Monday, November 18, 2013

သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့ တပူးတွဲတွဲ ရှိနေခြင်းအပေါ် မြန်မာသံတော်ဆင့် သတင်းဂျာနယ် ဝေဖန်ထောက်ပြ

Monday, 18 November 2013



မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း အတွဲ (၂)၊ အမှတ် (၃၆) မျက်နှာဖုံးတွင် "ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပါတီနိုင်ငံရေး ကင်းဖို့" ဟူ၍ ဖော်ပြထားမှုကို တွေ့ရစဉ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့ တပူးတွဲတွဲ ရှိနေခြင်းအပေါ် နိုဝင်ဘာလထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ် အတွဲ (၂) အမှတ် (၃၆) က ဝေဖန်ခဲ့သည်။

သမ္မတကြီး ဦးသိန်းစိန်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့သည် လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်းရာထူးကို ရယူထားသူများဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၉) (DSA-9) မှ ဆင်းသက်ခဲ့ကြသူများလည်း ဖြစ်သည်။ မြန်မာသံတော်ဆင့် ဂျာနယ်က "ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပါတီနိုင်ငံရေး ကင်းရှင်းဖို့" ဟူသော သတင်းဆောင်းပါး၌ "၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ အခမ်းအနားသို့ တက်ရောက်လာရုံ မျှမက ကြံ့ခိုင်ရေး ပါတီအစိုးရ သမ္မတဦးသိန်းစိန်၏ တိုင်းခန်းလှည့်လည် မှုများနောက်သို့ လိုက်ပါ၍ သွားလာနေသည်မှာ ယခင် ၁၉၉၀ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကြီး ဦးဘဌေး၏ အာဏာရ အစိုးရနှင့် နိုင်ငံရေး ပါတီတို့အပေါ် မှန်တမ်းမျှသာ ဆက်ဆံခဲ့ပုံနှင့် များစွာကွာခြား နေပေတော့သည်" ဟု ရေးသားဖော်ပြခဲ့သည်။

မြန်မာသံတော်ဆင့်က "ကမ္ဘာ့နိုင်ငံ အများစုတွင် ပါတီစုံ ရွေးကောက်ပွဲ ကော်မရှင်များသည် သီးခြားရပ်တည်ပြီး ပြည်သူများ အထင်အမြင် လွဲစေသည့် အစိုးရ၊ နိုင်ငံရေး ပါတီများနှင့် ဆက်ဆံ၍ ပူးပေါင်းသွားလာ လှည့်လည်မှု လုပ်ဖို့ပင် ဝေးစွပင်။ အာဏာမရှိသော်လည်း ဘက်လိုက်မှုကင်းသည့် ခုံသမာဓိ ပီသသော သြဇာကြီးသည့် ရွေးကောက်ပွဲ ကော်မရှင်အဖြစ် မြန်မာနိုင်ငံတော်ကြီး၌ တည်ရှိစေချင် လှပါသည်။ ယခုမူကား ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌကြီးများဖြစ်သော သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယကတို့နှင့်အတူ အာဏာရ ကြံ့ခိုင်ရေးပါတီ ညီလာခံသို့ လာရောက်ခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် အတိုက်အခံ NLD ပါတီနှင့်တော့ ခပ်စိမ်းစိမ်းဖြစ်၍ နေသည်မှာ စဉ်းစားဖွယ်ရာ ဖြစ်ပါသည်" ဟု ဝေဖန်ထောက်ပြ ခဲ့သည်။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး (ယခင် ဦးပိုင်လီမိတက် ဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း)အား သမ္မတ ဦးသိန်းစိန်က ၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီတွင် ယခင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်သိန်းစိုး၏ နေရာတွင် အစားထိုးခဲ့သူ ဖြစ်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် တံတားဦးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ခဲ့ပြီးနောက် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ယခင် ဦးပိုင်လီမိတက် ဥက္ကဋ္ဌဟောင်း ဦးတင်အေးတွင် စီးပွားရေး လုပ်ငန်းရှင် သားနှစ်ဦးရှိပြီး The Messenger News Journal နှင့် Messenger Daily သတင်းစာတို့ကို ထုတ်ဝေနေသည့် မိုးဆမ်းပန်း မီဒီယာမှာ ၎င်း၏သားဖြစ်သူ ဦးဇော်မင်းအေး ပိုင်ဆိုင်သည့် မီဒီယာဖြစ်သည်။ ဦးတင်အေး၏ သားတစ်ဦးဖြစ်သည့် (ဗိုလ်မှူးဟောင်း) ဦးဥက္ကာအေးမှာလည်း အိမ်ခြံမြေ Developer တစ်ဦးဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏတွင် ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိသော မြေကွက်များ ပိုင်ဆိုင်ထားသည်ဟု ခန့်မှန်းမှုများ ရှိနေသည်။

The Messenger News Journal သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဖြစ်လာနိုင်သည်ဟု ထင်ကြေးပေး ထောက်ခံခဲ့သော မြန်မာ့အရေး လေ့လာသူ Larry Jagan နှင့် အင်တာဗျူးအား ဖော်ပြခဲ့ဖူးသလို မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ ထိုးနှက်သည့် ဆောင်းပါးများကိုလည်း ဖော်ပြခဲ့သည်။

မြန်မာသံတော်ဆင့်က "တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၈(က)၊ ၃၉၈(ခ)(၇)၊ ရည်ညွှန်းပုဒ်မ ၂၃၂ (ဋ) တို့အရ နားလည်ထားသည်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီ ကင်းရှင်း၍ ပြည်သူများနှင့် နိုင်ငံရေး ပါတီများအပေါ် မျှတစွာ ဆက်ဆံလုပ်ကိုင်သူများအဖြစ် ရှိစေချင်ပါသည်" ဟု ရေးသားဖော်ပြ ခဲ့သည်။

ထို့အပြင် "ကြံ့ခိုင်ရေးပါတီ ဗဟိုမှ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့သော လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် သမ္မတဦးသိန်းစိန်က ခန့်အပ်လိုက်ခြင်းနည်းတူ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက မြို့နယ်ကော်မရှင် ဥက္ကဋ္ဌအချို့သည်လည်း ကြံ့ခိုင်ရေးပါတီကိုယ်စား လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်ပွဲဝင်ခဲ့ခြင်းမှာ လက်ရှိမြန်မာ့ နိုင်ငံရေး၏ သရုပ်သကန်ကို လှစ်ဟပြသနေခြင်းပင်" ဟု ဖော်ပြခဲ့သည်။ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီးနောက် လစ်လပ်မဲဆန္ဒနယ် မြေ ၄၅ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပခဲ့ရာ မဲဆန္ဒနယ်မြေ အများစုတွင် မဲစာရင်း ကောက်ခံမှုနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး အတိုက်အခံ ပါတီဖြစ်သည့် NLD မှ ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းက မဲပြားများတွင် ဖယောင်းများ သုတ်ထားကြောင်း ဝေဖန်ခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်က ဦးဥာဏ်ဝင်းအား တရားစွဲဆိုခဲ့ရာ ဒဏ်ငွေ ကျပ်တစ်ထောင် ပေးဆောင်ရန် နေပြည်တော် ပုဗ္ဗသီရိ တရားရုံးမှ အမိန့်ချမှတ် ခဲ့သည်။

၂၀၁၃ စက်တင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာစေမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကတိပြုထားသည်။


EMG

ခရီးမတွင်သေးတဲ့ ပညာရေးဥပဒေ

Monday, 18 November 2013



ဒီမိုကရေစီ အစိုးရအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနည်းတူ အဓိကကျလှသော အမျိုးသားပညာရေး ဥပဒေအတွက် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့က အသီးသီး ရေးဆွဲလျက်ရှိရာ လာမည့် ၂၀၁၄ ခုနှစ်တွင် အစိုးရအဖွဲ့များဘက်က ရေးဆွဲနေသော ဥပဒေမူကြမ်းကို အပြီးသတ်ပြီး လာမည့်ရွေးကောက်ပွဲ အပြောင်းအလဲ မတိုင်ခင် ပြဋ္ဌာန်းသွားနိုင်ရန် စီစဉ်နေကြောင်း ပညာရေးဖောင်ဒေးရှင်း အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဦးသန်းဦးက ပြောကြားသည်။
ပညာရေး နယ်ပယ်အတွင်း စိုးရိမ် ပူပန်နေကြသော အဆိုပါ အကောင်အထည်ဖော်မှု ပြီးဆုံးရေးနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ၎င်းက ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် အစိုးရ အပြောင်းအလဲ ဖြစ်လာလျှင် လက်ရှိ ဆောင်ရွက်နေသော ပညာရေး မြှင့်တင်မှုများကို သက်ရောက်မှု ရှိနိုင်သည့်အပြင် ပညာရေးကဏ္ဍအတွက် အခြေခံအုတ်မြစ် ပျောက်ဆုံးမည်ကို ပူပန်မိသည့် အတွက် ယင်းသို့ စီစဉ်ရခြင်း ဖြစ်ကြောင်း နိုဝင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပသော ပညာရေး ဆွေးနွေးပွဲတွင် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းထံ ဦးသန်းဦးက တင်ပြသည်။

သို့သော် ဒုတိယ သမ္မတကမူ ပြည်သူလူထုနှင့် ပညာရေး ဝန်ထမ်းများ၏ အမျိုးသားပညာရေး ဥပဒေပေါ် ပူးပေါင်း ဆောင်ရွက်လျှင် ရေရှည် တည်မြဲနိုင်ပါလိမ့်မည်ဟု စိုးရိမ်ဖွယ် မရှိနိုင်ကြောင်း ပြန်လည်ပြော ကြားခဲ့သည်။

အုပ်ချုပ်မှုစနစ်နှင့် စီမံခန့်ခွဲမှုစနစ် အားနည်းချက်ကြောင့် ရာထူးတစ်ခုနှင့် တစ်ခုအရွှေ့၊ ဌာနတစ်ခုနှင့် တစ်ခုအပြောင်း၊ အုပ်ချုပ်သူအရာရှိ အပြောင်းအရွှေ့တွင် လက်ရှိ လုပ်ငန်းစဉ်များကို စနစ်တကျ လွှဲပြောင်းမှု အားနည်းခဲ့သည့် အတွက် လူပြောင်းလျှင် မူဝါဒ အပြောင်းအလဲများပါ ကြုံတွေ့ရလေ့ ရှိသည်။
အထူးသဖြင့် ပညာရေး စီမံကိန်းများ၌ ယင်းကဲ့သို့ အလွှဲအပြောင်းကာလမှာ အလွန်အရေးပါပြီး မူဝါဒ မကြာခဏ ပြောင်းလဲပါက ရေရှည် ပညာရေးစနစ် တစ်ခုလုံးအတွက် ထိခိုက်နိုင်ပြီး ခိုင်မာသော ပညာရေး မူဝါဒနှင့် အမျိုးသားဥပဒေများ လိုအပ်ကြောင်း လုပ်သက် နှစ်နှစ်ဆယ်ကျော်ရှိ ပညာရေးဝန်ထမ်း တစ်ဦးက သတိပေး ပြောကြားသည်။

လက်ရှိ အမျိုးသားပညာရေး ဥပဒေကို ရေးဆွဲရာတွင် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီနှင့် နိုင်ငံတော် သမ္မတ၏ တိုက်တွန်းမှုနှင့် ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီတို့သည် အချိတ်အဆက် နည်းပါးသည့်အပြင် ဥပဒေ တစ်ရပ်တည်းကို နှစ်ဖွဲ့ခွဲ ရေးဆွဲနေကြသောကြောင့် မည်သည့် ဥပဒေသည် အတည်ပြုခံရနိုင်ဖွယ် ရှိသည်ကိုလည်း မှန်းဆရန် ခက်ခဲနေသည်။

