Thursday, March 6, 2014

ရန်ကုန်မြို့တွင်း ညပိုင်းတွင် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားနေမှုကြောင့် အထူးယာဉ်စစ်ဆေးရေးအဖွဲ့က စည်းကမ်းပျက်ယာဉ် ၄၅၈ စီးကို ငါးရက်အတွင်း အရေးယူခဲ့



ပြည်လမ်း၊ ဟံသာဝတီကားမှတ်တိုင်အနီးတွင် ယာဉ်များစစ်ဆေးနေသော ရဲတပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ တတိယပတ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)


ရန်ကုန်မြို့အတွင်း ညဘက်ပိုင်းတွင် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားနေမှုကြောင့် အထူးယာဉ်စစ်ဆေးရေးအဖွဲ့က လှည့်လည်ပြီး စစ်ဆေးရာတွင် စည်းကမ်းပျက်ယာဉ် ၄၅၈ စီးကို ငါးရက်အတွင်း အရေးယူခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က မတ် ၄ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ယင်းသို့ အထူးယာဉ်စစ်ဆေးရေးအဖွဲ့အနေဖြင့် ညပိုင်းတွင်လှည့်လည်ပြီး စစ်ဆေးအရေးယူခဲ့ရာတွင် ယာဉ်အများစုမှာ မှတ်တိုင်မဟုတ်ဘဲ လူအတင်အချ ပြုလုပ်ခြင်း၊ မျဉ်းသေဖြတ်ခြင်း၊ မီးမစုံခြင်း၊ ကွေ့ကြော တည့်ဖြတ်ခြင်း၊ လမ်းပိတ်ရပ်ခြင်း၊ နံပါတ်မပါဘဲမောင်းနှင်ခြင်း၊ ယာဉ်မရပ်ရသည့်နေရာတွင် ရပ်နားခြင်း၊ သတ်မှတ်ထားသည့် လိုင်စင်နှင့် မမောင်းခြင်း၊ မ၀င်ရလမ်းတွင်မောင်းနှင်ခြင်း စသည့်စည်းကမ်းများကို အများဆုံး ဖောက်ဖျက်မောင်းနှင်နေကြောင်း သိရသည်။

"ရန်ကုန်မြို့အတွင်းမှာ ညပိုင်းအချိန်တွေမှာလည်း ယာဉ်ကြောပိတ်ဆို့မှုတွေ ရှိလာပါတယ်။ ဒါတွေကို လျော့ကျဖို့ ယာဉ်စစ်ဆေးရေးအဖွဲ့အနေနဲ့ လှည့်လည်ပြီးတော့ ရှင်းလင်းတယ်။ စည်းကမ်းဖောက်တဲ့ ယာဉ်တွေ၊ စည်းကမ်းပျက်တဲ့ ယာဉ်တွေကိုလည်း ဖမ်းဆီးအရေးယူနေပါတယ်။ လမ်းပိတ်ဆို့ခဲ့တဲ့နေရာ အများစုကတော့ ရွှေတိဂုံဘုရားအနီးတစ်ဝိုက်နဲ့ ပြည်လမ်း အင်းလျားကန်ပေါင် အနီးတစ်ဝိုက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ညပိုင်းအချိန်မှာလည်း ကရိန်းယာဉ်တွေနဲ့ စည်းကမ်းမဲ့ရပ်ထားတဲ့ယာဉ်တွေကို လိုက်လံဖမ်းဆီးနေပါပြီ" ဟု အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

ထို့ပြင် ညပိုင်းတွင် စည်းကမ်းပျက်မောင်းနှင်နေသည့် မော်တော်ယာဉ်များနှင့် ပြိုင်ကားများကိုလည်း လမ်းမကြီး ၂၀ တွင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...