Thursday, March 6, 2014

ကျောက်တန်းမြို့မရဲစခန်း အနီးရှိ နေအိမ်တွင် အမျိုးသမီးတစ်ဦးတည်း ရှိနေစဉ် မျက်နှာဖုံးစွပ် လူတစ်ဦးက အနုကြမ်းစီးပြီး ငွေကျပ်သိန်း ၈၀ ယူဆောင်



ကျောက်တန်းရဲစခန်း အနောက်ဘက်လမ်းတွင်ရှိသော အခင်းဖြစ်ပွားခဲ့သည့် နေအိမ်အား တွေ့ရစဉ် (ဓာတ်ပုံ- မင်းသိန်းနိုင်)


ကျောက်တန်းမြို့နယ် ကျောက်တန်းမြို့မရဲစခန်း အနီးရှိ နေအိမ်တွင် အမျိုးသမီးတစ်ဦး တည်းရှိနေစဉ် မျက်နှာဖုံးစွပ် လူတစ်ဦးက အနုကြမ်းစီးပြီး ငွေကျပ်သိန်း ၈၀ အား ယူဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

မေ ၄ ရက် နံနက် ၇ နာရီခွဲခန့်တွင် မင်းကျောင်းလမ်း၊ အလယ်ပိုင်းရပ်ကွက်၊ ကျောက်တန်းမြို့နယ်ရှိ ကျောက်တန်းရဲစခန်း၏ အနောက်ဘက်လမ်းရှိ နေအိမ်တစ်အိမ်တွင် အနုကြမ်းစီးခံရခြင်းဖြစ်ပြီး အဆိုပါနေအိမ်တွင် ဦး....နှင့် ဒေါ်.....နှစ်ဦးတည်းသာ နေထိုင်ပြီး ဦး....က လက်ဘက်ရည်ဆိုင်သို့ သွားနေခိုက် ဇနီးဖြစ်သူတစ်ဦးတည်း ရှိနေချိန် အနုကြမ်းစီးခံခဲ့ရခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ဒေါ်....သည် နေအိမ်၏ အနောက်ဘက်အိမ်သာ၌ အပေါ့သွားကာ ရေအိမ်မှထွက်လာပြီး အိမ်သာတံခါးချက်အား ပိတ်ရန်ပြင်နေစဉ် အနောက်မှ မျက်နှာဖုံးစွပ်သူတစ်ဦးက ၎င်း၏ခေါင်းအား တဘက်ဖြင့်အုပ်ပြီး လည်ပင်းအား ကြိုးဖြင့်ချည်ကာ ပါးစပ်တွင်လည်း အ၀တ်စတစ်ခုကို ထိုးသွင်းခဲ့ကြောင်း၊ ထို့အပြင် အဆိုပါ မျက်နှာဖုံးစွပ်လူက ဒေါ်......၏ ခြေလက်တို့အား ကြိုးဖြင့်ထပ်မံ ချည်နှောင်ကာ ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေအိမ်အနီး ရဲစခန်းအတွင်း၌ ဖွင့်လှစ်ထားသော ကုန်စုံဆိုင်ရှင်က “ဖြစ်စဉ် ဖြစ်သွားတာကတော့ ဟုတ်တယ်။ အန်တီ့ဆိုင်က မနက် ၅ နာရီခွဲလောက်ကနေ ဖွင့်တာ။ အဲဒီလိုဖြစ်နေတဲ့ အချိန်မှာ အဲဒီအိမ်က ဘာအသံမှ မကြားလိုက်ဘူး။ ဖြစ်ပြီးလို့ အဲဒီအိမ်က ယောက်ျားဖြစ်တဲ့သူက ရဲစခန်းကို လာတိုင်တဲ့အချိန်မှ သိရတာ” ဟုပြောပြသည်။

“အဲဒီအိမ်မှာ လင်မယားနှစ်ဦးတည်း နေတယ်လို့ သိရတယ်။ အဲဒီလို မျက်နှာအုပ်ပြီး ကြိုးတုပ်ခံထားရတာကို သူ့ခင်ပွန်း ပြန်လာတဲ့အချိန်မှာ တွေ့ရတယ်။ ခင်ပွန်းဖြစ်သူ ဦး....က ရဲစခန်းသို့ လာတိုင်တော့ သွားစစ်တဲ့အခါမှာ နေအိမ်မှာရှိတဲ့ ဗီရိုထဲက အ၀တ်အစားတွေ ဖရိုဖရဲဖြစ်နေတယ်။ ဗီရိုထဲ ထည့်ထားတဲ့ ငွေကျပ်သိန်း ၈၀ ပျောက်ဆုံးနေတယ်ဆိုတာ သိရတယ်။ ကျူးလွန်တဲ့ သူတွေကိုတော့ စုံစမ်းနေပါတယ်” ဟု ကျောက်တန်းမြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်အေးမင်းစိုးက ပြောကြားသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေအိမ်အား သွားရောက်မေးမြန်းရာ ကျူးလွန်ခံခဲ့ရသည့် ဒေါ်.....၏ သားဖြစ်သူက ၎င်း၏အမေ ကျန်းမာရေးမကောင်းသဖြင့် မပြောပြနိုင်ကြောင်းနှင့် ရဲစခန်းသို့ မေးမြန်းရန်သာ ပြောကြားသည်။ ယင်းဖြစ်စဉ်ကို ကျောက်တန်းရဲစခန်းက (ပ)၃၇/၁၄ ပြစ်မှု ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ထားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...