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီက ရေးဆွဲခဲ့သော အမျိုးသားပညာရေး ဥပဒေမူကြမ်းကို အောက်တိုဘာလ ၇ ရက်နေ့က လက်တွေ့ကျသော ပညာရေး ပြုပြင် ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ပထမဆုံးအကြိမ် ထုတ်ဖော် ပြသခဲ့သည်။

ယင်းဥပဒေမူကြမ်းပါ အချက် အများစုမှာ ပညာရေး ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်နေသော အရပ်ဘက် အဖွဲ့အစည်းများ တောင်းဆိုခဲ့သော ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် အရည်အသွေး တိုးမြှင့်ရေး အချက်အလက်များနှင့် ကိုက်ညီမှု ရှိသည်။ သို့သော် ယခုအချိန်ထိ ပြည်သူလူထုထံ တရားဝင် ချပြခြင်း မရှိသေးချေ။

ဥပဒေ ရေးဆွဲနေစဉ် ကာလအတွင်း လက်တလော ပညာရေး ပြောင်းလဲမှုများ ဖြစ်သည့် စာမေးပွဲစနစ်၊ သင်ရိုးညွှန်းတမ်း၊ ဆရာ ၊ ဆရာမများ အရည်အသွေး မြင့်မားရေး တို့အတွက် ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေကြသော်လည်း လက်တွေ့ အသုံးချရမည့် ပညာရေး အသုံးစရိတ်အတွက်မူ စိန်ခေါ်မှုများ ကျန်ရှိနေသေးသည်။

သို့သော် အဓိကအုတ်မြစ်ဖြစ်သော အမျိုးသားပညာရေး ဥပဒေကို ကဏ္ဍစုံ လွှမ်းခြုံနိုင်ရန်နှင့် အချိန်တိုအတွင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလျင်စလို ဆုံးဖြတ် လုပ်ကိုင်လျှင် မှားသွားမည်ကိုလည်း စိုးရိမ်သောကြောင့် လက်တွေ့ကျကျ ချင့်ချိန် ဆောင်ရွက်ကြရန် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားသည်။

ယင်းကြောင့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင် နှစ်ခုက အမျိုးသားပညာရေး ဥပဒေ ရေးဆွဲရေးကို သီးခြား လုပ်ဆောင်နေသော်လည်း လာမည့်နှစ်တွင် ပြည်သူလူထု လက်ထဲကို ယင်းဥပဒေမူကြမ်း နှစ်ခု လက်ဝယ် ရောက်ရှိလာတော့မည်။
မည်သည့် ဥပဒေကို ပြည်သူလူထု ရွေးချယ်မည်၊ မည်သည့် ဥပဒေမူကြမ်း အတည်ဖြစ်မည်ကို စောင့်ဆိုင်းရဦးမည်။

တစ်ဖက်တွင်လည်း အကြောင်း အမျိုးမျိုးကြောင့် အမျိုးသားပညာရေး ဥပဒေ အတည်ပြုမှု နောက်ကျပြီး လွှတ်တော် ကိုယ်စားလှယ် အပြောင်းအလဲ ဖြစ်လာလျှင် ယင်းဥပဒေ၏ အလားအလာက တစ်မျိုး ပြောင်းလဲသွားပေဦးမည်။

ယင်းအခြေအနေ ဖြစ်ပေါ်လာပါက အဆိုပါ ဥပဒေကိုပင် ထပ်မံရေးဆွဲမည့် အခြေအနေတစ်ခု ပေါ်ပေါက်လာနိုင်ကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းက သုံးသပ်ကြသည်။

“အခုပညာရေး ဥပဒေအပေါ် မြင်တွေ့နေရတာ အားရစရာ မရှိဘူး” ဟု လုပ်သက်ရင့် ပညာရေး ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

the voice

မြန်မာ လုပ်သားအင်အား စာရင်းကောက်ရန် အစိုးရနှင့် ILO လက်မှတ်ထိုး

Monday, 18 November 2013




မြန်မာနိုင်ငံ၏ လုပ်သားအင်အား စစ်တမ်းကို လာမည့်နှစ်တွင် စတင်ကောက်ယူရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ နားလည်မှု စာချွန်လွှာ (MoU) ကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရေးထိုးခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရှိရသည်။

အဆိုပါ စာချွန်လွှာအရ ၂၀၁၄ ခုနှစ်တွင် ကလေးလုပ်သား စစ်တမ်း၊ ကျောင်းအပြီး လုပ်ငန်းခွင် ဝင်ရောက်မှု စစ်တမ်း၊ အလုပ်အကိုင် အခကြေးငွေဆိုင်ရာ စစ်တမ်း၊ ပုံမှန် သတ်မှတ်ထားခြင်း မရှိသော လုပ်ငန်း ကဏ္ဍများ ဆိုင်ရာ စစ်တမ်း၊ အလုပ်ဌာန စစ်တမ်းများကို ကောက်ယူမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းစစ်တမ်း ကောက်ယူမှုတွင် အလုပ်သမားများနှင့် အလုပ်အကိုင်ဆိုင်ရာ မူဝါဒများ၊ ဥပဒေများ၊ မြန်မာနိုင်ငံ၏ သင့်လျော် ကောင်းမွန်သော အလုပ်အကိုင် ရရှိရေး ဆန်းစစ်ချက်များ၊ သုတေသန လုပ်ငန်းများနှင့် အလုပ်အကိုင်ဆိုင်ရာ အညွှန်းကိန်းများ ရရှိရေး လုပ်ငန်းစဉ်များလည်း ပါဝင်မည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သိရှိရသည်။

အဆိုပါ လုပ်သားအင်အား စစ်တမ်းကို ကောက်ယူရန် အလုပ်အဖွဲ့ (Working Group) များကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ILO ထံမှ သိရှိရသည်။

မြန်မာနိုင်ငံ၏ လုပ်သားအင်အား စစ်တမ်းကောက်ယူရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနနှင့် ILO တို့ လက်မှတ် ရေးထိုးပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့က နေပြည်တော်ရှိ အမရာ ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် အမှန်တကယ် အလုပ် လုပ်ကိုင်နိုင်သော ဦးရေ ၅၆ ဒသမ ၅၄ ရာခိုင်နှုန်း ရှိပြီး အလုပ်လက်မဲ့နှုန်းမှာ ၂၈ ဒသမ ၄ ရာခိုင်နှုန်း ရှိကြောင်း၊ လူဦးရေဖြင့် ဆိုလျှင် ၁၀ သန်းဝန်းကျင် အလုပ်လက်မဲ့ ဖြစ်နေကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

the voice

စုပေါင်းနွှဲပျော် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်

Monday, 18 November 2013



မနက် ၅ နာရီ အေးသာယာ အဝေးပြေးဝင်းသို့ ရောက်ရှိလာသည်။ အအေးဓာတ်သည် မြေပြန့်မှ လာသူအဖို့ အရိုးကွဲမတတ် ခံစားရသည်။ တောင်ကြောအတိုင်း မြွေလိမ်မြွေကောက် လမ်းဖြင့် တောင်ကြီးမြို့သို့ လိုက်ထရပ်ကားဖြင့် တက်လာသည့်အချိန် ပို၍အေးသည်။ ခိုက်ခိုက်တုန်အောင် ချမ်းသည်။
အဝေးပြေး ကားပေါ်တွင် တစ်ညတာ နိုးတစ်ဝက် အိပ်တစ်ဝက်နှင့် ခရီးဆက် လာသဖြင့် တောင်ကြီး မီးပုံပျံ ကွင်းအနီး တည်းခိုသည့် နေအိမ်တွင် သုံးနာရီခန့် အိပ်စက်လိုက်သည်။ အိပ်ရာ နိုးသည်နှင့် တံခါး ဖွင့်လိုက်သောအခါ မြင်လိုက်ရသည်က ‘၁၃၇၅ ခုနှစ် တောင်ကြီး မြို့တော် တန်ဆောင်တိုင်ပွဲတော်’ ဟူသော မုခ်ဝ။

တောင်ကြီး တန်ဆောင်တိုင် မီးပုံပျံကွင်း အတွင်းရှိ မြေနီတို့တွင် အစိုဓာတ်များ မြင်ရသည်။ သေချာသည်၊ မနေ့ညက မိုးရွာထားသည်။

မြို့ပြင်တွင်ရှိသော မီးပုံးပျံကွင်းမှ တောင်ကြီး မြို့ထဲသို့ သွားရန် ဆိုင်ကယ်ဖြင့် ထွက်အလာ တောင်ကြီး တက္ကသိုလ် လမ်းထောင့်တွင် အမှိုက်များ စုပုံနေခြင်းသည် ညက မိုးသည်းထန်စွာ ရွာသွန်းထားသဖြင့် မီးပုံးပျံပွဲမှ အမှိုက်များ ရေစီးဖြင့် မျောလာခြင်း ဖြစ်ကြောင်း သက်သေပြနေသည်။
“ညက မိုးတော်တော်သည်းတော့ ဈေးရောင်း မကောင်းဘူး” ပွဲဈေးတန်းတွင် ရှမ်းအစားအသောက် ရောင်းသည့် ဈေးသည်တစ်ဦးက ပြောပြာသည်။

တောင်ကြီးမြို့သည် ဆိုင်ကယ် အစီးရေများသော မြို့ဟု ဆိုရမည် ဖြစ်သည်။ လူငယ်လူကြီး အတော်တော်များများ ဆိုင်ကယ် စီးကြသည်။ ဝမ်းတူးဖိုက်၊ ကလစ်ဆိုင်ကယ် အမျိုးမျိုး။ အနောက် မြို့ပတ်လမ်းသို့ ရောက်တော့ သံဃာတော်များ စုရုံး စုရုံး။ လူပုဂ္ဂိုလ်များလည်း ပါသည်။ ဆိုင်းဘုတ်များလည်း ကိုင်တာ တွေ့လိုက်တော့ ဆန္ဒထုတ်ဖော်သည် ဆိုသည်ကို သိလိုက်သည်။ သတင်းသမား တစ်ယောက် ဖြစ်သည့်အတွက် ဆိုင်ကယ်ကိုရပ်၊ ကင်မရာထုတ်ပြီး တဖျပ်ဖျပ် ရိုက်ရတော့သည်။

ဆန္ဒပြကြသည့် အကြောင်းအရာက အမြို့မြို့ အနယ်နယ်တိုင်းတွင် ဆန္ဒဖော်ထုတ်နေကြသည့် အတိုင်း OIC ကိစ္စ ဖြစ်သည်။
ဆန္ဒထုတ်ဖော်သည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်တို့၏ လက်ထဲတွင် OIC အလိုမရှိဟု ရေးသား ထားသည့်စာများ OIC စာလုံးကို ကြက်ခြေ ခတ်ထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒ ထုတ်ဖော် ခဲ့ကြသည်။

မြန်မာ့ဆက်သွယ်ရေး ကလည်း အလိုက်တသိပင် ထိုအချိန် ဖုန်းလိုင်းများ ဆက်၍မရတော့။ လိုချင်သော သတင်းဓာတ်ပုံများလည်း ရလိုက်ပြီဆိုတော့ တောင်ကြီးမြို့၏ အထင်ကရ ဗိုလ်ချုပ်လမ်းဘက်သို့ ထွက်လာသည်။

တောင်ကြီး စည်ပင်သာဈေးကို ကျော်လာသည်နှင့် တိုက်ဆိုင်မှု တစ်ခုကို တွေ့လိုက်ရသည်။ ထိုသည် ကား အစ္စလာမ် ဘာသာဝင်တို့၏ ဘာသာရေးအရ ရှီးယိုက် မျိုးနွယ်တစ်အုပ် အလံအနက်ကို ကိုင်ဆောင်လျက် လှမ်းလျှောက်လာခြင်း ဖြစ်သည်။
အသက် ၂၀ အရွယ်နှင့် အသက် ၄၀ ကျော် ဝန်းကျင်အရွယ် အမျိုးသား ရှစ်ဦးခန့်သည် ဘာသာရေး အရ သံကြိုးဖြင့် ကျော၊ ရင်ဘတ်တို့တွင် ရိုက်ကြပြီး ပါးစပ်မှလည်း ရွတ်ဆိုသံများ ကြားရသည်။ တစ်ခါမှ မမြင်ဖူးသဖြင့် အထူးအဆန်း တစ်ခုတစ်ဖွယ် ကြည့်နေမိသည်။

