Sunday, February 9, 2014

ပျောက်ဆုံးနေသော ဗုဒ္ဓဓာတ်တော်ကြုပ် ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ ပြန်လည်တွေ့ရှိ





၂၀၁၃ ခုနှစ်အတွင်း ခိုးယူခံခဲ့ရသော ဗုဒ္ဓဘုရားရှင်၏ ဓာတ်တော်များ သီတင်းသုံးရာ ရွှေကြုပ်တော်ကို ရဲတပ်ဖွဲ့ဝင်များက ပြန်လည် ရှာ ဖွေတွေ့ရှိပြီ ဖြစ်ကြောင်း ကမ္ဘောဒီးယား အစိုးရ တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၇ ရက်တွင်ပြောကြားသည်။
ဖနောင်ပင်မြို့တော် မြို့ပြင်ကီလိုမီတာ ၄၀ ခန့်အကွာတွင် တည် ထားသော တောင်ပေါ်စေတီ တစ်ဆူ၌ သီတင်းသုံးသည့် အဆိုပါ ဗုဒ္ဓဓာတ်တော်ကြုပ် သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ လလယ်ပိုင်း တွင် ပျောက်ဆုံး ခဲ့ရသည်။
ခိုးယူခံခဲ့ရသည့် ဗုဒ္ဓဓာတ်တော်ကြုပ်ကို ကမ္ဘောဒီးယားတောင်ပိုင်း တာကီအိုပြည်နယ်ရှိ နေအိမ်တစ်အိမ်၌ ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၆ ရက်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး အိမ်ရှင်အမျိုးသား တစ်ဦးအား ဓာတ်တော်ကြုပ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်း ထားကြောင်း ကမ္ဘောဒီးယား အမျိုးသား ရဲတပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။
ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ၏ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပြယုဂ်တစ်ရပ်ဖြစ်သည့် ဗုဒ္ဓဓာတ်တော် ကြုပ်အခိုးခံရမှုကြောင့် ကမ္ဘောဒီးယား တစ်နိုင်ငံလုံး မကျေမနပ် ဖြစ်ခဲ့ကြပြီး ဓာတ်တော် ကြုပ် ပြန်လည်ရရှိရေး အတွက် အာဏာပိုင်များအား ဖိအားပေး တောင်းဆို ခဲ့ကြသည်။
အဆိုပါ ဓာတ်တော်ကြုပ်အတွင်း နတ်ရွာစံ ကမ္ဘောဒီးယားဘုရင် နိုရိုဒွန်သီဟာနု လက်ထက် ၁၉၅၇ ခုနှစ်တွင် ဗုဒ္ဓဘုရားရှင်ဖွားတော်မူ သည့်နှစ် ၂၅၀၀ ပြည့် အထိမ်းအမှတ်အဖြစ် သီရိလင်္ကာနိုင်ငံက ကမ္ဘောဒီးယားအစိုးရထံပေးအပ်ခဲ့သည့် ဗုဒ္ဓဓာတ်တော်များ စံပယ် သီတင်းသုံးကြောင်း သိရသည်။
စံတော်ချိန် နေ့စဉ်သတင်းစာ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...