Sunday, February 2, 2014

အိန္ဒိယနိုင်ငံ ဘုံဘေစတော့ အိတ်ချိန်းဈေးကွက်တွင် ပါဝင်ဆောင်ရွက်နေသည့် Bank of India မှ မြန်မာနိုင်ငံတွင် ဘဏ်ကိုယ်စားလှယ်ရုံးခွဲ လာရောက်ဖွင့်လှစ်မည်


Bank of India ရုံးချုပ်အားတွေ့ရစဉ် (ဓာတ်ပုံ-sprealestate.in)

ချမ်းမြေ့သူ


အိန္ဒိယနိုင်ငံ ဘုံဘေစတော့အိတ်ချိန်း ဈေးကွက်တွင် ပါဝင်ဆောင်ရွက်နေသည့် Bank of India မှ မြန်မာနိုင်ငံတွင် ဘဏ်ကိုယ်စားလှယ်ရုံးခွဲ လာရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် One Stop Services စနစ်ဖြင့် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၂၉ ရက်တွင် ယာယီဖွဲ့စည်းမှတ်ပုံတင်ခွင့် ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

Bank of India ကို အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းတွင် ၁၉၀၆ ခုနှစ်တွင် စတင်တည်ထောင်ကာ ငွေကြေးနှင့်ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၉၂၁ ခုနှစ်တွင် ဘုံဘေစတော့ အိတ်ချိန်းဈေးကွက်သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ စင်ကာပူ၊ တရုတ်၊ ဥရောပနှင့် အာဖရိကနိုင်ငံများတွင် ဘဏ်ခွဲများဖွင့်လှစ်ကာ လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ၂၀၀၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံတွင် ဘဏ်ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဗြိတိန်နိုင်ငံအပါအ၀င် နိုင်ငံတကာမှ ဘဏ်ကိုယ်စားလှယ်ရုံးခွဲပေါင်း ၃၀ ကျော် လာရောက်ဖွင့်လှစ်ထားပြီးဖြစ်ပြီး ဆက်လက်၍ ထပ်မံဖွင့်လှစ်ရန် ပြင်ဆင်မှုများလည်း ရှိနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ပြည်တွင်းဘဏ်များနှင့် နိုင်ငံခြားဘဏ်များကြား ဖက်စပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံဘဏ်များ အသင်းဝင်ဘဏ်များမှ သဘောတူညီမှု ရရှိထားပြီးဖြစ်သော်လည်း နိုင်ငံခြားဘဏ်များမှ သီးသန့်လုပ်ကိုင်ခွင့်ကိုမူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထားခြင်း မရှိသေးကြောင်း သိရသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များမှ ဘဏ်ကိုယ်စားလှယ်ရုံးခွဲများ လာရောက်ဖွင့်လှစ်လျက်ရှိရာ ဒီဇင်ဘာ ၁၈ ရက်ကလည်း တောင်ကိုရီးယားအခြေစိုက် The Export-Import Bank of Korea မှ ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ရန် မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာမှ သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...