Thursday, January 23, 2014

၂၀၁၃ ခုနှစ်သည် ကမ္ဘာ့အပူနွေးဆုံးနှစ်များအနက် တစ်နှစ်ဖြစ်ခဲ့သည်ဟု နာဆာမှ ထုတ်ပြန်





ပြီးခဲ့သောသုံးနှစ်အတွင်း မိုးမရွာသလောက် နည်းပါးပြီး အဆိုးရွားဆုံး မိုးခေါင်မှုကြုံခဲ့ရသော ဘရာဇီးနိုင်ငံ စီယာရာပြည်နယ် ကွေဆာဒါမြို့ကို ဇန်န၀ါရီ ၂ ရက်က တွေ့ ရစဉ်


၂၀၁၃ ခုနှစ်သည် ၁၈၈၀ ပြည့်နှစ်လွန် နောက်ပိုင်း မှတ်တမ်းတင်ထားခဲ့သော အပူနွေးဆုံးနှစ်များအနက် တစ်နှစ်အပါအ၀င်ဖြစ်ကြောင်း ဇန်န၀ါရီ ၂၁ ရက်တွင် အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်အရသိရပြီး ယင်းမှာ ကမ္ဘာကြီးပိုမိုပူနွေးလာကြောင်း သိသာထင်ရှားစေသည်ဟု သိရသည်။

လူတို့ကြောင့်ဖြစ်သော ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရေနံ၊ ကျောက်မီးသွေး စသည့် ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းခြင်းကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ပိုမိုမြင့်တက်လာပြီး ကာလရှည် အပူချိန်မြင့်တက်မှုကို ဦးတည်စေခဲ့သည်ဟု အမေရိကန်အာကာသအေဂျင်စီ (NASA) က ထုတ်ပြန်ခဲ့သည်။ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုသည် ၁၈၈၀ ပြည့်နှစ်တွင် 285 parts per million ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် 400 parts per million အထိ မြင့်တက်လာခဲ့ကြောင်း NASA က ထုတ်ပြန်ခဲ့ပြီး ယင်းသည် နှစ်ပေါင်း ၈၀၀၀၀၀ အတွင်း အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း သိရသည်။

အကယ်၍ အပူချိန်သည် ယခုအတိုင်း မပြောင်းလဲပါက လာမည့် ၁၀ စုနှစ်များသည် ပြီးခဲ့သော ၁၀ စုနှစ်ထက် ပိုမိုပူနွေးလာမည်ဟု NASA မှ ရာသီဥတုဗေဒပညာရှင် ဂါဗင်ရှမက်က ပြောကြားခဲ့သည်။ ပြီးခဲ့သည် ၁၀ စုနှစ်များအတွင်း ပူနွေးမှုများသည် ပုံမှန် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

NASA နှင့် National Oceanic and Atmospheric Administration (NOAA) တို့က ကမ္ဘာ့ရာသီဥတုဆိုင်ရာ အချက်အလက်များကို သီးခြားစီ လေ့လာပြုစုကာ နှစ်စဉ်ထုတ်ပြန်လေ့ရှိပြီး ကမ္ဘာကြီးအပူချိန်သည် မြင့်တက်နေကြောင်း တူညီစွာ လေ့လာတွေ့ရှိခဲ့ကြသည်။

၂၀၁၃ ခုနှစ်က မြေပြင်နှင့် သမုဒ္ဒရာမျက်နှာပြင်တို့၏ ပျမ်းမျှအပူချိန်သည် ၂၀ ရာစု ပျမ်းမျှအပူချိန်ဖြစ်သည့် ၅၇ ဒီဂရီ ဖာရင်ဟိုက်(၁၃ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်စ်) ထက် ၁ ဒသမ ၁၂ ဒီဂရီဖာရင်ဟိုက် (၀ ဒသမ ၆၂ ဒီဂရီဆဲလ်စီးယပ်စ်) ပိုမိုများပြားကြောင်း NOAA က ထုတ်ပြန် ခဲ့သည်။

၂၀၀၃ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့သည် ၁၈၈၀ ပြည့်နှစ်လွန် နောက်ပိုင်း စတုတ္ထ မြောက် အပူနွေးဆုံးနှစ်များဖြစ်ကြသည်ဟု NOAA က ထုတ်ပြန်ခဲ့ပြီး NASA ကမူ ၂၀၁၃ ခုနှစ်သည် သတ္တမမြောက် အပူဆုံးနှစ်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

တစ်နှစ်နှင့်တစ်နှစ် အပူချိန်အမှန်တကယ် ကွာခြားချက်မှာ အလွန်အမင်းနည်းပါးသဖြင့် ခြုံငုံသတ်မှတ်ချက်တွင် ပူနွေးသောကမ္ဘာကြီး ဖြစ်လာနေခြင်းမှာမူ ရှင်းလင်းနေသည်ဟု ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့သည်။ ၂၀၁၃ ခုနှစ်သည် ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှအပူချိန်ထက် မြင့်မားသော ၃၇ နှစ်ဆက်တိုက်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။ ၂၁ ရာစုအတွင်း ပါဝင်သော ၁၃ နှစ်မှာ မှတ်တမ်းတင်ထားခဲ့သော အပူဆုံးနှစ်များတွင် ပါဝင်ခဲ့ပြီး ၁၉၉၈ ခုနှစ်၊ ၂၀၀၅ ခုနှစ်နှင့် ၂၀၁၀ ပြည့် နှစ်တို့မှာ အပူနွေးဆုံးနှစ်များဖြစ်သည်ဟု NOAA က ထုတ်ပြန်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် အယ်လ်နီညို ပြန်ဖြစ်နိုင်သဖြင့် ၂၀၁၃ ခုနှစ်ထက် ပိုမိုပူနွေးသောနှစ်ဖြစ်လာနိုင်ကြောင်း လေ့လာသူများက ခန့်မှန်းခဲ့သည်။

Ref: AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...