Friday, February 7, 2014

သရုပ်ဆောင်ရဲတိုက်၏အမှု ရှစ်လနီးပါး ကြာမြင့်သည်အထိ အပြီးသတ် အမိန့်ချမှတ်နိုင်ခြင်း မရှိသေးဘဲ ဖေဖော်ဝါရီ ၁၄ ရက်တွင် ရုံးချိန်း ထပ်မံခေါ်ဆို


ထင်ပေါ် (ပဲခူး)
သရုပ်ဆောင်ရဲတိုက်အား တရားရုံးမှ ပြန်လည်ခေါ်ဆောင် သွားသည်ကို ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်


သရုပ်ဆောင်ရဲတိုက်၏ အမှုမှာ စတင်ဖမ်းဆီးချိန်မှ ယခုအထိ ရှစ်လနီးပါး ကြာမြင့်လာသော်လည်း အပြီးသတ်အမိန့် ချမှတ်နိုင်ခြင်းမရှိသေးဘဲ ရုံးချိန်းခေါ်ဆိုနေသည့် အဆင့်သာရှိနေကြောင်း သိရသည်။

သရုပ်ဆောင်ရဲတိုက် (၃၀)နှစ် (ဘ) ဦးထွန်းညွန့်မော် (၁၃/တဂန(နိုင်)၂၁၄၀၉၄) အား ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင်၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက် နံနက် ၃ နာရီခန့်၌ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ကျောက်တံခါးမြို့မရဲစခန်းမှ ပ-၄/၂၀၁၃ မူးယစ်ဆေးဝါးသုံးစွဲရန် လက်ဝယ်ထားရှိသူ မူးယစ်ပုဒ်မ-၁၅/၁၆(ဂ) ဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် တရားရုံးမှရာကြီး ၉၃၉/၂၀၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအက်ဥပဒေပုဒ်မ ၁၅/၁၆(ဂ) ဖြင့် ဆက်လက် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်းအား ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ရုံးချိန်း ထပ်မံခေါ်ဆိုခဲ့သည်။သရုပ်ဆောင်ရဲတိုက်မှာ တောင်ငူမြို့ အကျဉ်းထောင်မှ ကျောက်တံခါးမြို့ မြို့မရဲစခန်းသို့ မွန်းတည့် ၁၂ နာရီ ခန့် ရောက်ရှိလာခဲ့သည်။ ထို့နောက် တရားရုံးသို့ ဆက်လက်ထွက်ခွာသွားခဲ့ရာ နေ့လယ် ၁ နာရီခန့်တွင် တရားရုံးသို့ ရောက်ရှိလာခဲ့ပြီး ၁၀ မိနစ်ခန့်အကြာတွင် ပြန်လည် ထွက်ခွာသွားသည်။

သရုပ်ဆောင်ရဲတိုက်အား ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ရုံးချိန်းထပ်မံ ခေါ်ဆိုထားကြောင်း သိရသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန်အတွက် ကျောက်တံခါးမြို့နယ် တရားသူကြီးအား တွေ့ခွင့်တောင်းသော်လည်း မရရှိခဲ့ပေ။ မြို့နယ်ဥပဒေအရာရှိ ဦးဝေယံမြင့်နှင့် တွေ့ခွင့်ရခဲ့သော်လည်း ရဲတိုက်အမှုနှင့် ပတ်သက်၍ မည်သို့မျှပြောဆိုနိုင်ခြင်း မရှိကြောင်းသာ ပြန်လည်ပြောကြားခဲ့ပြီး ၎င်း၏ အကျိုးဆောင်ရှေ့နေကလည်း အမှုအကြောင်းအရာနှင့် ပတ်သက်၍ ပြောကြားရန်ကိုမူ ငြင်းဆန်ခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...