Thursday, January 23, 2014

ခရီးသည်ကို သံပိုက်ဖြင့် ရိုက်သော ယာဉ်နောက်လိုက်နှင့် ယာဉ်မောင်းကို အလုပ်ထုတ်ပယ်



ဒဂုံမြို့သစ် (မြောက်ပိုင်း) မှ ရန်ကုန်မြို့တော်သို့ တစ်ပတ်ပတ်ကာ ဒဂုံမြို့သစ်(မြောက်ပိုင်း) ဂိတ်ရင်းသို့ ပြေးဆွဲနေသော ပါရမီယာဉ် (၁၇၄) ခရီးသည် တင်ယာဉ် တစ်စီးပေါ်တွင် စီးနင်းလိုက်ပါ လာသူကို ယာဉ်နောက်လိုက်က တွန်းချရာမှ စကားများခဲ့ပြီး ခရီးသည်တစ်ဦးကို သံပိုက်ဖြင့် ရိုက်ခဲ့မှုကြောင့် အဆိုပါ ယာဉ်နောက်လိုက်နှစ်ဦးနှင့် ယာဉ်မောင်းတို့ကို အလုပ်မှ ထုတ်ပယ် ခဲ့ကြောင်း ပါရမီယာဉ် လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇန်နဝါရီလ ၁၅ ရက် ည ၇ နာရီခန့်က တာမွေဗလီရှေ့ ကားမှတ်တိုင်မှ ပါရမီယာဉ်လိုင်း (၁၇၄) ခရီးသည်တင် ယာဉ်လိုင်းဖြင့် စီးနင်းလိုက်ပါလာသူ ကိုအောင်မြသွင်သည် ဗဟန်းမြို့နယ် အုတ်လမ်း ကားမှတ်တိုင်တွင် တွန်းချခံခဲ့ရာမှ နှစ်ဖက်စကားများခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အပါအဝင် လေးဦးက ခါးပိုက်နှိုက်၊ သူခိုးဟု အော်ကာ ကားဘီးဖြုတ်ရာတွင် အသုံးပြု သော သံပိုက်ဖြင့် ရိုက်နှက်ခဲ့သောကြောင့် ဘယ်လက်ဖျံရိုး ကျိုးကာ ဦးခေါင်းကွဲပြီး ခန္ဓာကိုယ်တွင် နာကျင်ဒဏ်ရာများ ရရှိခဲ့ ကြောင်း အရိုက်နှက်ခံရသူ ကိုအောင်မြသွင် က ပြောကြားခဲ့သည်။

"မှတ်တိုင်အတင်အချ လုပ်ရင်းနဲ့ စကားများခဲ့ရာက စပယ်ယာကို သူက လက်သီးနဲ့ စထိုးတာ။ မျက်နှာကို သုံးချက်ဆင့် ထိုးခံခဲ့ရတာကြောင့် စပယ်ယာရဲ့ နှာနု ရိုးကျိုးသွားခဲ့ပြီး သွားတွေပါ နဲ့ကုန်တာ။ ကိုယ့်လူ အထိုးခံနေရတော့ ကျန်တဲ့သူတွေ ကလည်း လူငယ်စိတ်ကြောင့် မခံနိုင်ဖြစ်ပြီး ရန်ဖြစ်ခဲ့တာပါ" ဟု ပါရမီယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားခဲ့မှုကြောင့် ဒဏ်ရာများ ရရှိခဲ့သော ကိုအောင်မြသွင်ကို ပါရမီယာဉ်လိုင်းမှ တာဝန်ရှိသူများက ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု စရိတ်ကို တာဝန်ယူ ဆောင်ရွက်ပေးကာ ယာဉ်လိုင်းမှ တာဝန်ရှိသူများက လူနာစောင့် အဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း ၄င်းက ရှင်းပြသည်။

အဆိုပါ ခရီးသည်ကို ရိုက်နှက်မှုကြောင့် အဆိုပါ ခရီးသည်ယာဉ်လိုင်းမှာ ယာဉ်နောက်လိုက်နှင့် ယာဉ်မောင်း အပါအဝင် နှစ်ဦးကို အလုပ် ထုတ်ပယ်ခဲ့ကြောင်း၊ ပါရမီ ယာဉ်လိုင်းတွင် တာဝန် ထမ်းဆောင်နေသော ယာဉ်နောက်လိုက်၊ ယာဉ်မောင်းတို့က ခရီးသည်နှင့် အဆင် မပြေပါဘဲ ပြဿနာ ဖြစ်ပွားပါက ယာဉ်လိုင်း တာဝန်ရှိသူများက အရေးယူမှုများ ရှိကြောင်း ပါရမီယာဉ်လိုင်း ထံမှ သိရှိရသည်။

"လူနာရှင်ဘက်က ဝိတိုရိယဆေးရုံမှာ ကုသချင်တယ် ပြောလို့ ဆောင်ရွက်ပေးခဲ့ ပေမယ့် ဒီကိစ္စက ရဲမှုခင်းနဲ့ ပတ်သက်နေတာ ကြောင့် ရန်ကုန်ဆေးရုံကြီးက မလွှဲပေး ခဲ့ဘူး။ အမှုမဖွင့်အောင် လူနာရဲ့ နစ်နာကြေးကို ကူညီထောက်ပံ့ပေးဖို့ တိုင်ပင်ခဲ့ပေမယ့် သူ့အလုပ်က နိုင်ငံခြား သင်္ဘောသားအလုပ် ဖြစ်တာကြောင့် အလုပ်မဆင်းနိုင်ခင် ရက်ပိုင်း နစ်နာမယ့် လုပ်အားခကို ဒေါ်လာနဲ့ တွက်ပြတော့ သိန်း ၁ဝဝ နားကပ်နေတာ။ ယာဉ်နောက်လိုက် တစ်ယောက်က ဒီငွေကို ဘယ်လိုလျော်နိုင်မှာလဲ။ ညှိနှိုင်းတုန်းပဲ ရှိသေးတယ်။ ဇန်နဝါရီလ ၁၆ ရက်နေ့ကျတော့ သူတို့ ( အရိုက်ခံရသူ) ဘက်က ရဲစခန်း မှာ အမှုဖွင့်ခဲ့တယ်" ဟု အဆိုပါ ပါရမီယာဉ် လိုင်းမှ တာဝန်ရှိအရာရှိတစ်ဦးက ပြောကြားသည်။

"ဒီမနက် ရေတာရှည်လမ်းသစ်က အုပ်ချုပ်ရေးမှူးရုံးမှာ ပါရမီယာဉ်လိုင်းက တာဝန်ရှိသူတွေနဲ့ ကိုအောင်မြသွင်ရဲ့ မိသားစုဝင်တွေ ဆွေးနွေးညှိနှိုင်းခဲ့ပြီး ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့တာကြောင့် နှစ်ဖက် အဆင်ပြေသွားခဲ့တယ်" ဟု ရေတာရှည်လမ်းသစ် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဖေထိုက်အောင်က ဆိုသည်။

ခိုက်ရန်ဖြစ်ပွားမှုကို နှစ်ဦးနှစ်ဖက် ပြေလည်မှု ရရှိခဲ့သော်လည်း ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားပြီး ဖြစ်သောကြောင့် သက်ဆိုင်ရာ တရားရုံးခွင်ရောက်ရှိမှသာ အမှုကို ပြန်လည်ရုပ်သိမ်းနိုင်မည် ဖြစ်ကြောင်း ဗဟန်းမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...