''လျင်မြန်စွာ ပွင့်လင်းလာသည့် လူမှုအသိုင်းအ၀ိုင်းမှ အမျိုးသမီးများ'' ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ အဆိုပါ ဖိုရမ်ကို ရန်ကုန်မြို့ Chatrium Hotel တွင် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က ပွင့်လင်းလာသော လူ့အဖွဲ့အစည်းမှ အမျိုးသမီးများ အကြောင်း ဆွေးနွေးရာတွင် အဆိုပါ လူ့အဖွဲ့အစည်း ပွင့်လင်းလာခြင်း အကြောင်းရင်း၊ ပွင့်လင်းလာသည့် အရာများ၊ ပွင့်လင်းမှုနှင့်အတူ အမျိုးသမီးများအပေါ် ကျရောက်လာမည့် အန္တရာယ်များ၊ အဆိုပါ အန္တရာယ်များကို ရှောင်ရှားရမည့် နည်းလမ်းများ၊ ပွင့်လင်းလာသည့် လူ့အဖွဲ့အစည်း၏ ကောင်းကျိုးများ၊ ကောင်းမွန်သည့် အကျိုးဆက်များကို ဆက်လက် ထိန်းသိမ်းရမည့် နည်းများနှင့် ပွင့်လင်းလာသည့် လူ့အဖွဲ့အစည်း၏ အနာဂတ်တွင် နောက်မျိုးဆက်များ အနေဖြင့် အမျိုးသား အမျိုးသမီး တန်းတူညီမျှမှု၏ အရေးပါပုံကို နားလည်သဘော ပေါက်စေရန် စသည့်အချက်များကို ဆွေးနွေးရန် လိုကြောင်း ထည့်သွင်း ပြောကြားသည်။

''ကျွန်မတို့အားလုံး မွေးဖွားလာတဲ့ အချိန်မှာ တူညီတဲ့ အခွင့်အရေးတွေ ဂုဏ်သိက္ခာတွေ ရှိပါတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အခြေခံအချက် တစ်ချက်မှာ ရေးသားထားပါတယ်။ ဒီအချက်ကို ကျွန်မတို့ရဲ့ မိခင်တွေဟာ သားသမီးတွေသိအောင် သင်ကြားပေးရပါမယ်။ ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို တည်ဆောက်တဲ့ အချိန်မှာ ကျွန်မတို့ အားလုံးဟာ အတူတကွ ညီမျှတဲ့ဝန်ကို ၀ိုင်းဝန်းလုပ်ဆောင် နေကြတယ်လို့ ယုံကြည်ထားဖို့ လိုပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...