ကင်မရာ ကိုင်ထားသည့် လက်ပင် သွေးများကို မြင်မိပြီး ကြက်သီးများ ထလာသည်။ ဓာတ်ပုံငါးပုံ ခြောက်ပုံ ရိုက်ပြီး သွေးထွက်နေသည်ကို မကြည့်လိုတော့သဖြင့် ထွက်လာလိုက်သည်။ ညနေ ၃ နာရီခန့်တွင် မိုးပေါက်များ တစ်ပေါက်နှစ်ပေါက် ခဏကျကာ ပြန်တိတ်သွားသည်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံပျံ ကွင်းထဲတွင်တော့ အလှပြ မီးပုံးများ လွှတ်နေကြသည်။ ဒေါင်းစိမ်းကြီးက စွင့်စွင့်ကားကားဖြင့် ဖောင်းလာပြီး အောက်က မီးတိုက်သူများက တိုက်ကြသည်။ စဉ်းစားမိသည်။ ဦးကျော်ရင်သည် မီးပုံပျံကို အဘယ်ကဲ့သို့ အိုင်ဒီယာဖြင့် တီထွင် နိုင်ခဲ့သနည်း။

ညနေ ၅ နာရီ ကျော်သည်နှင့် နေမင်းကြီးသည် အနောက်ယွန်းယွန်း ဆီသို့ ထိုးဝင်သွားတော့သည်။ အမှောင်သည် တဖြည်းဖြည်း ကြီးစိုးလာသည်။ ညနေ ၆ နာရီသည် မိုးချုပ်သွားပြီ ဖြစ်သည်။
မီးပုံးပျံကွင်းသို့ လာသည့် ပွဲခင်းလမ်းကို ပိတ်ကာ ယာဉ်ထိန်းတို့က ခရာမှုတ်ကာ လမ်းလွှဲခိုင်းသည်။ ယခင်ညက မိုးရွာသော်လည်း ယနေ့ညတွင်တော့ ရာသီဥတုက သာယာနေသည်။

ညေ ၈ နာရီခွဲတွင် စိန်နားပန်ဟု ခေါ်သည့် အလှပြ မီးပုံးပျံကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မီးပုံးလေးများ ချိတ်ဆွဲကာ စတင်လွှတ်တော့သည်။ မီးပုံးပျံ အလုံးတွင် ပြည်သူမျှော်မှန်းဟု ရေးသားထားပြီး အောက်တွင် တွဲလောင်း ချိတ်ထားသည့် မီးပုံးများတွင် ငြိမ်းချမ်းရေးလမ်းဟု ရေးသားထားသည်။

‘ပြည်သူမျှော်မှန်း ငြိမ်းချမ်းရေးလမ်း’ မီးပုံးပျံကြီးသည် ကောင်းကင်ထက်သို့ တဖြည်းဖြည်း တက် သွားတော့သည်။
အမှန်တကယ် ငြိမ်းချမ်းသော လမ်းသည် အထက်ဘဝဂ်အထိ တက်လာလျှင် တော်တော်ကောင်း မည်ဟု တွေးလိုက်မိသည်။

ထို့နောက် သုဓနုအဖွဲ့က မီးပုံးပျံ လွှတ်ရန် ပြင်ဆင်ကြသည်။ ထိုမီးပုံးပျံက မီးဆွဲကြီး ဖြစ်သည်။ မီးပုံးပျံ အလုံးတွင် ရှမ်းအိုးစည် တီးနေသည့် ရုပ်ပုံကို သရုပ်ဖော်ထားပြီး အလှများ ဆင်ထားသည်။ မီးပုံးပျံကြီးသည် တဖြည်းဖြည်း ဖောင်းတက်လာသည်။ ဖောင်းတက်နေသည့် အချိန်တွင် ယမ်းဆွဲကြီးများကို ချိတ်ကြရသည်။

မီးပုံးပျံကြီးသည် တဖြည်းဖြည်း တက်သွားသည်။ ကောင်းကင်သို့ ပေတစ်ရာခန့် အမြင့်အရောက်တွင် မီးပန်းကြီးများ စပစ်တော့သည်။ အောက်တွင် ကြည့်ရှုနေကြသူများ ထွက်ပြေးကြသည်။ အမြင့်ရောက်လေ မီးပန်းများက ဖွာထွက်လေဖြင့် တော်တော်လှသည်။



ည ၉ နာရီ အချိန်ခန့်တွင် မီးပုံးပျံ ကွင်းတွင် လူအပြည့်။ ထိုကဲ့သို့ လူများသည်ကိုပင် ယခင် နှစ်များလောက် မစည်ကားဟု ဒေသခံများက တူညီစွာ ပြောဆိုနေကြဆဲ။
ယခင်နှစ်များက မီးပုံးပျံကွင်းတွင် လူပြည့်လျှံရုံ သာမက ပွဲဈေးခင်းများတွင်လည်း ကြိတ်ကြိတ်တိုး။ လောင်းကစားဝိုင်း များတွင်လည်း တစ်ထောင်တန်၊ ငါးထောင်တန်များ ပြန့်လျက်။ ပွဲဈေးခင်းတွင်လည်း နိုက်ကလပ်ကဲ့သို့ ဒစ်စကို သံစဉ်များက မြူးမြူးကြွကြွ။ အဆိုတော်များနှင့် သီဆို သည့် ပွဲများကလည်း တစည်စည်။ ယခုနှစ်တွင်တော့ လောင်းကစားဝိုင်း မပါ။ နိုက်ကလပ် ကဲ့သို့မပါ။ အဆိုတော်များ ဖိတ်သည့် ရှိုးပွဲမပါ။

ထို့အတွက် ယခင်နှစ်တွေလောက် လူမစည်ဟု ဆိုကြသည်။ အဖိတ်နေ့နှင့် လပြည့်နေ့တွင် လူစည်လိမ့်မည်ဟု ပွဲဈေးတန်း ဈေးရောင်းသူတို့က မျှော်လင့်နေကြဆဲ။
နိုဝင်ဘာ ၁၅ ရက်နေ့ ညသည် အအေးမပိုသော်လည်း မြေပြန့်သားအဖို့ တော်တော်အေးသည်။ ၁၀ နာရီခွဲကျော်တွင် လူကဲအဖွဲ့က မီးပုံးပျံ လွှင့်တင်တော့မည် ဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော် ပုံတော်ကို မီးပုံးပျံတွင် ပန်းချီ ရေးဆွဲထားသည်က တော်တော် သပ္ပာယ်သည်။

မီးပုံးပျံကြီးသည် တဖြည်းဖြည်း ဖောင်းကြွနေချိန် ယမ်းမီးများ ချိတ်ဆွဲ ပြီးသည်နှင့် တဖြည်းဖြည်း တက်သွားတော့သည်။ မီးပျံများ ပစ်သည်။ လူကဲအဖွဲ့၏ မီးပုံးပျံသည်လည်း တော်တော်လှသည်။ သို့သော် ယမ်းအလေးချိန်နှင့် မီးပုံးပျံ ပျံတက်နိုင်သည့် အားမမျှ၍ အောက်ပြန် ပြုတ်ကျကာ မီးလောင် သွားခဲ့သည်။

ထိုမီးပုံးပျံသည် ကာလတန်ဖိုးငွေ သိန်း ၄၀ ခန့် ကုန်ကျသည်ဟု ဒေသခံတစ်ဦးက ခန့်မှန်း ပြောဆိုကြသည်။ ဒေသခံ ၁၉ နှစ်အရွယ် အမျိုးသမီးက မီးပုံးပျံ စလုပ်ကတည်းက ဝိုင်းသောက်ကြတဲ့ အရက်ဖိုးတွေလည်း ပါကြောင်း ဝင်ပြောလိုက်သေးသည်။

မှန်ပါသည်။ မီးပုံးပျံ လွှတ်တင်ပြီးသည့် အချိန်များတွင် ကနေကြသည့် လူငယ် အများစုသည် မူးယစ်နေကြသည်။ နေ့လယ်တွင် အလှပြ မီးပုံးပျံ လွှတ်တင်ပြီးသည့် အချိန်တွင် ကနေကြသည့် လူငယ်များသည်လည်း မူးယစ်နေကြသည်။
မည်သည်ပင် ဆိုစေ လူငယ်တို့၏ တစ်နှစ်တစ်ခါ ပျော်စရာ သောက်၍ ပျော်ပါးသည်ဟု သဘောထားလိုက် မိသည်။



တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲသည် နှစ်စဉ် အဖိတ်နေ့နှင့် လပြည့်ည စည်နေကျ။ ယနေ့ အဖိတ်နေ့သည် မိုးရွာတော့ အခြေနေမကောင်း။

အဖိတ်နေ့ အကြိုတွင် ညမီးကြီးနှင့် စိန်နားပန် မီးပုံပျံပေါင်း အလုံး ၂၀ ခန့် လွှတ်တင်ခဲ့သည်။ ပွဲတော်အတွင်း နေ့စဉ် ထိုအတိုင်း လွှတ်သည်ဟု ဒေသခံတို့က ဆိုကြသည်။ ယနေ့ အဖိတ်နေ့တွင် မိုးရွာထားတော့ အခြေအနေကိုတော့ စောင့်ကြည့်ရဦးမည်။ မီးပုံးပျံကတော့ ပုံမှန်အတိုင်း လွှတ်တင်မည့် အနေအထား ရှိသည်။

ည ၇ နာရီ ထိုးခါနီး အချိန်တွင်တော့ မိုးများ တိတ်သွားပြီ ဖြစ်သည်။ ကားများ၊ ဆိုင်ကယ်များလည်း စည်ကားလာသည်။

ယနေ့ အဖိတ်နေ့သည် ခါတိုင်းနှစ် များကဲ့သို့ လူစည်ကားကျ ဖြစ်သော အစဉ်အလာကို ထိန်းနိုင်မည်လော။ ရိုးရာ အစဉ်အလာအတိုင်း ‘တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်’ ဂုဏ်ပုဒ်အတိုင်း လူစည်ကား မည်လော ဆိုသည်ကို ယနေ့ည ဖြတ်သန်း ကြည့်လိုက်ဦးမည်။

the voice

လက်ရှိ အစိုးရလက်ထက် အဂတိတရား လိုက်စားမှုများ ရှိပါက နောင်လာမည့် အစိုးရက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ပြန်လည်အရေးယူနိုင်

Monday, 18 November 2013


ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အအုံအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

လက်ရှိကာလ၌ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အသက်ဝင်နေပြီ ဖြစ်သည့်အတွက် လက်ရှိအစိုးရ လက်ထက်တွင် အဂတိတရား လိုက်စားမှုများ ရှိပါက နောင်လာမည့် အစိုးရသစ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူနိုင်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် ပြဋ္ဌာန်းထားချက်များအရ သိရသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃ ( ၂၀၁၃ ခုနှစ်၊ သြဂုတ် ၇) ရက်စွဲဖြင့် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော် သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ ၇၃/၂၀၁၃ ဖြင့် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှ စတင်၍ အာဏာတည်သည်ဟု သတ်မှတ်ခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၂ အရ ဤဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို ပြည်တွင်းတွင် မည်သူမဆို ကျူးလွန်လျှင်ဖြစ်စေ၊ ပြည်ပတွင် မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံတွင် အမြဲတမ်း အခြေစိုက် နေထိုင်သူက ကျူးလွန်လျှင်ဖြစ်စေ ဤဥပဒေနှင့် သက်ဆိုင်စေရမည်ဟုလည်း ပြဋ္ဌာန်းထားသည်။

