Sunday, January 26, 2014

ကြယ်ပွင့်အဆင့်ရှိ ဟိုတယ် ၉၂၃ လုံးရှိနေပြီး မိုတယ်နှင့် Guest House အလုံးပေါင်း ၃၀၀ ကျော်ကို ၂၀၁၃ နှစ်ကုန်ပိုင်းအထိ ခွင့်ပြုထား


အောင်ရဲကို

ကရင်ပြည်နယ်ရှိ ဇွဲကပင် ဟိုတယ်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)


ကြယ်ပွင့်အဆင့်သတ်မှတ်ချက်ပြည့်မီသည့် ဟိုတယ် ၉၂၃ လုံးရှိနေပြီး မိုတယ်နှင့် Guest House အလုံးပေါင်း ၃၀၀ ကျော်ကို ၂၀၁၃ နှစ်ကုန်ပိုင်းအထိ ခွင့်ပြုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ ခွင့်ပြုပေးထားသော ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ခြောက်လုံး၊ ကြယ်လေးပွင့်အဆင့်ရှိ ၁၇ လုံး၊ ကြယ်သုံးပွင့်အဆင့်ရှိ ၈၃ လုံး၊ ကြယ်နှစ်ပွင့်အဆင့်ရှိ ၁၁၆ လုံးနှင့် ကြယ်တစ်ပွင့်အဆင့်ရှိ ဟိုတယ် ၁၀၂ လုံးအထိ ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရှိ မြို့နယ် ၅၂ ခုတွင်လည်း ဟိုတယ်၊ မိုတယ်နှင့် Guest House အလုံးပေါင်း ၉၂၃ လုံးကိုလည်း ခွင့်ပြုပေးထားပြီး ရန်ကုန်မြို့တွင် အလုံးရေ ၂၃၂ လုံးအထိရှိကာ အခန်းပေါင်း ၁၀၀၀၀ ကျော်ဖြင့် အများဆုံးရှိကြောင်း ဆက်လက်ထုတ်ပြန်ထားသည်။

ကြယ်ပွင့်အဆင့်ရှိ ဟိုတယ်အများစုကို ပြည်ပနိုင်ငံအများစုမှ ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံသားအများစုမှာ ဟိုတယ်အဆင့်နှင့် မိုတယ်၊ Guest House များကိုသာ အများဆုံးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း ဟိုတယ်ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့်အထိရှိခဲ့ကာ စင်ကာပူ၊ ထိုင်းတို့မှ ဆက်တိုက်ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်နေသကဲ့သို့ ခရီးသွားဖွံ့ဖြိုးမှုနှင့် ဟိုတယ်ကဏ္ဍတို့၌ ထင်ရှားသည့် ယူအေအီးနိုင်ငံမှလည်း မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ပါဝင်ခဲ့သည်။

ယခင်နှစ် နှစ်ကုန်ပိုင်းအထိ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံထားမှုတွင် အမေရိကန်ဒေါ်လာ ၈၈၀ ဒသမ ၄၆၆ သန်းအထိ စင်ကာပူမှ ၀င်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံမှလည်း အမေရိကန်ဒေါ်လာ သန်း ၂၅၀ နီးပါးထိရှိကာ ယူအေအီးမှ အမေရိကန်ဒေါ်လာ လေးသန်း မြှုပ်နှံခွင့်ရရှိထားကြောင်း သိရသည်။

ဗြိတိန်၊ ဂျပန်၊ မလေးရှား၊ ဟောင်ကောင်၊ ဗီယက်နမ်တို့မှလည်း စုစုပေါင်း သန်း ၈၀၀ ကျော် ခန့်ရင်းနှီးမြှုပ်နှံခွင့် ရရှိထားပြီးဖြစ်ကြောင်း၊ လက်ရှိတွင် ဥရောပနိုင်ငံများအပါအ၀င် ထိုင်း၊ စင်ကာပူတို့မှ မြန်မာနိုင်ငံ၏ ကျွန်းစုဒေသများနှင့် ခရီးသွားများအများစု လည်ပတ်နေသော ရန်ကုန်မြို့အတွင်း ဟိုတယ်များ တည်ဆောက်ရန် လာရောက်လေ့လာနေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ပြည်ပနိုင်ငံများအနေဖြင့် ဟိုတယ်ကဏ္ဍတွင်သာမကဘဲ တိုးတက်နေသော မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍတွင်လည်း ပြည်တွင်းလုပ်ငန်းရှင်များနှင့်ပူပေါင်းကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်အတွင်း ခရီးသွားကဏ္ဍမှရရှိသော ၀င်ငွေမှာ နိုင်ငံ၏ ခရီးသွားဖွံ့ဖြိုးသော ယခင်လေးနှစ်အတွင်း စံချိန်တင်ဝင်ငွေအဖြစ် တစ်ဘီလျံနီးပါး (၉၂၆) သန်းအထိ ရရှိခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...