Thursday, January 23, 2014

ထိုင်းအစိုးရလိုလားသော ရှပ်နီ ခေါင်းဆောင်တစ်ဦး ပစ်ခတ်ခံရ






ရှပ်နီခေါင်းဆောင်တစ်ဦးဖြစ်သူ ကွာချီပရိုင်ပါနား


ထိုင်းနိုင်ငံတွင် အစိုးရဆန့်ကျင်ဆန္ဒပြသူများက အရေးပေါ်အခြေအနေ ပြဋ္ဌာန်းထားမှုကို ဥပေက္ခာပြုပြီး ဆက်လက်ဆန္ဒပြနေချိန်တွင် နိုင်ငံအရှေ့မြောက်ပိုင်း၌ ဇန်န၀ါရီ ၂၂ ရက်က အစိုးရလိုလားသော ရှပ်နီ လှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးသည် နေအိမ် အပြင်ဘက်တွင် ပစ်ခတ်လုပ်ကြံခံရပြီး ဒဏ်ရာရရှိခဲ့သည်။ သွေးထွက်သံယိုမှုများဖြင့် အဆုံးသတ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဘန် ကောက်ရှပ်နီလှုပ်ရှားမှုများတွင် နောက်ကွယ်မှ အဓိကခေါင်းဆောင်တစ်ဦးဖြစ်သော ရေဒီယို အစီအစဉ်မှူး ကွာချီပရိုင်ပါနားသည် အမည်မဖော်နိုင်သော အမျိုးသားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ဒူးနှင့်ပခုံးတို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း ရဲကပြောကြားခဲ့သည်။ ယင်း ပစ်ခတ်မှုအတွက် နိုင်ငံရေးက အဓိကစေ့ဆော်မှုဖြစ်ဖွယ်ရှိကြောင်း အူဒုံသာနီပြည်နယ် ရဲမှူးကြီးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ ၀န်ကြီးချုပ်ယင်လက် ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုနေသည့် ဆန္ဒပြမှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘန်ကောက်နှင့် အနီးဝန်းကျင်ပြည်နယ်များ၌ ထိုင်းအစိုးရက အရေးပေါ်အခြေအနေကြေညာခဲ့ပြီးနောက် ယင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရှပ်နီတို့သည် လွန်ခဲ့သည့် ခုနစ်နှစ်က ရာထူးမှ ဖြုတ်ချခံရသော ၀န်ကြီးချုပ်သက်ဆက်ရှင်နာဝပ်ကို သစ္စာရှိထောက်ခံသူများဖြစ်သည်။ လောလောဆယ်ဖြစ်ပွားနေသော ဆန္ဒပြမှုများတွင် ဘေးထွက်နေသော်လည်း ရှပ်နီခေါင်းဆောင်များက အစိုးရ ဖြုတ်ချခံရပါက ရှပ်နီများ ထပ်မံ ခေါင်းထောင်လာနိုင်ကြောင်း သတိပေးထားသည်။

ဇန်န၀ါရီ ၂၁ ရက်က အရေးပေါ်အခြေအနေ ပြဋ္ဌာန်းခဲ့မှုကြောင့် ဆန္ဒပြသူများအတွက် ဖိအားပိုမို မြင့်တက်လာခဲ့သော်လည်း အစိုးရတာဝန်ရှိသူများက ဆန္ဒပြသူများကို နှိမ်နင်းရန် အစီအစဉ်မရှိကြောင်း ပြောကြားထားသည်။



Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...