အဆိုပါ ဥပဒေအရ ကော်မရှင်က စွပ်စွဲချက်အပေါ် စုံစမ်းစစ်ဆေး နေစဉ်အတွင်း စွပ်စွဲခံရသူသည် ရာထူးစွန့်လွှတ် သွားပြီဖြစ်သော်လည်း ဥပဒေကြောင်းအရ ဆက်လက်အရေးယူရန်သော် လည်းကောင်း၊ ၀န်ထမ်းစည်းကမ်းနှင့်အညီ အရေးယူရန်သော် လည်းကောင်း၊ နိုင်ငံတော်က သက်ဆိုင်ရာ ပစ္စည်းများကို သိမ်းဆည်းယူနိုင်ရန်သော် လည်းကောင်း စုံစမ်းစစ်ဆေးမှုကို လိုအပ်သလို ဆက်လက်ပြုလုပ် နိုင်သည်ဟု ပုဒ်မ-၃၁ တွင် ပြဋ္ဌာန်းထားသည်။

"ဥပဒေကတော့ စာရွက်ပေါ်မှာ ရှိတာပေါ့။ စာရွက်ပေါ်မှာတော့ အကုန်လုံး ကောင်းတာချည်းပဲ။ ဒါပေမဲ့ ဥပဒေတိုင်းမှာ အပြစ်ပေး အရေးယူရေးဆိုတာ အမြဲပါတယ်။ အဲဒီ အပြစ်ပေး အရေးယူရေးကို အကောင်အထည်ဖော်တဲ့ အဖွဲ့အစည်းဟာ ပြဿနာ မရှိဘူး။ တကယ်တော့ သိန်းပေါင်းများစွာ အဂတိ လိုက်စားခဲ့တာတွေ ရှိတယ်။ အခွန်ကို ရှောင်ခဲ့တာတွေ အများကြီး ရှိတယ်။ မီလျံချီပြီးတော့ ရှိတယ်။ ဒါပေမဲ့ ဒီနေ့ ဒီကိစ္စတွေ အားလုံးမရှင်းကြဘူး။ ဆိုတော့ အရေးယူဖို့ စဉ်းစားရာမှာ တချို့ကတော့ ဒီမိုကရေစီ နုနယ်သေးလို့ ပြောတာလည်း ရှိတယ်။ အရေးယူတယ် ဆိုတဲ့ ကိစ္စမှာ တချို့သော ကိစ္စတွေက နိုင်ငံရေး ပြဿနာတွေ ရှိတယ်။ အဲဒီလို နိုင်ငံရေး ပြဿနာတွေကို မဖြေရှင်းနိုင်သေးဘဲ ဥပဒေ စိုးမိုးမှုဆိုတာ ရှိမှာမဟုတ်ဘူး။ ဒါကြောင့် နိုင်ငံရေး ပြဿနာရဲ့ လက်အောက်ခံလို့ပဲ တစ်လုံးတည်း ပြောရမှာပေါ့။ စာရွက်ပေါ်မှာရှိတဲ့ ဥပဒေ စိုးမိုးမှုက တကယ့်နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အဂတိတရား လိုက်စားမှုဆိုတာ တရားရုံးတွေမှာလည်း ရှိတာပဲ။ နောင်လည်း ရှိနေဦးမှာပဲ။ သို့သော် ကြီးထွားမလာအောင် တားနိုင်မယ့် နည်းလမ်းကိုပဲ စဉ်းစားရမှာ။ လက်ရှိ အခြေအနေတွေက နိုင်ငံရေး ပြဿနာတွေဆိုတော့ ဖြေရှင်းနိုင်ဖို့ကတော့ အချိန်ယူ ရဦးမှာပါ" ဟု ရှေ့နေဦးဟန်ရှင်ဝင်းက ပြောကြားသည်။

ရန်ကုန်မှာ မြေဈေးတွေ ကြီးမြင့်လာပြီးတဲ့နောက်မှာ အိမ်ခြံမြေ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေက နေရာအတော် များများမှာ တွေ့လာရတယ်။ ဒီလို ကိစ္စတွေမှာ တိုင်းဒေသကြီး အစိုးရ အဖွဲ့နဲ့ စည်ပင်လို အဖွဲ့အစည်းတွေက လူအချို့နဲ့ ပတ်သက်မှုတွေ ရှိနိုင်တယ်လို့လည်း ကြားတယ်။ အံ့သြစရာကောင်းတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း တွေ့နေရတယ်။ ဒါတွေနဲ့ ပတ်သက်တဲ့ ရှုပ်ထွေးမှုတွေ၊ နစ်နာမှုတွေအတွက် ရှင်းရှင်းလင်းလင်း ဖြစ်ထားဖို့ လိုပါတယ် . . . . .


လာဘ်ပေးလာဘ်ယူမှုနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ လုပ်ပိုင်ခွင့် အာဏာရှိသူ တစ်ဦးဦးက လာဘ်ပေးလာဘ်ယူခြင်းဖြင့် ကြွယ်ဝချမ်းသာလာမှုနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ လာဘ်ပေးလာဘ်ယူမှုကြောင့် နစ်နာသူက သတ်မှတ်ချက်များနှင့်အညီ ကော်မရှင်သို့ ဖြစ်စေ၊ ကော်မရှင်ရုံးသို့ ဖြစ်စေ ဤဥပဒေအရ ဖွဲ့စည်းသော လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမ စိစစ်ရေး အဖွဲ့နှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုခုသို့ ဖြစ်စေ၊ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်း တစ်ခုခုသို့ ဖြစ်စေ၊ သတင်းပေးပို့ချက်နှင့် တိုင်တန်းချက်များကို ပေးပို့နိုင်သည်ဟုလည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၄၄ တွင် ပြဋ္ဌာန်းထားပါသည်။

"အဂတိတရား လိုက်စားမှုဆိုတာ သက်သေသက္ကာယက ဆိုလိုတာက ပေးတဲ့သူက တိုင်မှပဲ ပေါ်မှာလေ။ လာဘ်ပေးလာဘ်ယူဆိုတာ ပေးတဲ့သူကတိုင်မှ ပေါ်မှာပေါ့။ လူမသိအောင် တိတ်တိတ်ကလေး ကျိတ်ပြီးလုပ်တဲ့ ကိစ္စကိုး" ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းစိုး (ထွန်း)က သုံးသပ်ပြောကြားခဲ့သည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၅ အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း၊ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ပုဒ်မ-၅၆ အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

"အဂတိတရား လိုက်စားမှုတွေက အခုလည်း အရေးယူလို့ ရတယ်။ အရင်ကလည်း အရေးယူလို့ ရတယ်။ အရေးယူတဲ့ ဥပဒေသာ ကွာသွားတာ။ ဒီဥပဒေ မတိုင်ခင်က ပထမ ဥပဒေ ရှိတယ်။ ဒါပေမဲ့ အစိုးရက အရေးမယူခဲ့ဘူး။ သူတို့က ဒါကို အရေးယူဖို့ တော်တော်ကြောက်တာ။ အရေးယူတဲ့ အလုပ်ကို သူတို့လုပ်ကို မလုပ်ချင်တာ" ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းစိုး (ထွန်း) က ပြောကြားသည်။

ပုဒ်မ-၅၇ အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူနှင့် လုပ်ပိုင်ခွင့် အာဏာရှိသူမှအပ အခြားမည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ပုဒ်မ-၅၈ အရ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် ငွေကြေးနှင့် ပစ္စည်းများအပေါ် အရေးယူ ဆောင်ရွက်ခြင်း မပြုနိုင်ရန် ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် လွှဲပြောင်းခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ငါးနှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

"အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ကိုယ်၌ကိုက အရေးယူနိုင်ဖို့ ကျဉ်းမြောင်းနေတယ်။ အဂတိ လိုက်စားတာကို အရေးယူဖို့ ခွင့်ပြုမိန့် ပေးရမယ့် ၀န်ကြီးဌာန ကိုယ်တိုင်က သူ့လက်အောက်ကလူကို အရေးယူဖို့ ခွင့်ပြုမိန့် ပေးပါ့မလားဆိုတာ မေးစရာ ရှိနေတယ်။ လူအဟောင်းတွေနဲ့ မူအသစ်ကို ကျင့်သုံးရတာဖြစ်လို့ အဂတိတရား လိုက်စားမှု ပျောက်သွားအောင် လုပ်ဖို့ဆိုတာ အခက်အခဲ ဖြစ်နေတယ်။ ၂၀၁၅ အစိုးရသစ် လက်ထက်မှာကို ဒီဥပဒေ အရဆိုရင် လုပ်နိုင်ကိုင်နိုင်ဖို့ အခက်အခဲ ရှိနေတယ်။ ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်းနဲ့ တံစိုးလက်ဆောင် ရယူခြင်းတွေဟာ အဂတိ လိုက်စားမှုတွေ ဖြစ်ပါတယ်။ ဥပဒေ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ဖို့ ပျက်ကွက်တာကလည်း အဂတိတရား လိုက်စားတာပဲ။ ဒါတွေအားလုံးကို အဂတိတရား လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူလို့ ရတယ်" ဟု ဥပဒေ အတိုင်ပင်ခံ ဦးဖိုးဖြူက ဆိုသည်။

"ဒီဥပဒေပေါ်တာ ကြာပြီ။ ဒီဥပဒေနဲ့ အရေးယူတာ ဘယ်နှမှု ကြားဖူးလဲ။ ဟိုတုန်းက ရှိခဲ့တဲ့ ဥပဒေကိုလည်း ဒီအစိုးရ မတိုင်ခင်က ဘယ်သူမှ အရေးမယူခဲ့တာ။ ဘာကြောင့် အရေးမယူလဲဆိုတော့ မယူရဲလို့။ အရေးယူလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတဲ့ စကားတစ်ခု ရှိတယ်။ ရန်ကုန်မြို့ကို အုတ်တံတိုင်းခတ်ပြီး ထောင်လုပ်လိုက်ရမှာ။ သူတို့ဝန်ထမ်းတွေ အကုန်လုံးမှာ အောက်ကအငယ်လေးတွေက မလောက်လို့ စားတာ။ အပေါ်က ကြီးတဲ့သူတွေက ချမ်းသာချင်လို့ စားတာ။ သူ့ထက်ကြီးတဲ့ သူတွေကျတော့ ပိုချမ်းသာချင်လို့ စားတာ။ ဒါပဲ။ ဒီသဘောပဲ" ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းစိုး (ထွန်း) က သုံးသပ်ပြောကြားသည်။

မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း ပြုလျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ကို ချမှတ်ခြင်း ခံရမည်ဟု ပုဒ်မ- ၆၃ တွင် ပြဋ္ဌာန်းထားပြီး ပုဒ်မ-၆၉ အရ ဤဥပဒေအရ အရေးယူပိုင်ခွင့်ရှိသည့် ပြစ်မှုများကို ရဲအရေးယူ ပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်ဟုလည်း ပြဋ္ဌာန်းထားသည်။

