Sunday, January 26, 2014

ကမ္ဘာ့ရှားပါးမျိုးနွယ်ဝင် မျောက်မျက်ကွင်းဖြူအား အလောင်းတော်ကဿပ ဒေသတွင် တွေ့ရှိ


အောင်သူ

အလောင်းတော်ကဿပတွင် တွေ့ရှိရသော ကမ္ဘာ့ရှားပါးမျိုးနွယ်ဝင် မျက်ကွင်းညိုမျောက် (ဓာတ်ပုံ-ဦးဇေမောင်သိန်း)


ကမ္ဘာတွင် မျိုးသုဉ်းရန် စိုးရိမ်ရဖွယ် အခြေအနေရှိနေသည့် မျောက်မျက်ကွင်းဖြူမျိုးစိတ်အား အလောင်းတော်ကဿပ ဒေသတွင် တွေ့ရှိထားကြောင်း သိရသည်။

ရှားပါးမျောက်မျက်ကွင်းဖြူအား စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် အလောင်းတော်ကဿပဒေသ (၉) မိုင်စခန်း အနီး တောတွင်းတစ်နေရာတွင် ဇန်န၀ါရီ ၁၈ ရက်က တွေ့ရှိမှတ်တမ်းတင်ခဲ့ပြီး အဆိုပါ မျောက်မျိုးစိတ်မှာ ကမ္ဘာတွင် ထိုင်း၊ မလေးရှားနှင့် မြန်မာနိုင်ငံတွင်သာ တွေ့ရှိနိုင်သော ရှားပါးမျိုးနွယ်ဝင်ဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ် ၃၀ ခန့်အတွင်းမှာပင် အကောင်အရေအတွက် ရာခိုင်နှုန်း ၃၀ လျော့နည်းခဲ့ပြီဖြစ်ကြောင်း ငှက်နှင့် ရှားပါးသတ္တ၀ါများအား သုတေသနပြုလုပ်သူတစ်ဦးထံမှ သိရသည်။

“အလောင်းတော်ကဿပ ဒေသဘက်ကို ငှက်ကြည့်ဖို့ခရီးသွားရင်း တွေ့လာတာ။ ဒီလိုမျောက်မျိုးက အရမ်းရှားတယ်။ အခုတွေ့တဲ့မျောက်က ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ဒီဒေသတွေမှာ သားပေါက်ပြီး မျိုးပွားနေမှာ သေချာပါတယ်။ ဒေသခံတွေအနေနဲ့ ထိန်းသိမ်းနိုင်ရင်တော့ ကောင်းတာပေါ့။ ဒီဒေသတွေမှာက ကမ္ဘာလှည့်ခရီးသွားတွေ အ၀င်အထွက်ရှိတော့ စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ လာရောက်လေ့လာ မှတ်တမ်းတင်နိုင်တယ်” ဟု မြန်မာနိုင်ငံငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းမှ ဦးဇေမောင်သိန်းက ပြောကြားသည်။

အဆိုပါမျောက်မျက်ကွင်းဖြူများသည် တောထဲတွင် သဘာဝအတိုင်း နေထိုင်ကျက်စားတတ်လေ့ရှိပြီး သက်တမ်းနှစ် ၃၀ အထိ နေနိုင်ကြောင်း၊ ပန်းပွင့်၊ သစ်သီး၊ အရွက်၊ သစ်စေ့များကို စားသောက်လေ့ရှိကြောင်း၊ စိုက်ပျိုးရေးအတွက် သစ်ပင်ခုတ်လှဲခြင်း၊ မြေယာချဲ့ထွင်ခြင်းနှင့် အစားအစာအတွက် အမဲလိုက်ခံရခြင်းများကြောင့် ရှားပါးမျိုးနွယ် စာရင်းဝင်အဖြစ် မှတ်တမ်းထားရှိကြောင်း သိရသည်။

ယခုတွေ့ရှိရသော မျောက်မျက်ကွင်းဖြူသည် အရပ်အမြင့် နှစ်ပေကျော်နှင့် အလေးချိန် လေးပိဿာခန့်ရှိပြီး မျက်လုံးနှင့်ပါးစပ်တွင် အဖြူကွက်ပါရှိကာ မီးခိုးရောင်အဆင်းရှိကြောင်း၊ မုံရွာ-ကလေးဝယာကြီး ကားလမ်းဘေး ၀ဲယာတောစပ်များတွင်လည်း မကြာခဏတွေ့ရှိတတ်ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...