Friday, February 7, 2014

နေပြည်တော် ကောင်စီအတွက် လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းများ အပါအ၀င် လုပ်ငန်းခုနစ်ခု အတွက် လျာထားငွေ ကျပ် ၁၉၆ ဒသမ ၉၄၅ ဘီလျံအား ပြန်လည် သုံးသပ်သင့်ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီ အဆိုပြု


စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း
ပျဉ်းမနား-တောင်ညိုလမ်း နေပြည်တော်ကောင်စီရုံးရှေ့တွင် ကတ္တရာခင်းနေသည်ကို ဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ်


၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း နေပြည်တော်ကောင်စီတွင် ပြုလုပ်ရန် လျာထားသည့် လျှပ်စစ်ဓာတ်အား ပေးရေးနှင့် ဓာတ်အားလိုင်းများ တည်ဆောက်ခြင်း လုပ်ငန်းများ အပါအ၀င် လုပ်ငန်းခုနစ်ခုအတွက် လျာထားငွေ စုစုပေါင်း ကျပ် ၁၉၆ ဒသမ ၉၄၅ ဘီလျံ လျာထားငွေအား ပြန်လည်သုံးသပ်ရန် ပြည်သူ့ငွေစာရင်း ကော်မတီက ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အဆိုပြု တင်ပြခဲ့သည်။

ယင်းလျာထားချက် ငွေပမာဏသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် ၁၈ ဒသမ ၆၄၅ ဘီလျံပိုမို လျာထားသည်ကို တွေ့ရကြောင်း၊ ယခုလျာထားသည့်ငွေအား ပြန်လည်သုံးသပ်ပြီး တစ်နိုင်ငံလုံး ကျေးလက်ပြည်သူများ လိုအပ်လျက်ရှိသည့် ကျေးလက်လမ်းခင်းခြင်း၊ ကျေးလက်မီးလင်းရေးနှင့် ကျေးလက်ကျန်းမာရေး လုပ်ငန်းများတွင် ပြောင်းလဲသုံးစွဲ သင့်ကြောင်းလည်း အဆိုပြု တင်ပြခဲ့သည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် နေပြည်တော် ကောင်စီအတွက် လျာထားချက်ငွေများကို လမ်းနှင့် တံတားတည်ဆောက်ခြင်း လုပ်ငန်းများအတွက် ကျပ် ၁၀၈ ဒသမ ၀၅၇ ဘီလျံ၊ အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းများအတွက် ၂၁ ဒသမ ၉၇၁ ဘီလျံ၊ ရေရရှိရေး လုပ်ငန်းအတွက် ၃၆ ဒသမ ၄၂၈ ဘီလျံ၊ ဆည်တာတမံ တည်ဆောက်ခြင်း လုပ်ငန်းများအတွက် ၄ ဒသမ ၅၀၀ ဘီလျံ၊ လျှပ်စစ်ဓာတ်အား ပေးရေးနှင့် ဓာတ်အားလိုင်းများ တည်ဆောက်ခြင်း လုပ်ငန်းများ အတွက် ၁၄ ဒသမ ၈၉၈ ဘီလျံ၊ ဆက်သွယ်ရေး လုပ်ငန်းများအတွက် ၃၅၇ ဒသမ ၂၈၆ သန်း၊ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ၁၀ ဒသမ ၇၂၉ ဘီလျံ အသီးသီး သုံးစွဲသွားမည် ဖြစ်ကြောင်း သိရသည်။

နေပြည်တော် ကောင်စီအတွင်း လမ်းများဖောက်လုပ်ခြင်းအတွက် လျာထားငွေမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့တွင်းလမ်းများ ဖောက်လုပ်ခြင်း လုပ်ငန်းနှင့် နှိုင်းယှဉ်ပါက များစွာကွာခြားနေကြောင်း၊ လမ်းခင်းခြင်း လုပ်ငန်းများမှာ အမှန်တကယ် ဖောက်လုပ်သင့်သည့် လမ်းများကို စိစစ်ရွေးချယ်ပြီး ဘဏ္ဍာနှစ်အလိုက် ဦးစားပေး အဆင့်အလိုက် လျာထားဆောင်ရွက်သင့်ကြောင်း၊ အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းခေါင်းစဉ်အောက်ရှိ လုပ်ငန်းများအတွက် လျာထားငွေ ပမာဏမှာလည်း များစွာများပြားနေပြီး လောလောဆယ် ဆောင်ရွက်ရန် မလိုသေးသော လုပ်ငန်းများဖြစ်ကြောင်း၊ ဆည်တာတမံလုပ်ငန်းနှင့် ဆက်သွယ်ရေး လုပ်ငန်းများအတွက် လျာထားငွေမှာ သင့်လျော်ပါကြောင်း၊ ရေရရှိရေး လုပ်ငန်းများနှင့် လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းများအတွက် လျာထားချက် များကိုလည်း ပြန်လည်သုံးသပ် သင့်ပါကြောင်း၊ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ပြည်ထောင်စုလွှတ်တော်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကလည်း ကျပ် ၁၈ ဘီလျံကို ဖြတ်တောက်ခြင်း မပြုဘဲခွင့်ပြုပေးခဲ့ရာ ကျေးလက်နေပြည်သူများ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်မှု ရှိမရှိကို ပြန်လည်သုံးသပ် သင့်ကြောင်း၊ တစ်နိုင်ငံလုံးရှိ မြို့နယ်ကျေး လက်များ၏ လိုအပ်ချက်များကို မျှတစွာ စဉ်းစားပေးရမည် ဖြစ်သဖြင့် ယခုလျာထားငွေများကို ပြန်လည်သုံးသပ် သင့်ပါကြောင်း တင်ပြခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...