"ရန်ကုန်မှာ မြေဈေးတွေ ကြီးမြင့်လာပြီးတဲ့နောက်မှာ အိမ်ခြံမြေ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေက နေရာအတော် များများမှာ တွေ့လာရတယ်။ ဒီလို ကိစ္စတွေမှာ တိုင်းဒေသကြီး အစိုးရ အဖွဲ့နဲ့ စည်ပင်လို အဖွဲ့အစည်းတွေက လူအချို့နဲ့ ပတ်သက်မှုတွေ ရှိနိုင်တယ်လို့လည်း ကြားတယ်။ အံ့သြစရာကောင်းတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း တွေ့နေရတယ်။ ဒါတွေနဲ့ ပတ်သက်တဲ့ ရှုပ်ထွေးမှုတွေ၊ နစ်နာမှုတွေအတွက် ရှင်းရှင်းလင်းလင်း ဖြစ်ထားဖို့ လိုပါတယ်။ နောက်ကွယ်မှာ လာဘ်ပေးလာဘ်ယူ ကင်း၊ မကင်း၊ အဂတိ လိုက်စားမှု ရှိ၊ မရှိ ဆိုတာတွေ သေချာဆန်းစစ် သင့်တယ်။ နစ်နာတဲ့ သူတွေဘက်က အမှန်တရားအတိုင်း ဖြစ်ဖို့လိုတယ်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေလည်း ရှိပြီဆိုတော့ သက်ဆိုင်သူတွေ အနေနဲ့ ဒါနဲ့ပတ်သက်ရင် ကြိုရှင်းထားဖို့ လိုပါမယ်။ ဒါမှ မဟုတ်ရင်တော့ နောင်တက်လာမယ့် အစိုးရ လက်ထက်မှာ ဒီဥပဒေတွေနဲ့ ပြန်လည်စစ်ဆေး အရေးယူတာတွေ ရှိလာမှာပဲ" ဟု အမည်မဖော်လိုသူ လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လာဘ်ပေးလာဘ်ယူမှု ပြဿနာများအား ထိရောက်စွာ ကိုင်တွယ်နိုင်ရန်အတွက် ယခင်ကပင် ဥပဒေများ ထုတ်ပြန်ထားသော်လည်း အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း၊ ဒီမိုကရေစီ နိုင်ငံသစ်အဖြစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် လက်ရှိအစိုးရ လက်ထက်တွင်လည်း လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ အဂတိတရား လိုက်စားမှုများအား အရေးယူရန် ဥပဒေများ ထုတ်ပြန်ထားသော်လည်း ထိရောက်သည့် အရေးယူမှုများ မရှိကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အသစ်တက်လာမည့် အစိုးရ လက်ထက်တွင်မူ လက်ရှိအစိုးရ လက်ထက်တွင် ကြုံတွေ့ခဲ့သည့် လာဘ်ပေးလာဘ်ယူမှုများကို အရေးယူ ဆောင်ရွက်မည် ဆိုပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူနိုင်ကြောင်းလည်း ဥပဒေ ပညာရှင်များက သုံးသပ်ခဲ့သည်။

EMG

ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုတော့မည်

Monday, 18 November 2013



မြစ်ကြီးနားလေဆိပ်အား ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ၀င်ထွက်အသုံးပြုလျက်ရှိသည့် ပြည်တွင်းလေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းလေဆိပ် စုစုပေါင်း ၆၉ ခုရှိပြီး ယင်းလေဆိပ်များတွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်ရှိ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာမှ ခရီးသွားများအတွက် အဓိက ၀င်ပေါက်ဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဒုတိယမြောက် အဓိက ၀င်ပေါက်ဖြစ်သည့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ အပါအ၀င် လက်ရှိခရီးသည်များ ၀င်ထွက်အသုံးပြုနေသည့် လေဆိပ်မှာ ၃၂ ခုခန့်သာ ရှိသည်ဟု သိရသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုသွားမည့် ပြည်တွင်းလေဆိပ်များမှာ လက်ရှိခရီးသည်များ ၀င်ထွက်အသုံးပြုနေသည့် လေဆိပ် ၃၂ ခုဖြစ်ကြောင်း သိရသည်။

"နိုင်ငံတကာ လေဆိပ်သစ် တည်ဆောက်ရာမှာ ပုဂ္ဂလိက အခန်းကဏ္ဍ ပါဝင်အောင် ဖိတ်ခေါ်တည်ဆောက် သွားသလိုမျိုးပဲ လက်ရှိပြည်တွင်းမှာ အသုံးပြုနေတဲ့ လေဆိပ်တွေကိုလည်း ပုဂ္ဂလိကကို လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးသွားဖို့ ရှိပါတယ်။ အဓိကကတော့ Service ပိုင်းမှာ ပိုကောင်းလာပြီး ဈေးကွက်လိုအပ်ချက်ကို အဆင့်မီမီ ဖြည့်ဆည်းပေးနိုင်တဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်သွားမှာပါ။ မကြာခင် နိုင်ငံပိုင် သတင်းစာကနေ ကြေညာပြီး ဖိတ်ခေါ်သွားမှာပါ" ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ပြည်တွင်းလေဆိပ် ၃၂ ခုအနက် ဟဲဟိုးလေဆိပ်မှာ ပြည်တွင်းပြည်ပ ခရီးသည် ၀င်ထွက်မှု အများဆုံးဖြစ်ပြီး ဒုတိယ ပုဂံညောင်ဦး လေဆိပ်နှင့် တတိယမှာ တာချီလိတ် လေဆိပ်တို့ဖြစ်သည်။

ပြည်တွင်းပြည်ပ ခရီးသည် ၀င်ထွက်မှု အများဆုံးဖြစ်သည့် ဟဲဟိုးလေဆိပ်သည် ၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ခရီးသည် သုံးသိန်းခုနစ်သောင်းကျော် ၀င်ထွက်မှု ရှိခဲ့သည်။ လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ပြည်တွင်းလေဆိပ်များကို တိုးချဲ့တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင် တည်ဆောက်ခြင်း လုပ်ငန်းများအား ပြည်တွင်းပြည်ပ ခရီးသည် ၀င်ရောက်မှုပေါ် မူတည်၍ ဦးစားပေး ရွေးချယ်လုပ်ကိုင်လျက် ရှိသည်။

လာမည့် ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ညောင်ဦး၊ မြိတ်၊ တာချီလိတ်နှင့် မြစ်ကြီးနား လေဆိပ်များ၏ ခရီးသည် အဆောက်အအုံများကို တိုးချဲ့သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မဒေးကျွန်းမှ တရုတ်နိုင်ငံသို့ ပို့လွှတ်မည့် ရေနံတစ်တန်လျှင် တစ်ဒေါ်လာသာ ရရှိသည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှု ၉၆ ရာခိုင်နှုန်းကျော် ပြီးစီး

Monday, 18 November 2013


မဒေးကျွန်းရှိ စီမံကိန်း လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်

မဒေးကျွန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း တင်ပို့မည့် အရှည် ၇၇၁ ကီလိုမီတာ ရှည်လျားသည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှုမှာ လက်ရှိတွင် ၉၆ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း ရေနံစိမ်းပိုက်လိုင်း ကုမ္ပဏီ (SEAOP)၊ PR Department မှ Mr.Zhang က ပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့် ပိုက်လိုင်းတည်ရှိမှုအတွက် ပိုက်လိုင်းဖြတ်သန်းခအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်ဖြစ်ပြီး နိုင်ငံတော် အခွန်အနေဖြင့် ပို့လွှတ်မည့် ရေနံတစ်တန်လျှင် အမေရိကန် တစ်ဒေါ်လာနှုန်း ရရှိမည်ဖြစ်ကြောင်း ရေနံစိမ်း ပိုက်လိုင်းကုမ္ပဏီ (SEAOP) မှ သိရသည်။

"ခုချိန်မှာ ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှုက ၉၆ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီ ဖြစ်ပါတယ်။ ရေနံစိမ်း ပိုက်လိုင်းကနေ ဘယ်တော့စတင် တင်ပို့မယ်ဆိုတာကို မကြာခင် ထုတ်ပြန်သွားမှာပါ။ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကတော့ ရာနှုန်းပြည့် လည်ပတ်နေပါပြီ" ဟု ရေနံစိမ်းပိုက်လိုင်း ကုမ္ပဏီ SEAOP၊ PR Department မှ Mr.Zhang က ပြောကြားသည်။

မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းသည် ရခိုင်ပြည်နယ် မဒေးကျွန်းမှ စတင်၍ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်များကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှတစ်ဆင့် တရုတ်နိုင်ငံအတွင်း သွယ်တန်းထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေနံစိမ်းပိုက်လိုင်းဖြင့် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန်ပေါင်း ၂၂ သန်း ပို့လွှတ်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် တစ်နေ့လျှင် ရေနံစိမ်းတန်ချိန်နှစ်သန်း ပို့ဆောင်ပေးမည်ဖြစ်ကြောင်း Process Station ငါးခုကိုလည်း တည်ဆောက်မည် ဖြစ်ကြောင်းနှင့် Offloading Point မှာ စကုဖြစ်ကြောင်း သိရသည်။



မဒေးကျွန်း စီမံကိန်း လုပ်ငန်းခွင် တစ်နေရာအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- အောင်ရမ္မာ)

"အရှေ့အလယ်ပိုင်းက ရေနံတွေကို တရုတ်နိုင်ငံကို တင်ပို့နိုင်ဖို့အတွက် တရုတ်က မြန်မာကို ကြားခံသယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းအဖြစ် အသုံးပြုခဲ့တာ။ အဲဒီအတွက် မဒေးကျွန်းမှာ တန်ချိန်သုံးသိန်းရှိ သင်္ဘောတွေ ဆိုက်ကပ်နိုင်မယ့် ရေနံတင်ဆိပ်ကမ်းကို တည်ဆောက်တယ်။ အရှေ့အလယ်ပိုင်းက ရေနံတွေကို မဒေးကျွန်း ရေနံတင် ဆိပ်ကမ်းမှာ ထားမယ်။ ဆိပ်ကမ်းက ရေနံတွေကို ပိုက်လိုင်းကတစ်ဆင့် တရုတ်ကို တင်ပို့မှာ ဖြစ်ပါတယ်" ဟု အဆိုပါ စီမံကိန်းနှင့် နီးစပ်သူ တစ်ဦးက ပြောပြခဲ့သည်။ ထို့ပြင် မဒေးကျွန်းတွင် တန်ချိန်သုံးသိန်းရှိ ရေနံတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ရေနံတင်ဆိပ်ကမ်း တည်ဆောက်မှုမှာလည်း ပြီးစီးနေပြီဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။ အဆိုပါ ရေနံတင် ဆိပ်ကမ်းသည် တရုတ်နိုင်ငံမှ China National Petroleum Corp oration (CNPC) နှင့် မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

EMG

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ချင်းပြည်နယ်သို့ ရောက်ရှိ

Monday, 18 November 2013


ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒေသခံများအား နှုတ်ဆက်နေစဉ်

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် ချင်းပြည်နယ် ခရီးစဉ်အဖြစ် ယနေ့နံနက်ပိုင်းတွင် ရဟတ်ယဉ်များဖြင့် ကလေးမြို့မှတစ်ဆင့် တီးတိန်မြို့သို့ ရောက်ရှိလာပြီး ဒေသခံများနှင့် ကမ်ဟောက်ခန်းမတွင် တွေ့ဆုံကာ နေ့လယ် ၁ နာရီခွဲတွင် ဟားခါးမြို့သို့ ရောက်ရှိကာ ဒေသခံများနှင့် ဟားခါးမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံခဲ့သည်ဟု သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဟားခါးမြို့၊ ဖလမ်းမြို့နှင့် ထန်တလန်မြို့တို့ရှိ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

"ချင်းပြည်နယ် ဒေသခံများ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် တွေးတောကြပြီး ဒေသနဲ့ ကိုက်ညီအောင် လုပ်ဆောင်ကြပါ။ အများဆန္ဒရဲ့ ဆုံးဖြတ်ထားသော ဆုံးဖြတ်ချက်များကိုလည်း လိုက်နာကြပြီး လူနည်းစုရဲ့ ဆန္ဒကိုလည်း လေးလေးစားစား ရှိရပါမယ်" ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ဒေသခံများ အနေနှင့် မိမိတို့ မြို့နယ်အသီးသီးတွင် လေယာဉ်ကွင်း ရရှိရေး၊ လမ်းပမ်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စများကို အဓိကထား တင်ပြသွားသည်။

