Sunday, January 26, 2014

ဂျပန်နှင့် အီးယူနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာတော့မည်ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာလေးဘီလျံနှင့် ငါးဘီလျံကြားရရှိရန် ခန့်မှန်းထား


နီလာ၊ ဆန်းထူးအောင်

ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်လျက်ရှိသော သီလ၀ါစက်မှုဇုန် စီမံကိန်းတစ်နေရာအား တွေ့ရစဉ်(ဓာတ်ပုံ-နီလာ)


မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍအတွင်း ဂျပန်နိုင်ငံနှင့် အီးယူနိုင်ငံများမှ ၀င်ရောက်လာတော့မည်ဖြစ်သဖြင့် ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံနှင့် ငါးဘီလျံကြားရရှိရန် ခန့်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆိုသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာနိုင်ခြင်းနှင့်ပတ်သက်ပြီး "ပထမအချက်က လာမယ့်နှစ်မှာ ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေ တော်တော်များများ ၀င်လာဖို့ရှိတယ်။ နောက်တစ်ခုက အီးယူနဲ့ Agree-ment တွေထိုးဖို့ မကြာခင်စပြီး ညှိနှိုင်းကြတော့မယ်။ စာချုပ်ချုပ်ဖို့လုပ်တော့မယ်။ မြန်မာနိုင်ငံနဲ့ အီးယူနဲ့ Agreement တွေထိုးပြီးရင် အီးယူက investment တွေ အများကြီးဝင်လာမယ်။ တတိယအချက်က တချို့လုပ်ငန်းတွေ အဓိကအားဖြင့် တရုတ်နိုင်ငံမှာရှိတဲ့ အချို့လုပ်ငန်းတွေ ထိုင်းနိုင်ငံမှာရှိတဲ့ အချို့လုပ်ငန်းတွေက ရေရှည်ဆက်ရပ်တည်ဖို့ သူတို့မှာ စိန်ခေါ်မှုတွေများလာတယ်။ များလာတော့ ဘယ်နိုင်ငံကို ရွှေ့ရင်ကောင်းမလဲလို့ သူတို့အနေနဲ့ ပြန်သုံးသပ်တဲ့အခါမှာ မြန်မာနိုင်ငံကို အကောင်းဆုံးနိုင်ငံအနေနဲ့တွေ့တယ်။ ဒီအတွက် တရုတ်နိုင်ငံမှာရှိတဲ့ သူတို့လုပ်ငန်းတွေကို နောက်တခြားနိုင်ငံမှာရှိတဲ့ အချို့လုပ်ငန်းတွေကို ရွှေ့လာတယ်။ တချို့ကျတော့ ရွှေ့တာမဟုတ်ဘူး။ ထပ်ချဲ့တာတွေ။ ဆိုလိုတာက တချို့လည်း ထိုင်းနိုင်ငံမှာရှိတယ်။ လုပ်ငန်းတိုးချဲ့တဲ့အနေနဲ့ မြန်မာနိုင်ငံကိုတွေ့တယ်။
အဲဒီလိုအခြေအနေအရပ်ရပ်ကြောင့် ၂၀၁၄-၂၀၁၅ မှာ မြန်မာနိုင်ငံရဲ့ Investment က ခန့်မှန်းထားတာက အနည်းဆုံး လေးဘီလီယံနဲ့ ငါးဘီလျံကြား ခန့်မှန်းထားတယ်။ ဒီထက်ပိုချင်လည်း ပိုသွားနိုင်တယ်"ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏကို လေ့လာကြည့်ပါက ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၂ ဘီလျံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရရှိသော သတင်းများအရ သိရသည်။

"၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ၁ ဒသမ ၄ ဘီလျံရှိတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ သုံးဘီလျံထိရှိလာတဲ့အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ လေးဘီလျံနဲ့ ငါးဘီလျံကြား ၀င်လာနိုင်တယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်" ဟု ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ လုပ်ငန်းစီမံကိန်းများတွင် ပြည်ပနိုင်ငံများမှ ၀င်ရောက်မြှုပ်နှံမှုများ ပြုလုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှလည်း တင်ပြလာသည့် လုပ်ငန်းများအပေါ် သက်ဆိုင်ရာအစိုးရနှင့် အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်နှင့် စိစစ်ချက်များအပေါ်မူတည်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုချက်များ ချထားပေးလျက်ရှိရာ လက်ခစားစနစ်ဖြင့် ကုန်ထုတ်လုပ်ငန်းများ အများဆုံးပါဝင်ပြီး ဟိုတယ်၊ အထည်ချုပ်၊ ဆက်သွယ်ရေးလုပ်ငန်းများကိုလည်း ခွင့်ပြုမိန့်ချထားပေးခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...