Friday, February 7, 2014

အစိုးရ၏ မီဒီယာအပေါ် သဘောထားအပြင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ပြည့်စုံမှု မရှိသေးကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ အမှုဆောင်ဒါရိုက်တာ ပြောကြား


နေထွန်းနိုင်၊ ဇေယျာနန္ဒ
ဖေဖော်ဝါရီ ၆ ရက်က ကုန်သည်ကြီးများ ဟိုတယ်၌ ပြုလုပ်သော HRW သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ Kenneth Rot ရှင်းလင်းနေစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)


အစိုးရ၏ မီဒီယာအပေါ် သဘောထား များအပြင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များသည် ပြည့်စုံမှုမရှိသေးကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch- HRW) ၏ အမှုဆောင်ဒါရိုက်တာ Kenneth Rot က ဖေဖော်ဝါရီ ၆ ရက်က ပြောကြားသည်။

နိုင်ငံတကာ နယ်ပယ်အသီးသီးမှ အဆင့်မြင့်ပုဂ္ဂိုလ် ၇၅ ဦးခန့်ပါဝင်သော HRW ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကာ အစိုးရအရာရှိများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ အမျိုးသမီးအခွင့်အရေး လုပ်ဆောင်နေသူများနှင့် တွေ့ဆုံပြီးနောက် ဖေဖော်ဝါရီ ၆ ရက်က ကုန်သည်ကြီးများ ဟိုတယ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"အဓိကကတော့ လက်ရှိပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ပါပဲ။ ပြုပြင်ပြောင်းလဲမှုတွေ ရှိခဲ့ပေမယ့် ပြည့်စုံတဲ့ ပြုပြင်ပြောင်းလဲမှု မဟုတ်သေးပါဘူး။ ဒါတွေကို ဆက်လုပ်ဖို့ လိုနေပါတယ်" ဟု မစ္စတာ Kenneth Rot က ဆိုသည်။ ထို့ပြင် မီဒီယာနှင့် ပတ်သက်သော ပြုပြင်ပြောင်းလဲမှုများလည်း ပြည့်စုံမှု မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"မီဒီယာနဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုတွေဟာလည်း မပြည့်စုံသေးပါဘူး။ မီဒီယာအပေါ် ကန့်သတ်မှုတွေ၊ သတင်းလွတ်လပ်ခွင့်ကို ချုပ်ချယ်တာတွေ ရှိနေပါသေးတယ်။ မီဒီယာတွေ အနေနဲ့ အစိုးရဘက်က လက်မခံနိုင်တာတွေ ရေးသားမိရင် ဖမ်းဆီးတာတွေ ရှိနေနိုင်ပါသေးတယ်။ လွှတ်တော်မှာ ဆွေးနေတဲ့ မီဒီယာဥပဒေလိုမျိုး၊ အီလက်ထရွန်နစ် ဥပဒေလိုမျိုးဟာတွေနဲ့ မီဒီယာအပေါ် ဖိနှိပ်မှုတွေ ရှိနေပါသေးတယ်" ဟု မစ္စတာKenneth Rot က ပြောကြားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ယူနတီသတင်း ဂျာနယ်တွင် ဖော်ပြခဲ့သည့် သတင်းနှင့်ပတ်သက်၍ ဂျာနယ်လစ်ငါးဦးကို အရေးယူထားခြင်းအပေါ် ၎င်းအနေဖြင့် အသေးစိတ် မသိရှိသော်လည်း ဂျာနယ်လစ် များအနေဖြင့် ပြည်သူများ သိသင့်သိထိုက်သည်ကို ရေးသားဖော်ပြရာ၌ နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေဖြင့် အရေးယူခြင်းမျိုး မဖြစ်သင့်ကြောင်း မစ္စတာ Kenneth Rot က Kenneth Rot သို့ သီးခြားပြောကြားသည်။