"ဟားခါးမြို့ကို ရောက်ရှိလာပြီး ဒေသခံတွေနဲ့ တွေ့ဆုံတယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်။ ဒီဒေသရဲ့ အခက်အခဲနဲ့ လိုအပ်ချက်တွေ တင်ပြခွင့်ရလို့ ကျေးဇူးတင်ပါတယ်" ဟု ဒေသခံ တစ်ဦးမှ ပြောကြားသည်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ ချင်းပြည်နယ် မင်းတပ်မြို့နှင့် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ သွားရောက်မည်ဖြစ်ပြီး မကွေးမြို့တွင် ညအိပ်ရပ်နားမည်ဟု သိရသည်။

EMG

Sunday, November 17, 2013

ရန်ကုန်-မော်လမြိုင် ခရီးသည်တင် မှန်လုံယာဉ် မုဒုံတွင် လမ်းဘေးချောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး ခရီးသည် ၂၂ ဦး ဒဏ်ရာရရှိ

 Sunday, 17 November 2013


နိုဝင်ဘာ ၁၆ ရက်က ခရီးသည်တင် မှန်လုံယာဉ် မုဒုံမြို့နယ် ကမာဝက်တိုက်နယ် ဖောင်စိန်ကျေးရွာ ဖောင်စိန်ချောင်းထဲသို့ ထိုးကျနေစဉ်

မုဒုံမြို့နယ် ကမာဝက်တိုက်နယ် ဖောင်စိန်ကျေးရွာ ဖေါင်စိန်ချောင်းထဲသို့ ရန်ကုန်-မော်လမြိုင် ပြေးဆွဲနေသော အောင်သီဟ ယာဉ်လိုင်းမှ မှန်လုံကားတစ်စီး ထိုးကျတိမ်းမှောက်မှု နိုဝင်ဘာလ (၁၆) ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အောင်သီဟ မှန်လုံယာဉ်လိုင်းမှ ဟီးနိုးအမျိုးအစား ယာဉ်အမှတ် ၄ခ။--- သည် ကမာဝက်တိုက်နယ် ဖေါင်စိန်ကျေးရွာအရောက် မောင်လမြိုင်-သံဖြူဇရပ်-ရေး လမ်းမိုင်တိုင်အမှတ် (၃၇။၃) တံတားအမှတ် ၃၈။၂ (သံဖြူဇရပ် မြို့အ၀င်) အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တံတားပေါင်ကိုတိုက်ပြီး ဖေါင်စိန်ချောင်းထဲသို့ ထိုးကျတိမ်းမှောက် ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလာသူ ၂၂ ဦးလုံး ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကာ သံဖြူဇရပ်မြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ဆေးကုသမှု ခံယူခဲ့သည်။

"ကျွန်တော်က လမ်းမှာအိပ်ပျော်လာတာ။ ကားနဲ့တံတားပေါင် တိုက်မိပြီး ချောင်းထဲကျတဲ့ အချိန်မှ နိုးလာတာ။ ဖြစ်ဖြစ်ချင်း မထနိုင်ဘူး။ ကားသမားတွေ အော်တော့မှ အတင်းထပြီး လမ်းပေါ်ပြန်တက်လာတာ" ဟု ယာဉ်ပေါ်ပါလာသူ ခရီးသည် တစ်ဦးက ပြောကြားသည်။

"ကားက အရှိန်များပြီး လမ်းရဲ့ ညာဘက်မှာရှိတဲ့ လမ်းဘေးက ပန်းခုံကို အရင်တိုက်တယ်။ နောက် တံတားရဲ့ ဘယ်ဘက်တံတားပေါင်ကိုတိုက်ပြီး ချောင်းထဲကျသွားတယ်။ ချောင်းထဲမှာ ရေနည်းနေတဲ့ အချိန်ဖြစ်လို့ ခရီးသည်တွေ သက်သာတာ။ ချောင်းရေများနေရင် မလွယ်ဘူး" ဟု ကမာဝက် တိုက်နယ်ရဲစခန်းမှ တာဝန်မှူးက ပြောကြားသည်။

ထို့ကြောင့် အောင်သီဟ မှန်လုံကားမှ ယာဉ်မောင်း ဦးအေးကျော်အား ယာဉ် (ပ) ၁၁။ ၂၀၁၃ ပုဒ်မ ၃၃၇။၃၃၈ အရ ကမာဝက် တိုက်နယ်ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

EMG

ခင်ပွန်းဖြစ်သူက မိတ်ဆက်ပေးသော ယောင်္ကျားလေးနှင့် ချစ်ကြိုးသွယ်မိရာမှ လက်ထပ်လိုက်ကြပြီး အတူနေကြတဲ့ ၂ လင် ၁ မယား




ပေါလ်၊ မာရီယာ၊ ပီတာ၊ ဓာတ်ပုံ- The Mirror

လောကမှာ ထူးဆန်းတာတွေ ရှိကြတဲ့အထဲ ဒီကနေ့ လန်ဒန်က သတင်းတခုက တလင် ၂ မယား မဟုတ်ပဲ ၂ လင် ၁ မယား ဆိုတော့ စိတ်ဝင်စားစရာမို့ ပြန်လည် ဖောက်သည် ချလိုက်ပါတယ်။ အခု ဓာတ်ပုံထဲ မှာ တွေ့ရတဲ့ အမျိုးသမီး မာရီယာ ဘူဇကီဟာ ခင်ပွန်း ဖြစ်သူ ပေါလ်ရယ်၊ မာရီယာရဲ့ ချစ်သူ ပီတာ တို့နဲ့ အတူတူ တအိမ်တည်း ချစ်ချစ်ခင်ခင် နေထိုင်ပါသတဲ့။


ကလေး ၂ ယောက်အမေ မာရီယာက ပေါလ်နဲ့ အိမ်ထောင်ကျပြီး သားသမီး ၂ ဦးထွန်းကားခဲ့ပါတယ်။ ဒါပေမယ့် ထူးခြား တာက သူဟာ ချစ်သူအသစ် ပီတာ ဂရုမန် မရှိရင် အသက်ရှင်လို့ ရမှာတောင် မဟုတ်ဘူးလို့ သူက ထင်ပါသတဲ့။



မာရီယာရဲ့ ခင်ပွန်းသည် ပေါလ်နဲ့ မာရီယာရဲ့ ချစ်သူ ပီတာတို့ ငါးဖမ်း အတူထွက်ကြစဉ်


နောက်ထပ်ထူးဆန်းတာက မာရီယာရဲ့ ခင်ပွန်း ပေါလ်နဲ့ မာရီယာရဲ့ ချစ်သူ ပီတာတို့ကလည်း အရမ်းကို ရင်းနှီးကြတဲ့ သူ တွေဖြစ်လေတော့ နောက်ဆုံးသူလည်း ဆုံးဖြတ်ချက်တခုကို ပိုင်ပိုင်နိုင်နိုင်ကြီးချလိုက်ပါ တယ်။

နောက်ဆုံးတော့ ပီတာဟာ သူတို့ မိသားစု ရှိတဲ့ အရှေ့ လန်ဒန်၊ ဘတ်ကင်းက အိမ်ကြီးကို ပြောင်းရွှေ့ လာခဲ့တယ်လို့ The Mirror သတင်းတခုက ဆိုပါတယ်။ အခုဆို မာရီယာက အသက် ၃၃ နှစ်၊ ခင်ပွန်း သည် ပေါလ် က အသက်၃၇ နှစ်နဲ့ သူတို့ရဲ့ သားသမီးတွေဖြစ်တဲ့ လော်ရာ ၁၆ နှစ်၊ အေမီ ၁၂ တို့နဲ့ အတူ မာရီယာရဲ့ ချစ်သူ အသက် ၃၆ နှစ်ရှိ ပီတာတို့ ဟာ အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ မာရီယာတို့ ရဲ့ အိမ် ကြီး မှာ နေကြပါတယ်။


မာရီယာ၊ ခင်ပွန်းဖြစ်သူ ပေါလ်နဲ့တကွ သားသမီး ၂ ဦး၊ မာရီယာရဲ့ချစ်သူ ပီတာတို့ ကို အခုလိုပျော်ပျော်ရွင်ရွင်တွေ့ရစဉ်

“လူတွေကတော့ ဒါကို ရူးကြောင်ကြောင်လို့ ထင်ချင် ထင်ကြလိမ့်မယ်။ ဒါပေမယ့် ကျမက ဒီလူ ၂ ယောက် လုံးကို ချစ်တယ်။ သူတို့ ၂ ယောက်ထဲက တယောက်ယောက်ကို ရွေးပါဆိုရင် ကျမ မရွေးနိုင်ပါဘူး” လို့ အိုးအိမ် ဆက်သွယ်ရေး အရာရှိ တဦးလည်းဖြစ်တဲ့ မာရီယာက ဆိုပါတယ်။

“ပေါလ် ထွက်သွားတဲ့အချိန်ဆို ကျမဘ၀က ဟာတာတာကြီးဖြစ်တယ်။ တခါ ပီတာကို မမြင်ရပြန်တော့လ ည်း ကျမ အသဲ ကွဲရပြန်တယ်။ ဒါကြောင့် သူတို့ ၂ ယောက်လုံးနဲ့ အတူတူနေတဲ့ လမ်းပဲ ရှိတယ်လေ” လို့ မာရီယာက ပြောပါတယ်။

ဒါကို ခင်ပွန်းသည် ပေါလ်နဲ့ ချစ်သူ ပီတာတို့က လက်ခံသဘောတူခဲ့ကြတာပါတဲ့။ သူတို့ကလည်း မာရီယာ ရဲ့ အချစ်ကို ခွဲဝေပေးတယ်လို့လည်း မခံစားရသလို တယောက်ကိုတယောက်လည်း မနာလို မရှုစိမ့် မဖြစ် ကြ ပါဘူးလို့ သူတို့က ပြောပါ တယ်။

အိပ်ချိန်တွေမှာလည်း တလှည့်စီ အဆင်ပြေသလို အိပ်ကြပါတယ်တဲ့။


မာရီယာနဲ့ ပေါလ် တို့ လက်ထပ်ကြချိန်က မြင်ကွင်း

မာရီယာ အသက် ၁၅ သမီး ဘ၀က ပေါလ်နဲ့ ကျောင်းမှာ တွေ့ကြပြီး နောက် ၂ နှစ်လောက်အကြာ ချိန်းတွေ့ကြတယ်တဲ့။

ဒီနောက်ပိုင်း မမျှော်လင့်ပဲ ကိုယ်ဝန်ရှိလာပြီး ပေါလ်က လက်ထပ်ခွင့်တောင်းလို့ လက်ထပ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီမှာ လော်ရာလေး မွေးပါတယ်။ လော်ရာမွေးပြီး နောက် ၄ နှစ်လောက်မှာ အေမီလေး ထပ်မွေးခဲ့ပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်လောက်က သူတို့ အိမ်ထောင်ရေးလည်း အတော်အဆင်မပြေဖြစ် လာခဲ့ တယ်။ ပေါလ်က လည်း အလုပ် မရှိ ဖြစ်တာက ၆ လလောက်ကြာတယ်။

ဒီမှာ ပေါလ်နဲ့ မာရီယာတို့က လင်မယားပုံစံထက် မောင်နှမ ပုံစံ ဆက်ဆံရေးမျိုးဖြစ်လာတယ်လို့ ဆိုတယ်။

ဒီနောက်ပိုင်း စိတ်ဖိစီးမှုတွေနဲ့ မာရီယာကိုလည်း အပြုံးလှတဲ့ ပီတာနဲ့ မိတ်ဆက်ပေးရာက သိကျွမ်းလာပြီး တိတ်တဆိတ် ငြိစွန်းလာကြရင်း အရမ်းချစ်သွားကြတာတဲ့။

