Sunday, January 26, 2014

နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအား ၀င်ငွေခွန်ကင်းလွတ်ခွင့် အမြင့်ဆုံးခုနစ်နှစ်နှင့် ရင်းနှီးတည်ဆောက်သူများအား ၀င်ငွေခွန် ရှစ်နှစ်အထိ ကင်းလွတ်ခွင့်ပေးထားသည့် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ အတည်ပြုပြဋ္ဌာန်း


ဖြိုးဝေ

တနင်္သာရီတိုင်းဒေသကြီးတွင် အကောင်အထည်ဖော်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်တစ်နေရာအား တွေ့ရစဉ်


မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်အားလုံးနှင့်သက်ဆိုင်ပြီး နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအား ၀င်ငွေခွန်ကင်းလွတ်ခွင့် အမြင့်ဆုံးခုနစ်နှစ်နှင့် ရင်းနှီးတည်ဆောက်သူများအား ၀င်ငွေခွန်ရှစ်နှစ်အထိ ကင်းလွတ်ခွင့်ပေးထားသည့် အချက်များပါဝင်သော မြန်မာအထူးစီးပွားရေးဇုန်ဥပဒေအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၃ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဇန်န၀ါရီ ၂၅ ရက်က ဖော်ပြခဲ့သည်။

အဆိုပါဥပဒေတွင် အခန်းပေါင်း ၁၈ ခန်း၊ ပုဒ်မ ၉၆ ခုဖြင့် ထုတ်ပြန်ခဲ့ပြီး မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း၊ စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းခြင်းနှင့် သင့်လျော်သည့် အရပ်ဒေသများတွင် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူကာ အထူးစီးပွားရေးဇုန် တည်ထောင်နိုင်ခြင်း စသည့်အချက်များ ပါဝင်ပြဋ္ဌာန်းထားသည်။

ယင်းအချက်များအပြင် စီမံခန့်ခွဲမှုကော်မတီမှ ၀င်ငွေခွန်များ သက်သာခွင့်ရနိုင်မည့် ကင်းလွတ်ဇုန်များ၊ လုပ်ငန်းမြှင့်တင်ရေးဇုန်များ သတ်မှတ်ပေးခြင်းနှင့် အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံမည့်သူများနှင့် တည်ဆောက်သူများအတွက် ပိုင်ဆိုင်သည့်ပစ္စည်းများ အကျိုးအမြတ်များနှင့် အခြားအခွင့်အရေးများကို တည်ဆဲဥပဒေများဖြင့် အကာအကွယ်ရယူနိုင်ကြောင်း စသည့်အချက်များ ပါဝင်ပြဋ္ဌာန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလ၀ါအထူးစီးပွားရေးဇုန်ဟူ၍ လက်ရှိအကောင်အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန် သုံးခုအထိရှိနေပြီး ဆက်လက်ထူထောင်မည့် အထူးစီးပွားရေးဇုန်များအား အပြည်ပြည်ဆိုင်ရာ နယ်စပ်(သို့မဟုတ်) ပြည်တွင်းဈေးကွက်များသို့ လွယ်ကူစွာဆက်သွယ်နိုင်ခြင်း၊ ဒေသဆိုင်ရာဖွံ့ဖြိုးရေး သတ်မှတ်နယ်မြေဖြစ်ခြင်း၊ ရေအရင်းအမြစ်နှင့် လျှပ်စစ်ဓာတ်အား ရရှိနိုင်ခြင်း၊ လုံလောက်သည့် မြေနေရာရှိခြင်းစသည့် အခြေခံအချက်ရှစ်ချက်နှင့် ကိုက်ညီပါက အထူးစီးပွားရေးဇုန်သစ်များ ထပ်မံဖော်ဆောင်နိုင်ကြောင်း သိရသည်။ ယင်းအချက်များနှင့် ကိုက်ညီမှုမရှိပါကလည်း ဖြစ်နိုင်စွမ်းရှိခြင်းနှင့် နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိမည်ဟု ယူဆပါက အထူးစီးပွားရေးဇုန်တည်ထောင်နိုင်ကြောင်း အခန်း ၆ အထူးစီးပွားရေးဇုန် ထူထောင်ခြင်းဆိုင်ရာပုဒ်မ ၁၂ နှင့် ပုဒ်မ ၁၃ တွင် ဖော်ပြထားသည်။

အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကင်းလွတ်ဇုန်အတွင်း လုပ်ကိုင်ပါက စီးပွားဖြစ်လည်ပတ်သည့် ပထမနေ့မှ ၀င်ငွေခွန် ခုနစ်နှစ်အထိ ကင်းလွတ်ခြင်း၊ ရင်းနှီးတည်ဆောက်သူများအတွက် ရှစ်နှစ်အထိ ကင်းလွတ်ခွင့်ပြုခြင်း လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းဆိုပါက ဒုတိယငါးနှစ်အတွက် ၀င်ငွေခွန် ရာခိုင်နှုန်း ၅၀ သက်သာခြင်းနှင့် ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်များတွင် အမြတ်ငွေကို ပြန်လည်ရင်းနှီးမြှုပ်နှံရန် သီးသန့်ရန်ပုံငွေထား၍ တစ်နှစ်အတွင်း ပြန်လည်မြှုပ်နှံပါက မြှုပ်နှံသည့် မြတ်စွန်းငွေအပေါ် ရာခိုင်နှုန်း ၅၀ ၀င်ငွေခွန် ကင်းလွတ်ခွင့်ပြုကြောင်း အခန်း ၈ ပုဒ်မ ၃၂ တွင် ပြဋ္ဌာန်းထားသည်။

အလားတူ ရင်းနှီးတည်ဆောက်သူများအနေနှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ လုပ်ငန်းသုံးများစသည့် အခြေခံအဆောက်အအုံဆိုင်ရာ ပစ္စည်းများအား ပြည်ပမှ တင်သွင်းရာတွင် အကောက်ခွန်နှင့် အခွန်ကင်းလွတ်ခွင့်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကုန်ကြမ်းပစ္စည်းများနှင့် လုပ်ငန်းသုံးယာဉ်များအား အကောက်ခွန်နှင့် အခွန်ကင်းလွတ်ခွင့်ပေးခြင်းများ ခွင့်ပြုထားသည်။

အထက်ပါ ကင်းလွတ်ခွင့်များအပြင် လုပ်ငန်းမြှင့်တင်ရေးဇုန်ရှိ မြှုပ်နှံသူများအနေဖြင့် ရောင်းကုန်မဟုတ်သည့် စက်ပစ္စည်းများနှင့် အရန်များ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးပစ္စည်းများ လုပ်ငန်းအတွက် လိုအပ်သည့် ပစ္စည်းများကို လုပ်ငန်းစတင်သည့်နှစ်မှ ငါးနှစ်အတွင်း အကောက်ခွန်နှင့် အခြားအခွန်များ ကင်းလွတ်ခွင့်နှင့် နောက်ထပ်ငါးနှစ်အတွက် ရာခိုင်နှုန်း ၅၀ အခွန်ကင်းလွတ်ခွင့်များ ခွင့်ပြုပေးထားကြောင်း ဥပဒေပါအချက်များအရ သိရသည်။

အထူးစီးပွားရေးဇုန်အတွင်း အငြင်းပွားမှုများဖြစ်ပွားပါက ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းရန် လိုအပ်ပြီး မဖြေရှင်းနိုင်ပါက စာချုပ်ပါအချက်များနှင့် ဖြေရှင်းခြင်း၊ တည်ဆဲဥပဒေ များနှင့် ဖြေရှင်းခြင်းစသည့် ဖြေရှင်းနည်းများဖြင့် ဖြေရှင်းနိုင်ကြောင်း အခန်း ၁၁ ရှိ ပုဒ်မ ၅၃ နှင့် ပုဒ်မ ၅၄ တွင် ပြဋ္ဌာန်းထားသည်။

စီမံခန့်ခွဲမှုကော်မတီအနေဖြင့် အလုပ်သမားနှင့် ၀န်ထမ်းလစာကို သတ်မှတ်ခြင်း၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် နိုင်ငံသားကျွမ်းကျင် လုပ်သားများအား ပထမနှစ်တွင် အနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် အနည်းဆုံး ရာခိုင်နှုန်း ၅၀ နှင့် တတိယ ငါးနှစ်တွင် အနည်းဆုံး ၇၅ နှစ်အထိ ခန့်ထားရန် စသည့်အချက်များ ပြဋ္ဌာန်းထားသည်။

ယင်းဥပဒေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်ဥပဒေနှင့် ၂၀၁၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာအထူးစီးပွားရေးဇုန်တို့အား ရုပ်သိမ်းကြောင်း ဖော်ပြခဲ့သော်လည်း ၂၀၁၁ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအရ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဤဥပဒေဖြင့် မဆန့်ကျင်သမျှ ကျင့်သုံးခွင့်ရှိကြောင်း ဥပဒေပါ ပုဒ်မ ၉၃ အရ သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...