Sunday, February 2, 2014

စာဖတ်နေစဉ် စိတ်ခံစားချက်ကို လှုံ့ဆ်ာပေးနိုင်မည့် ကိရိယာ တီထွင်နေ


မက်ဆာချူးဆက် နည်းပညာဌာန၏ မီဒီယာ သုတေသန စမ်းသပ်ခန်းတွင် လူ့ခန္ဓာကိုယ်၌ တွယ်ဆက်ထားရသည့် စာဖတ်ပစ္စည်းတစ်ခုနှင့် ယင်း၏ လှုံ့ဆော်မှုကို တုံ့ပြန်မည့် စာအုပ်တို့ကို စမ်းသပ်နေပြီ ဖြစ်သည်


အမေရိကန် နိုင်ငံမှ သိပ္ပံပညာရှင်များသည် ရသစာပေများ ဖတ်ရှုချိန်၌ ခန္ဓာကိုယ်၏ တုံ့ပြန်ခံစားမှုကိုပါ လှုံ့ဆော်နိုင်မည့် စာအုပ်မျိုးကို ဖန်တီးတီထွင်နေကြောင်း သိရသည်။ မက်ဆာချူးဆက် နည်းပညာဌာန၏ မီဒီယာ သုတေသန စမ်းသပ်ခန်းတွင် လူ့ခန္ဓာကိုယ်၌ တွယ်ဆက်ထားရသည့် စာဖတ်ပစ္စည်းတစ်ခုနှင့် ယင်း၏ လှုံ့ဆော်မှုကို တုံ့ပြန်မည့် စာအုပ်တို့ကို စမ်းသပ်နေပြီ ဖြစ်သည်။ ထိုသို့ စမ်းသပ်ရာတွင် ဂျိမ်းစ်တစ်ပ်ထရီး ဂျုနီယာ ရေးသားသည့် The Girl Who Was Plugged In စာအုပ်ကို အသုံးပြုလျှက် ရှိသည်။ စာဖတ်သူအနေဖြင့် စာအုပ်ပါ အကြောင်းအရာများ၏ ဖမ်းစားမှုအတိုင်း လိုက်လံခံစားသည့်အခါ ရင်ဘတ်တွင် တွယ်ဆက်ထားသော ကိရိယာက တိကျသည့် တုံ့ပြန်မှုမျိုးဖြင့် အားဖြည့်ပေးမည် ဖြစ်သည်။





ဥပမာအားဖြင့် စာဖတ်သူ စိတ်ထဲတွင် စိတ်လှုပ်ရှားခြင်း၊ ရှက်ခြင်း၊ စိတ်စနိုးစနောင့်ဖြစ်ခြင်းတို့ ခံစားရပါက အပူပေး ကိရိယာ တစ်ခုက ခန္ဓာကိုယ် အပူချိန်ကို ပြောင်းလဲသွားအောင် လှုံ့ဆော်ပေးမည် ဖြစ်သည်။ ယင်းအသိမျိုးကို ဖမ်းယူသိရှိနိုင်ရန်အတွက် အာရုံခံ ကိရိယာများကို တပ်ဆင်ထားပြီး စာအုပ်တွင် ပါရှိသည့် LED မီးလုံးလေးများကလည်း စာဖတ်သူ၏ စိတ်ခံစားချက် တစ်ခုချင်းစီကို ကိုယ်စားပြုကာ အပြောင်းအလဲ ပုံစံအမျိုးမျိုးဖြင့် လင်းလက်နေမည် ဖြစ်သည်။ လတ်တလောတွင် အဆိုပါ တီထွင်မှု အားလုံးသည် စမ်းသပ်အဆင့် ပရောဂျက် အနေဖြင့်သာ ရှိနေဆဲဟု ဆိုသည်။





အကယ်၍ စာဖတ်သူက ကြောက်ရွံ့မှုမျိုး ခံစားရပါက ရင်ဘတ်တွင် စည်းထားသော ကိရိယာက လေအိတ်များကို ဖောင်းကားလာစေပြီး တင်းကျပ်သော ခံစားချက်မျိုး အလိုလို ရရှိလာမည် ဖြစ်သည်။ ဒီပရောဂျက်က စာဖတ်တဲ့ အာရုံခံစားမှုအတွက် အတွေးအမြင်သစ်တွေ ဖန်တီးမှု တစ်ခုပါပဲ။ စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်း တစ်ခုကို လိုက်စူးစမ်း ရှာဖွေနေရတာမျိုးထက်ကို ပိုတဲ့ အခြေအနေပါ"ဟု သုတေသီ တစ်ဦးဖြစ်သည့် ဖီးလစ်ဟိုင်းဘက်က ပြောကြားခဲ့သည်။ အဆိုပါ ကိရိယာကို တီထွင်နေသည့် ပညာရှင်များက အနုစိတ် ခံစားမှုများကို အသင့်တော်ဆုံး ရွေးချယ်တုံ့ပြန်နိုင်မည့် အာရုံခံ ထိတွေ့မှုမျိုး ဆက်လက်မြှင့်တင်ရန် ကြိုးပမ်းလျှက်ရှိကြောင်း မှတ်ချက်ပြုထားခဲ့ကြသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...