အစပိုင်းတော့ မာရီယာအနေနဲ့ တယောက်ယောက်ကို လမ်းခွဲဖို့ ခင်ပွန်းသည်နဲ့ ချစ်သူတို့ရဲ့ တိုက်တွန်းမှု ရှိခဲ့ပါတယ်တဲ့။ ဒါပေမယ့်နောက်ပိုင်းကျ မိသားစု တကွဲတပြားဖြစ်ရတဲ့ ခံစားမှု၊ ချစ်သူနဲ့ ဝေးရတဲ့ ခံစားမှု တွေ ဆင့်ဆင့် ရောက်လာတော့ အခုလို အကောင်းဆုံး ဖြစ်တဲ့ ခင်ပွန်းနဲ့ရော ချစ်သူနဲ့ရော အတူနေဖြစ် သွားဖို့ အားလုံးက ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေး နွေးကြရင်း ဒီလို ထူးခြားတဲ့ မိသားစုမျိုးဖြစ်လာရတာလို့ သိရပါတယ်။


အိမ့်သံစဉ် ~
By ဧရာဝတီ

တရုတ်တွင် တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ ဖြေလျှော့ကာ ပြုပြင်ထိန်းသိမ်းရေး အလုပ်စခန်းစနစ် ဖျက်သိမ်း


Sunday, 17 November 2013




ရှန်ဟိုင်းရှိ လမ်းတစ်လမ်းပေါ်တွင် နိုဝင်ဘာ ၁၆ ရက်က ကလေးတစ်ဦးကို မိဘများ၊ အဘိုးအဘွားများနှင့်အတူ တွေ့ရစဉ် (Photo:AFP)

တရုတ်တွင် တစ်အိမ်ထောင် ကလေးတစ်ယောက်နှုန်း မူဝါဒ ဖြေလျှော့ခြင်း၊ ပြုပြင်ထိန်းသိမ်းရေး အလုပ်စခန်းများ ဖျက်သိမ်းခြင်းနှင့် စီးပွားရေး ထိန်းချုပ်မှုများ လျှော့ချခြင်း အပါအ၀င် ပြုပြင်ပြောင်းလဲမှု အစီအစဉ်များကို အာဏာရ ကွန်မြူနစ် အစိုးရက နိုဝင်ဘာ ၁၄ ရက်တွင် ကြေညာခဲ့သည်။

တစ်အိမ်ထောင် ကလေးတစ်ယောက်နှုန်း မူဝါဒကို ဖြေလျှော့မှုအရ ဇနီးမောင်နှံများတွင် ခင်ပွန်း သို့မဟုတ် ဇနီးသည် သွေးရင်းမောင်နှမ မရှိဘဲ တစ်ဦးတည်းသောသား သို့မဟုတ် သမီးဖြစ်ပါက ၎င်းတို့ဇနီးမောင်နှံကို ကလေးနှစ်ဦး မွေးဖွားခွင့် ပြုမည်ဖြစ်သည်။ လက်ရှိ ကလေးမွေးဖွားမှု ဥပဒေအရ သမီးတစ်ဦးသာရှိသော ကျေးလက်နေ ဇနီးမောင်နှံများ၊ လူနည်းစု တိုင်းရင်းသား မျိုးနွယ်စုများ၊ နှစ်ဖက်စလုံးတွင် သွေးရင်းမောင်နှမ မရှိသော ဇနီးမောင်နှံများမှအပ အခြား ဇနီးမောင်နှံများအား ကလေးတစ်ဦးသာ မွေးဖွားရန် ကန့်သတ်ထားသည်။

ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် တရုတ်တွင် လူဦးရေ တိုးပွားမှုကို ထိန်းချုပ်ရန် တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို ၁၉၇၀ ပြည့်လွန်နှစ်များတွင် စတင်ကျင့်သုံးခဲ့သည်။ ယင်းမူဝါဒကြောင့် သားကြောဖြတ်ခြင်း၊ လရင့်ကိုယ်ဝန်ဖျက်ချခြင်းများ စသည့်လူမဆန်သော လုပ်ရပ်များ ဖြစ်ပွားစေသည်။ တရုတ်တွင် မိန်းကလေး သန္ဓေဖြစ်ပါက ဖျက်ချမှုများ ဖြစ်ပွားနေဆဲဖြစ်ကာ ကျား၊ မ မညီမျှမှုကို ဖြစ်ပေါ်စေသည်ဟု လေ့လာသူများက ဝေဖန်ထားသည်။

တရုတ်တွင် လူဦးရေ တိုးတက်မှု ရေရှည်ဟန်ချက်ညီမှု မြှင့်တင်ရန်အတွက် ကလေးမွေးဖွားမှု မူဝါဒကို တစ်ဆင့်ချင်း ချိန်ညှိပြုပြင် မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းမူဝါဒအပြင် ပြုပြင်ထိန်းသိမ်းရေး အလုပ်စခန်း စနစ်ကိုလည်း တရုတ်အစိုးရက ဖျက်သိမ်းခဲ့သည်။ တရုတ်တွင် ယင်းစနစ်က ပြစ်မှုကျူးလွန်သူများကို ရုံးတင်စစ်ဆေးခြင်း မရှိဘဲ အလုပ်ကြမ်း စခန်းများတွင် လေးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခွင့် ပေးထားသည်။ ယင်းစနစ်အား ဖျက်သိမ်းခြင်းနှင့် သေဒဏ်ကျင့်သုံးမှု လျှော့ချခြင်းသည် လူ့အခွင့်အရေးနှင့် တရားရေး ဓလေ့ထုံးတမ်းများကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရန် ကြိုးပမ်းချက်ဖြစ်ကြောင်း သိရသည်။

ယင်းစနစ်ကို ပြောင်းလဲရန် နှစ်အတန်ကြာ ကတည်းက နိုင်ငံတကာမှ ဖိအားပေးလာခဲ့သည်။ တရုတ် အလုပ်ကြမ်း စခန်းများတွင် လူ ၁၉၀,၀၀၀ ခန့် ထိန်းသိမ်းခံထားရကြောင်း ၂၀၀၉ ခုနှစ် ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်တွင် ခန့်မှန်းဖော်ပြခဲ့သည်။

Ref:AFP

ပဋိပက္ခ ကြုံတွေ့နေရသော မော်လ်ဒိုက်တွင် သမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့ ကျင်းပ


Sunday, 17 November 2013


မော်လ်ဒိုက်သမ္မတဟောင်းနှင့် အတိုက်အခံပါတီခေါင်းဆောင် မိုဟာမက်နာရှိ (လယ်) ကို နိုဝင်ဘာ ၁၀ ရက်တွင် မြို့တော် မေးလ်၌တွေ့ရစဉ် (Photo:AFP)

နိုင်ငံရေး မတည်ငြိမ်မှုကို လပေါင်းများစွာ ကြုံတွေ့ခဲ့ရသော မော်လ်ဒိုက်တွင် သမ္မတသစ် ရွေးချယ်ရန် နိုင်ငံတကာ ဖိအားအောက်၌ သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ကို နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အိန္ဒိယ သမုဒ္ဒရာ ကျွန်းစုနိုင်ငံ မော်လ်ဒိုက်တွင် နိုင်ငံတစ်ဝန်းရှိ မဲရုံများ၌ ဒေသစံတော်ချိန် နံနက် ၇ နာရီခွဲမှ စတင်ကာ မဲဆန္ဒရှင် ၂၃၉၀၀၀ က ကိုယ်စားလှယ်လောင်း နှစ်ဦးအနက် တစ်ဦးကို သမ္မတသစ်အဖြစ် ရွေးချယ်မဲပေးမည် ဖြစ်သည်။ တရားဝင် ရလဒ်ကို နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်နိုင်မည်ဟု မျှော်လင့်ကြောင်း ရွေးကောက်ပွဲကော်မရှင် အကြီးအကဲက ပြောကြားခဲ့သည်။ ရွေးကောက်ပွဲ ဒုတိယအကျော့တွင် နိုင်ငံတစ်ဝန်းရှိ မဲရုံ ၄၇၅ ရုံ၌ မဲပေးခဲ့ကြကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

မော်လ်ဒိုက်တွင် စက်တင်ဘာ ၇ ရက် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခြင်း၊ ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲနှစ်ခုကို ဖျက်သိမ်းခြင်းတို့ကြောင့် ယင်းလုပ်ရပ်များသည် နိုင်ငံရေးအရ လှုံ့ဆော်မှုများ ဖြစ်သည်ဟု ပြည်ပသံတမန်များက ရှုမြင်ခဲ့ကြသည်။ ရွေးကောက်ပွဲ ဒုတိယအကျော့ကို မပြုလုပ်ပါက "သင့်တော်သော အရေးယူမှုများ" ဆောင်ရွက်သွားမည်ဟု ဥရောပ သမဂ္ဂက သတိပေးခဲ့သည်။

၂၀၀၈ ခုနှစ်က ပထမဆုံးအကြိမ် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ၂၁ လ အကြာ၌ ရာထူးမှ ဖြုတ်ချခံခဲ့ရသော သမ္မတဟောင်းနှင့် လက်ရှိအတိုက်အခံခေါင်းဆောင် မိုဟာမက် နာရှိသည် ယခုဒုတိယအကျော့တွင် အနိုင်ရရန် ရေပန်းစားနေသည်။ ဒုတိယအကျော့ မစတင်မီ နှစ်ရက်အလိုတွင် ကြားဖြတ်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မိုဟာမက်ဝါဟိက ဟောင်ကောင်တွင် ၎င်း၏ဇနီး ဆေးကုသမှု ပြုလုပ်ရန် ချိန်းဆိုထားမှုအတွက် နိုဝင်ဘာ ၁၄ ရက်တွင် နိုင်ငံမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲ ဒုတိယအကျော့တွင် နာရှိသည် နိုင်ငံကို အနှစ် ၃၀ ကြာ အုပ်စိုးခဲ့သော အာဏာရှင်ဟောင်း မူမွန်အဗ္ဗဒူဂေယွန်း၏ အဖေတူ အမေကွဲ ညီအစ်ကို အဗ္ဗဒူ လာယာမင်းနှင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ မော်လ်ဒိုက်နိုင်ငံရေး အကျပ်အတည်းကို အဖွဲ့ဝင် ၅၃ နိုင်ငံ ပါဝင်သော ဓနသဟာယ အဖွဲ့က စတင်စစ်ဆေးခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်တွင် အဖွဲ့၏ စည်းမျဉ်းဆိုင်ရာ အဖွဲ့မှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