"ဂျာနယ်လစ်တွေ အနေနဲ့ ပြည်သူတွေ သိသင့်တဲ့အကြောင်းအရာကို ရေးသားဖော်ပြတဲ့အတွက် နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ အရေးယူတာ၊ နိုင်ငံတော် သစ္စာဖောက်မှုအဖြစ် သတ်မှတ်တာမျိုးတွေ မဖြစ်သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ ကိုယ်လုပ်သင့်တာကို လုပ်နေကြတာပဲ။ ဒီလို မျိုးပြစ်မှုတွေ ပုဒ်မတွေဆိုတာ အစိုးရ၀န်ထမ်း တစ်ဦးကနေ လျှို့ဝှက်ချက်ကို ဖော်ထုတ်မှသာ ချမှတ်လေ့ရှိတဲ့ အရာတွေပါ။ ပြီးတော့ လျှို့ဝှက်ချက်ဆိုတာ များများစားစား မရှိသင့်ဘူး။ ဒါတွေက ဘယ်လိုဟာတွေလဲ ဆိုတာကိုလည်း သေချာ သတ်မှတ်ထားသင့်တယ်။ ကိုယ့်ရဲ့ ခံစားချက်တွေ၊ အမြင်တွေကို ဖော်ပြတဲ့ သူတွေအနေနဲ့ ရာဇ၀တ်ဥပဒေနဲ့ အရေးယူခံရတာမျိုး မဖြစ်သင့်ပါဘူး။ တရားမဥဒေနဲ့ပဲ အရေးယူသင့်ပါတယ်" ဟု မစ္စတာ Kenneth Rot က ဆိုသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ တိုးတက်မှု၊ ဆုတ်ယုတ်မှု အစရှိသည်တို့ကို တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး အကောင်းမြင်ကြောင်း မစ္စတာ Kenneth Rot က ပြောကြားသည်။

သို့သော် ရခိုင်ပြည်နယ် ပဋိပက္ခဆိုင်ရာနှင့် ဘင်္ဂါလီ အရေးကိစ္စကို ကျယ်ကျယ် ပြန့်ပြန်ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ် ပြဿနာများကို HRW က အနီးကပ် စောင့်ကြည့်နေကြောင်း မစ္စတာုKenneth Rot က ပြောကြားသည်။

"လက်ရှိမှာ ဘာကြောင့်ဖြစ်ခဲ့လဲ ဆိုတာထက် ဘယ်လိုဖြေရှင်းရမလဲက အရေးကြီးပါတယ်။ အားလုံးကို ကာကွယ်ပြီး hate-speech (အမုန်းပွားစကားပြောဆိုမှု) တွေကို ရပ်တန့်အောင် ကြိုးစားရပါမယ်" ဟု မစ္စတာ Kenneth Rot က ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ atespeech ပြောကြားမှု ပိုများနေပြီး ရန်ဆွပေးသည်များ ဖြစ်လာကြောင်း HRW အဖွဲ့ဝင်များက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သမ္မတ ဦးသိန်းစိန်က hatespeech ပြောကြားမှုများကို ဆန့်ကျင်ကြောင်း ပြောဆိုထားသော်လည်း ဆက်ဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။

သို့သော် hatespeech များကြောင့် ဖြစ် ပေါ်လာသော ရန်ဆွသည့် အပြုအမူများကို တားဆီးရန်အတွက် လူတစ်ဦးချင်းစီ၏ လွတ်လပ်စွာ ပြောဆိုခွင့်ကိုမူ ပိတ်ပင်ရန် မဖြစ်င်ကြောင်း အဖွဲ့ဝင်များက ဆိုသည်။

ထို့ပြင် ပြဿနာ ဖြစ်ပွားနေသော တိုင်းရင်းသားဒေသများသို့ မီဒီယာနှင့် လူ့အခွင့်အရေး လေ့လာသူများကို ၀င်ရောက်ခွင့် ပေးသင့်ကြောင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်းကိုလည်း ၎င်းတို့က ထောက်ပြသည်။

"အစိုးရအတွင်းမှာ နှစ်ပိုင်းကွဲနေတယ်။ ပြုပြင်ပြောင်းလဲရေး လိုလားသူ မလိုလားသူတွေ ဆိုပြီးတော့။ နောက်ပြီး သမ္မတက နိုင်ငံရေး အကျဉ်းသားတွေ မရှိအောင် လုပ်မယ်လို့ ကြေွးေကြာ်ထားတယ်။ နိုင်ငံရေး အကျဉ်းသားတွေ မရှိဖို့ဆိုရင် လက်ရှိ နိုင်ငံရေးပုဒ်မတွေကို ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်မှ ပျောက်နိုင်မယ်။ အခုချိန်အထိ ရာဇ၀တ်ဥပဒေကိုလည်း တိတိကျကျ မဖော်ဆောင်နိုင်သေးဘူး" ဟု HRW ၏ အမှုဆောင် ဒါရိုက်တာ Kenneth Rot က ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...