Sunday, February 2, 2014

လင်းဇင်းကုန်းသုသာန်ဟောင်းအတွင်းရှိ ထိုင်းဘုရင့်အုတ်ဂူ တူးဖော်ရာမြေနေရာအား ယခုလဆန်းပိုင်းမှစတင်ကာ အမျိုးသားဥယျာဉ်စီမံကိန်းအဖြစ် စတင်လုပ်ဆောင်သွားမည်


ဌေးလှအောင်
လင်းဇင်းကုန်းသုသာန်အား ပြန်လည်တူးဖော်မှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်


အမရပူရမြို့နယ် ဆင်စွယ်ပွတ်တန်းရပ်၊ လင်းဇင်းကုန်းသုသာန်ဟောင်းအတွင်းရှိ ထိုင်းဘုရင့်အုတ်ဂူ တူးဖော်ရာမြေနေရာအား ယခုလဆန်းပိုင်းမှ စတင်ကာ အမျိုးသားဥယျာဉ်စီမံကိန်း (Historical park) အဖြစ် စတင်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ထိုင်းဘုရင့်အုတ်ဂူ တူးဖော်ရေးစီမံကိန်းအဖွဲ့ (မြန်မာ) မှ သိရသည်။

ထိုင်းဘုရင့်အုတ်ဂူ တူးဖော်ရေးစီမံကိန်းအား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး တူးဖော်မှုများပြုလုပ်ခဲ့ရာ ထိုင်းဘုရင်ဟောင်း ကျောက်ဘွားဒေါက်၏ အရိုးအိုးအား မှန်စီရွှေချသပိတ်နှင့်အတူ မတ် ၁၆ ရက်တွင် တွေ့ရှိခဲ့သည်။ ယင်းနှစ်အတွင်း၌ပင် ထိုင်းဘုရင်နှင့် သက်ဆိုင်သည့် အထောက်အထားများနှင့် ကျောင်းတော်ရာနေရာများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြသည်။

“ထိုင်းဘုရင့်အုတ်ဂူ တူးဖော်ရေးမြေနေရာကို အမျိုးသားဥယျာဉ်စီမံကိန်းလုပ်ငန်းလုပ်ဖို့အတွက် ဒီလဆန်းလောက်မှာပဲ စတင်သွားမှာပါ။ ကျွန်တော်တို့လုပ်ချင်တဲ့ Historical park စီမံကိန်းအတွက် မြေနေရာက အခုဝင်းခတ်ထားတာနဲ့ လုပ်ဆောင်သွားလို့ မရပါဘူး။ မြေဧကလိုအပ်ချက်က ငါးဧက ၀န်းကျင်လောက်မှ လုပ်ဆောင်ဖို့ အဆင်ပြေမှာပါ။အဲဒီလိုမြေဧကရရှိနိုင်ဖို့အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ စည်ပင်သာယာရေးဝန်ကြီးဆီကိုပါ တင်ပြထားပါတယ်” ဟု ထိုင်းဘုရင့်အုတ်ဂူ တူးဖော်ရေးအဖွဲ့ (မြန်မာ) မှ စီမံကိန်းတာဝန်ခံက ပြောဆိုခဲ့သည်။

လင်းဇင်းကုန်းသုသာန်အတွင်းရှိ ထိုင်းဘုရင့်အုတ်ဂူ တူးဖော်ရေးတွင် နိုင်ငံတကာအဆင့်မီ အမျိုးသားဥယျာဉ်စီမံကိန်းအဖြစ် ထိုင်းဘုရင်နှင့်သက်ဆိုင်သည့် သမိုင်းအထောက်အထားများ၊ ပြတိုက်များနှင့် ပန်းဥယျာဉ်ပုံစံများ၊ မျှော်စင်၊ ထိုင်းဘုန်းတော်ကြီးကျောင်းများ အစရှိသည့် အထိမ်းအမှတ် အဆောက်အအုံများ ထည့်သွင်းဆောက်လုပ်သွားမည် ဖြစ်ကြောင်း ထိုင်းဘုရင့်အုတ်ဂူ တူးဖော်ရေးစီမံကိန်း (မြန်မာ) ထံမှ သိရသည်။

အဆိုပါ လင်းဇင်းကုန်းသုသာန်မြေနေရာအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့ပြစီမံကိန်းနှင့် ပန်းဥယျာဉ်များ ပြုလုပ်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...