Thursday, January 2, 2014

ဒေသန္တရအဆင့် ပညာရေး မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် မူဝါဒမူကြမ်းများ ဆွေးနွေး

January 2, 2014


ရန်ကုန်တိုင်းဒေသကြီး လက်တွေ့ကျသော ပညာရေးမြှင့်တင်မှု လုပ်ငန်းများ အကောင်အထည် ဖော်ရေးဆိုင်ရာ ဒေသ န္တရအဆင့် အလုပ်ရုံဆွေးနွေးပွဲမြင်ကွင်း။


ရန်ကုန်တိုင်းဒေသကြီး လက်တွေ့ကျသော ပညာရေးမြှင့်တင်မှု လုပ်ငန်းများ အကောင်အထည် ဖော်ရေးဆိုင်ရာ ဒေသန္တရအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ၌ ပညာရေး မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ရည်မှန်းချက်၊ မျှော်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များကို ခြုံငုံ၍ အခြေခံပညာရေးဆိုင်ရာ မူဝါဒမူကြမ်း၊ အဆင့်မြင့် ပညာရေးဆိုင်ရာ မူဝါဒမူကြမ်း၊ စက်မှုသက်မွေး ပညာရပ် လေ့ကျင့်ရေးဆိုင်ရာ မူဝါဒမူကြမ်းနှင့် ဥပဒေပြုစုရေးဆိုင်ရာ တင်ပြချက် မူကြမ်းဟူ၍ အပိုင်းလေးပိုင်း ခွဲခြားဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို လက်တွေ့ကျသော ပညားရေး မြှင့်တင်မှုလုပ်ငန်းများ အကောင်အထည်ဖော်ရေး ကော်မတီ၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့၊ တက္ကသိုလ်စိန်ရတု ခန်းမ၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ မူကြိုပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ဘုန်းတော်ကြီးသင် ပညာရေးနှင့် ပညာရေးလုပ်ငန်းများ ဆောင်ရွက်သည့် ဘာသာရေး အဖွဲ့အစည်းများဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အခြေခံပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ဆရာအတတ် ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ကလေးဗဟိုပြု ချဉ်းကပ်သင်ယူနည်းဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ကျောင်းပြင်ပနှင့် လူတိုင်းအကျုံးဝင် ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ဥပဒေပြုစုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ စီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး လုပ်ငန်းအဖွဲ့၊ ၀န်ထမ်းစွမ်းရည် မြှင့်တင်ရေးနှင့် စွမ်းဆောင်ရည် အကဲဖြတ်ရေး လုပ်ငန်းအဖွဲ့၊ လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့၊ ပညာရပ်ဆိုင်ရာ ရုပ်ပတ်ဝန်းကျင်ကောင်းများ ကြီးကြပ်ဖြည့်ဆည်းရေး လုပ်ငန်းအဖွဲ့၊ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာဆိုင်ရာ လုပ်ငန်းအဖွဲ့(အဆင့်မြင့်)၊ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာဆိုင်ရာ လုပ်ငန်းအဖွဲ့(အခြေခံ)၊ အဆင့်မြင့်ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အသက်မွေးဝမ်းကျောင်း ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ သတင်းအတတ် နည်းပညာနှင့် ဆက်သွယ်ရေး ပညာဆိုင်ရာ လုပ်ငန်းအဖွဲ့တို့မှ လေ့လာဆွေးနွေးခဲ့သည့် ရလဒ်များအပေါ် ထပ်မံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

“ဒေသန္တရအဆင့် ပြည်သူတစ်ရပ်လုံး ကိုယ်စားပြု အဖွဲ့တွေက ဆွေးနွေးညှိနှိုင်းချက် ရရှိချက် မူကြမ်းတွေကို ပြည်သူတစ်ရပ်လုံး ကိုယ်စားပြု ကိုယ်စားလှယ်တွေနဲ့ အမျိုးသားအဆင့် ညှိနှိုင်းဆွေးနွေးပွဲတွေကို ထပ်မံကျင်းပ ဆောင်ရွက်သွားဦးမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ၀င်ရောက်မဆွေးနွေး ဖြစ်ခဲ့ရင်လည်း သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့တွေကို စာနဲ့ပေးပို့ ဆွေးနွေးအကြံပြု နိုင်ပါတယ်” ဟု ပညာရေး ၀န်ကြီးဌာန၊ ခေတ္တ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်က ဆိုသည်။

ဆွေးနွေးပွဲသို့ ပြည်သူ့ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များ၊ ပါတီအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပညာရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ပညာရေး စိတ်ပါဝင်စားသူများအား ဖိတ်ကြားခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...