Thursday, January 23, 2014

တရုတ်ခေါင်းဆောင်များ၏ ဆွေမျိုးများ ပိုင်ဆိုင်မှုကို ဖုံးကွယ်ရန် ပြည်ပကုမ္ပဏီများ၌ ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း အစီရင်ခံစာတစ်ရပ်၌ ဖော်ပြ




ဇန်န၀ါရီ ၁၇ ရက်တွင် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ တရုတ်သမ္မတ ရှီကျင်ပင်း (ယာ) နှင့် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး ရှိတ်ဆာဘာခါလစ်အယ်ဟာမက်အယ်ဆာဘာတို့ တွေ့ဆုံဆွေးနွေးနေစဉ် (photo AFP)


တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ၀န်ကြီးချုပ်ဟောင်း ၀မ်ကျားပေါင်တို့အပါအ၀င် တရုတ်ထိပ်တန်းခေါင်းဆောင်များ၏ ဆွေမျိုးများသည် ပိုင်ဆိုင်မှုများကို ဖုံးကွယ်ရန်နှင့် အခွန်ရှောင်လွှဲနိုင်ရန်အတွက် ပြည်ပ၌ ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း ဇန်န၀ါရီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သော စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

ရှီ၏ ယောက်ဖ၊ ၀မ်၏ သားနှင့်သမက် တို့သည် ပြည်ပ၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့သည့် စာရင်း၌ ပါဝင်ကြောင်း ပေါက်ကြားခဲ့သော မှတ်တမ်း ၂ ဒသမ ၅ သန်းကို ကိုးကားပြီး International Consortium of Investigative Journalists (ICIJ) က ဖော်ပြခဲ့သည်။ ယင်းမှာ တရုတ်ကွန်မြူနစ် ပါတီခေါင်းဆောင်များက ပိတ်ပင်ထားသည့် ထိပ်တန်းအကြောင်းရင်းဖြစ်သော ထိပ်တန်းခေါင်းဆောင်များ၏ မိသားစုဝင်များကြွယ်ဝမှုကို ဖုံးကွယ်ထားမှုအား လှစ်ဟသည့် နောက် ဆုံးကြိုးပမ်းမှုတစ်ခုဖြစ်လာသည်။ဝန်ကြီးချုပ်ဟောင်းဝမ်က ၎င်း၏ ဆယ်စုနှစ်တစ်ခုကြာ ရာထူးထမ်းဆောင်မှုတစ်ခုအတွင်း မိသားစုဝင်များ၏ ချမ်းသာကြွယ်ဝမှု တိုးပွားမှုမှာ အမှားအယွင်းမရှိဘဲ အပြစ်ကင်းကြောင်း ယခင်က ပြောကြားထားမှုကို ဖော်ပြရေးသားခဲ့သော ဟောင်ကောင်မှ ဆောင်းပါးရှင်တစ်ဦးထံသို့ ၀မ်က စာတစ်စောင်ရေးသားခဲ့ကြောင်း သတင်းထွက်ခဲ့ပြီး ရက်ပိုင်းအတွင်း ယခုအစီရင်ခံစာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

သမ္မတ ဟူကျင်တောင်၊ ၀န်ကြီးချုပ်ဟောင်း လီဖင်း၊ ၁၉၈၀ ပြည့်နှစ်တွင် တရုတ်ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ခဲ့သော တရုတ်ခေါင်းဆောင်ဟောင်း တိန့်ရှောင်ဖိန်တို့၏ ဆွေမျိုးများအပါအ၀င် ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးမှ လူ ၂၂၀၀၀ နီးပါး၏ ပြည်ပ၌ ရင်းနှီးမြှုပ်နှံမှုစာရင်းများကို ICIJ က ကိုးကားခဲ့ခြင်းဖြစ်သည်။ ယင်းစာရင်းတွင်ပါဝင်သော တရုတ်ပြည်မကြီးမှ ရာခိုင်နှုန်း ၉၀ သည် UBS နှင့် PricewaterhouseCoopers စသော အနောက်ကုမ္ပဏီများ၏ အကူအညီဖြင့် ဗြိတိန်ဗာဂျင်းအိုင်လန်းတွင် ရင်းနှီးမြှုပ်နှံကြကြောင်း၊ ခုနစ် ရာခိုင်နှုန်းက ဆာမိုအာတွင်လည်းကောင်း၊ သုံးရာခိုင်နှုန်းက အခြားနေရာတွင်လည်းကောင်း ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း သိရသည်။

ယင်းကဲ့သို့ ပြည်ပရှိ လုပ်ငန်းများနှင့် ကုမ္ပဏီများသည် တရားမ၀င် မဟုတ်သည်မှာ မဖြစ်နိုင်သော်လည်း ၎င်းတို့သည် ကိုယ်ကျိုးစီးပွားပဋိပက္ခနှင့် အစိုးရသြဇာအာဏာ လိုသလိုပြောင်းလဲကျင့်သုံးမှုတို့နှင့် အမြဲတမ်း ချိတ်ဆက်နေသည်ဟု ကယ်လီဖိုးနီးယားရှိ Claremont McKenna College မှနိုင်ငံရေးသိပ္ပံ ပါမောက္ခ မင်ဆင်ဖေးက ပြောကြားခဲ့သည်။ ICIJ သည် ဗြိတိန်ရှိ ဂါးဒီးယန်း သတင်းစာ၊ ပြင်သစ်ရှိ လမွန်း သတင်းစာ အပါအ၀င် ကမ္ဘာတစ်ဝန်းတွင် မိတ်ဖက်အဖွဲ့ အစည်း ၅၀ ကျော် နှင့် လက်တွဲလုပ်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။

Ref: AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...