Ref:AFP

ရုရှားနိုင်ငံလုပ် လေယာဉ်တင် သင်္ဘောကို အိန္ဒိယ စစ်တပ်သို့ ပြန်လည်လွှဲပြောင်းပေး


Sunday, 17 November 2013
L-17-11
အိန္ဒိယက ၀ယ်ယူခဲ့သော ဆိုဗီယက်ခေတ် လေယာဉ်တင်သင်္ဘော INS Vikramaditya ကို  ၂၀၀၉ ခုနှစ် ဇူလိုင် ၂ ရက်က ရိုက်ကူးထားသော ဓာတ်ပုံ (Photo:AFP)
ရုရှားသည် ပြင်ဆင်မွမ်းမံပြီးသော လေယာဉ်တင် သင်္ဘောကို အိန္ဒိယနိုင်ငံသို့ နိုဝင်ဘာ ၁၆ ရက်တွင် ပြန်လည်လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။ သို့သော် သတ်မှတ်ချိန်ထက် ငါးနှစ်နောက်ကျသွားကာ ပြင်ဆင်ခအတွက် ဘတ်ဂျက်ငွေသည်လည်း သတ်မှတ်ထားသည်ထက် များစွာပိုမိုနေသောကြောင့် အိန္ဒိယနှင့် ၎င်း၏ အဓိက လက်နက်ဝယ်ယူရာ ရုရှားတို့အကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့သည်။
အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေကေအန်ထော်နီသည် ဆိုဗီယက်ခေတ် လေယာဉ်တင် သင်္ဘောဖြစ်သော INS Vikramaditya ကို ရုရှားနိုင်ငံ ဆာဗီရိုဗင်စကီးမြို့ရှိ  ဆက်ဗ်မက်ရှ်သင်္ဘောကျင်းတွင် အိန္ဒိယ စစ်တပ်ပိုင်အဖြစ် တရားဝင် လွှဲပြောင်းယူမည်ဖြစ်သည်။ ယင်းသင်္ဘောသည် အိန္ဒိယ ရေပိုင်နက်ထဲသို့ လာမည့်နှစ် အစောပိုင်းတွင် ရောက်ရှိမည် ဖြစ်သည်။ Vikramaditya ကို အိန္ဒိယသို့ ပြန်လည်ပို့ဆောင်ရာတွင် အစောင့်အရှောက် အနေဖြင့် လိုက်ပါရန် သင်္ဘောအချို့ကို အိန္ဒိယဘက်မှ စေလွှတ်မည် ဖြစ်သည်ဟု  အိန္ဒိယရေတပ်မှ ပြောခွင့်ရပုဂ္ဂိုလ် P.V.S က ပြောကြားခဲ့သည်။
၁၉၈၇ ခုနှစ်ကစတင်ကာ ရုရှားတွင် စတင်တာဝန် ထမ်းဆောင်ခဲ့သော Vikramaditya သည် စစ်ပြီးခေတ် ရုရှားနိုင်ငံအတွက် အသုံးပြုရန် အကုန်အကျ များလွန်း၍ ၁၉၉၆ ခုနှစ်တွင် တာဝန်မှ ရပ်ဆိုင်းထားလိုက်သည်။ ၉၃၇ ပေရှည်သော ယင်းသင်္ဘောကို နှစ်ပေါင်းများစွာ ညှိနှိုင်းပြီးနောက်၂၀၀၄ ခုနှစ်တွင် အိန္ဒိယက ၀ယ်ယူခဲ့သည်။ ကနဦးက သင်္ဘောပြင်ဆင် စရိတ်ကို အမေရိကန်ဒေါ်လာ ၇၇၁ သန်းဖြင့် သဘောတူခဲ့သော်လည်း သင်္ဘောအဆင့်မြှင့်တင်သည့် စရိတ်သည် ၂ ဒသမ ၃ ဘီလျံအထိ မြင့်တက်သွားခဲ့ကာ သင်္ဘောကို နောက်ဆုံးပြင်ဆင် ပြီးစီးရမည့် ရက်မှာလည်း များစွာနောက်ကျခဲ့ကြောင်း အိန္ဒိယ သတင်းစာများတွင် ဖော်ပြခဲ့သည်။ အိန္ဒိယ လက်နက်ရာခိုင်နှုန်း ၇၀ ကို ရုရှားမှ ၀ယ်ယူခဲ့သော်လည်း ယခုဖြစ်ရပ်ကြောင့် အိန္ဒိယက ရုရှားအပေါ် နာကြည်းစရာ ဖြစ်သွားခဲ့သည်။
လက်ရှိတွင် အိန္ဒိယ၌ INS Viraat အမည်ရှိ လေယာဉ်တင် သင်္ဘောတစ်စင်းရှိပြီး ယင်းသည် Vikramaditya ပြီးလျှင် အိန္ဒိယ၏ ဒုတိယအကြီးဆုံး စစ်သင်္ဘောဖြစ်သည်။ အိန္ဒိယသည် သြဂုတ်လက ပြည်တွင်း၌ ဆောက်လုပ်နေဆဲဖြစ်သော လေယာဉ်တင် သင်္ဘောတစ်စင်းရှိကြောင်း ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံသည် ၎င်း၏ စစ်တပ်အင်အားကို တိုးမြှင့်ရန် ဆက်တိုက်ကြိုးပမ်းနေချိန်တွင် အိန္ဒိယကလည်း ၎င်းကာကွယ်ရေး အင်အားကို မြှင့်တင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။      
Ref:AFP

နိုင်ငံတကာ အပြေးသမားများ ပါဝင်မည့် ရိုးမမာရသွန်ပြိုင်ပွဲ ရန်ကုန်မြို့၌ ကျင်းပမည်


Sunday, 17 November 2013

၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ရိုးမမာရသွန် ပြိုင်ပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-FMI)

နိုင်ငံတကာမှ မာရသွန် အပြေးသမားများ ပါဝင်မည့် ရန်ကုန်မြို့တွင် အကြီးဆုံး ရိုးမမာရသွန်ပြိုင်ပွဲကို ၂၀၁၄ ဇန်န၀ါရီ ၁၉ တွင် သုဝဏ္ဍ အားကစားကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် အပြေးပြိုင်ပွဲ၏ Project Manager ဒေါ်ခင်စန္ဒာဝင်း၏ ပြောပြချက်အရ သိရသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် ဒုတိယ အကြိမ်အဖြစ် ကျင်းပမည့် အဆိုပါ မာရသွန်ပြိုင်ပွဲ၏ ပွဲစဉ်များမှာ ၄၂ ကီလိုမီတာအပြည့် မာရသွန်၊ ၂၁ ကီလိုမီတာတစ်ဝက် မာရသွန်နှင့် ၅ ကီလိုမီတာ အပျော်တမ်း အပြေးပြိုင်ပွဲတို့ဖြစ်ကာ ဆုကြေးများကို ငွေသားနှင့် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဆီးဂိမ်းစ်ပြီးတဲ့ အချိန်မှာ ပြည်သူတွေ အနေနဲ့ အားကစားစိတ်ဓာတ် ရှင်သန်နေစေဖို့ရယ်၊ ကျန်းမာရေးကို လိုက်စားစေဖို့နဲ့ နိုင်ငံခြားသားတွေ အနေနဲ့လည်း မြန်မာနိုင်ငံက အလှအပတွေကို သိစေပြီး ခရီးသွားလာရေး နယ်ပယ်မှာ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ပြည်တွင်းမှ ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် FMI Center အမှတ် ၃၈၀၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ် ဖုန်း-၀၁ ၂၄၀၃၆၃၊ ၂၄၀၃၇၃၊ ၂၄၀၃၈၂ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပြီး အသက် ၁၆ နှင့်အထက် ကျန်းမာရေး ကောင်းမွန်သည့် မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကာ ၅ ကီလိုမီတာ အပြေးပြိုင်ပွဲ အတွက်မူ အသက်ကန့်သတ်ချက် မရှိကြောင်း သိရသည်။

"၂၀၁၃ ပြိုင်ပွဲကတော့ ပြိုင်ပွဲဝင် တစ်ထောင်လောက် ၀င်ပြိုင်ကြရာမှာ နိုင်ငံခြားသား အယောက် ၅၀၀ ကျော် ပါပါတယ်။ ၂၀၁၄ မှာ လုပ်မယ့်ပွဲမှာကတော့ အားလုံးပေါင်းဦးရေ ၂၀၀၀ လောက် ပါမယ်လို့ မျှော်မှန်းထားပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ပြိုင်ပွဲ၏ တာဝင်၊ တာထွက်ကို သုဝဏ္ဏ အားကစားကွင်းအား သတ်မှတ်ထားကာ ပြေးလမ်းကြောင်းကိုလည်း ယာဉ်ကြောများ ရှုပ်ထွေးမှု မရှိစေရန်၊ လုံခြုံရေး ကောင်းမွန်စေရန်နှင့် ရန်ကုန်မြို့၏ အထင်ကရ နေရာများပါ ပါဝင်စေရန် စီစဉ်ထားကြောင်း သိရသည်။

ပြိုင်ပွဲဝင်ကြေး အနေဖြင့် ပြည်တွင်းမှ ပြိုင်ပွဲဝင်များအတွက် ကျပ် ၅၀၀၀၊ နိုင်ငံတကာမှ ပြိုင်ပွဲဝင်များအတွက် ၄၂ ကီလိုမီတာ မာရသွန်-အမေရိကန်ဒေါ်လာ ၅၅၊ ၂၁ ကီလိုမီတာ မာရသွန်-အမေရိကန်ဒေါ်လာ ၄၅၊ ၅ ကီလိုမီတာ မာရသွန်-အမေရိ ကန်ဒေါ်လာ ၃၀ တို့ အသီးသီး သတ်မှတ်ထားကာ ပြိုင်ပွဲဝင်ကြေးများ အားလုံးကို နေ့ကလေးထိန်းကျောင်း၊ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာနှင့် မုံရွာမိဘမဲ့ ဂေဟာတို့သို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။



EMG

Mobile Team အဖွဲ့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ကုန်လှောင်ရုံများနှင့် အများပြည်သူ ၀င်ထွက်သွားလာရာ နေရာများအား ဒီဇင်ဘာလအတွင်း စတင်စစ်ဆေးမည်


Sunday, 17 November 2013



ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား စက်တင်ဘာလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ကုန်လှောင်ရုံများနှင့် အများပြည်သူ ၀င်ထွက်သွားလာရာ နေရာများဖြစ်သည့် Hand Carry၊ Baggage နှင့် Air Cargo နေရာများသို့ Mobile Team အဖွဲ့မှ ဒီဇင်ဘာလအတွင်း စတင်စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးတွင် ပြုလုပ်သည့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

တရားမ၀င် တင်သွင်းနေသည့် ကုန်စည်များအား စတင်ဖမ်းဆီးသည့် အချိန်မှ တစ်နှစ်ခန့် ကာလအတွင်း တရားဝင် ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် တိုးတက်ခဲ့ပြီး တရားမ၀င်ကုန်စည် ဖမ်းဆီးမှုမှ ကျပ်ငွေ ၇ ဒသမ ၈ ဘီလျံကျော်ခန့်နှင့် မှောင်ခိုကုန်သွယ်မှုများ ပပျောက်စေရန် နယ်စပ်နေ ပြည်သူများအတွက် ကုန်သွယ်မှုကတ် ထုတ်ပေးမှုမှ ကျပ်ငွေ ၄ ဒသမ ၅ ဘီလျံခန့်အထိ ရရှိခဲ့ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂၆၀၉ ဒသမ ၂၂၅ သန်း (၁၂ ဘီလျံကျော်) ရရှိခဲ့ပြီး အောက်တိုဘာ ၂၅ ရက်အထိ ဆိုပါက စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၁၂၈ ဒသမ ၁၅၄ သန်း (၁၃ ဘီလျံ) ကျော်ရှိကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှုများအား စတင်ဖမ်းဆီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၇ ရက်အထိ တရားမ၀င် ကုန်သွယ်မှုမှ နိုင်ငံပိုင်အဖြစ် ဖမ်းဆီးနိုင်ခဲ့သော ပမာဏမှ ကျပ်ငွေ ၇ ဒသမ ၈ ဘီလျံကျော်ဖိုးအထိ ရှိနေကြောင်း သိရသည်။

ကုန်သွယ်မှု ပမာဏ ၁၃ ဘီလျံကျော်တွင် ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၅၉၈၀ ဒသမ ၂၃၃ သန်း၊ သွင်းကုန်မှ အမေရိကန်ဒေါ်လာ ၇၁၄၇ ဒသမ ၉၂၁ သန်း ရရှိခဲ့သဖြင့် ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ရှိကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅၅၅၉ ဒသမ ၈၄ သန်းရရှိရန် လျာထားခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် ငါးလသာ လိုတော့သည့် အချိန်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ လျာထားချက်၏ ၅၁ ရာခိုင်နှုန်းကျော်သာ ရရှိသေးကြောင်း သိရသည်။

EMG

Related Posts Plugin for WordPress, Blogger...