Sunday, February 2, 2014

ဆေးလိပ်သောက်သူများ ဗီတာမင် E ဆေးဝါးများ သတိပြု သုံးစွဲသင့်


ဆေးလိပ်သောက်သူများတွင် ဖြစ်ပေါ်လေ့ရှိသည့် အဆုတ်ကင်ဆာ အစပျိုးနေချိန်တွင် ဗီတာမင်(E) ဖြည့်တင်းပေးပါက ရောဂါပျံ့နှံ့ ဖြစ်တည်မှုကို အရှိန်မြှင့်ပေးလိုက်ကြောင်း သိရသည်


ပုံမှန် ဆေးလိပ်သောက်သူများတွင် ဗီတာမင်(E) ဆေးဝါးများ ဖြည့်တင်းသောက်သုံးခြင်းသည် ကင်ဆာဖြစ်နိုင်ခြေကို ပိုမို မြင့်တက်လာစေကြောင်း သုတေသီများက သတိပေးလိုက်သည်။ သာမန်အားဖြင့် ဗီတာမင် (A)၊ (C)နှင့် (E)တို့တွင် ဖျားနာမှု ပုံသဏ္ဍန် အမျိုးမျိုးကို ကာကွယ်ပေးနိုင်သည့် အစွမ်းသတ္တိ အသီးသီး ရှိကြပြီး ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးသည်ဟု ယုံကြည်ထားသည်။ သို့သော်လည်း ဆေးလိပ်သောက်သူများတွင် ဖြစ်ပေါ်လေ့ရှိသည့် အဆုတ်ကင်ဆာ အစပျိုးနေချိန်တွင် ဗီတာမင်(E) ဖြည့်တင်းပေးပါက ရောဂါပျံ့နှံ့ ဖြစ်တည်မှုကို အရှိန်မြှင့်ပေးလိုက်ကြောင်း သိရသည်။ ဆွီဒင်နိုင်ငံမှ သုတေသီများသည် ယင်းဖြစ်ရပ်ကို စတင်၍ သတိပြုမိခဲ့ပြီး အနုစိတ် စမ်းသပ်ချက်များ ပြုလုပ်ခဲ့ကြသည်။


ဂိုသင်ဘာ့ဂ် တက္ကသိုလ်မှ သုတေသီများက ကြွက်များကို အဆုတ်ကင်ဆာ အစောပိုင်းအဆင့် ရောဂါပိုးများ ဖြည့်တင်းပေးပြီးနောက် ဗီတာမင်(E)ကို ဖြည့်စွက်ပေးကာ သက်ရောက်မှုကို လေ့လာခဲ့သည်။ ထိုအခါ ဗီတာမင်(E)က အဆုတ်ကင်ဆာ ပျံ့ပွားနှုန်းကို သာမန်အခြေအနေထက် သိသိသာသာ တိုးပွား မြင့်တက်သွားစေကြောင်း တွေ့ရှိရသည်။ ထို့နောက် ယင်းစမ်းသပ်ချက်ကိုပင် လူသားဆဲလ်များတွင် ပြုလုပ်ကြည့်ပြီးနောက် မှန်ကန်ကြောင်း အတည်ပြုချက် ထပ်မံရယူနိုင်ခဲ့သည်။ဗီတာမင်(E)နှင့် အခြားသော Antioxidant ဓာတ်ပစ္စည်း အချို့တို့သည် ဆဲလ်အတွင်း မတည်ငြိမ်သော အခြေအနေ အချို့ကို ဖြစ်ပေါ်စေတတ်ပြီး တစ်သျှူးများကို ထိခိုက်ပျက်စီးစေသည့် သက်ရောက်မှုမျိုးလည်း ဖြစ်ပေါ်တတ်ကြောင်း ပညာရှင်များက ဆိုသည်။


အဆုတ်ကင်ဆာ ဖြစ်ပွားကာစ အခြေအနေများတွင် ဗီတာမင်(E)ကို ဖြည့်စွမ်းလိုက်ပါက ရောဂါအစပျိုးမှုကို တွန်းလှန်နေသည့် ကောင်းမွန်သော တစ်သျှူးများတွင် ထိခိုက်အားနည်းမှုများ ဖြစ်ပေါ်လာပြီး သဘာဝ ကိုယ်ခံစနစ်ကို ကျဆင်းသွားစေကြောင်း သိရသည်။ သုတေသီများက ယခုစစ်တမ်းသည် ဗီတာမင်(E)ကို ကျန်းမာရေးအတွက် အဆိုးဘက်မှ သက်ရောက်စေသည်ဟု စွပ်စွဲနေခြင်း မဟုတ်ဘဲ ဗီတာမင်(E) ဖြည့်တင်းသုံးစွဲရာတွင် သတိရှိရန်သာ အဓိက တိုက်တွန်းခြင်းဟု ပြောကြားခဲ့ကြသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...