Thursday, September 5, 2013

ASEAN Single Window တွင် မြန်မာနိုင်ငံ ပါဝင်နိုင်ရန် အမေရိကန်သံရုံးမှ ကူညီမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ကမ်းလှမ်း

 Created on Wednesday, 04 September 2013

ရန်ကုန်မြို့ အတွင်းရှိ ဆိပ်ကမ်းတစ်ခုအား စက်တင်ဘာ လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

အာဆီယံစီးပွားရေး အသိုက်အ၀န်း (ASEAN Economic Community-AEC) တွင် အကောင်အထည် ဖော်ဆောင်မည့် ASEAN Single Window တွင် မြန်မာနိုင်ငံ အနေနှင့် ပါဝင်နိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးမည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ကမ်းလှမ်းထားကြောင်း အာဆီယံစီးပွားရေး အသိုက်အ၀န်း အသိပညာ ပြန့်ပွားရေးအဖွဲ့မှ သဘာပတိဖြစ်သူ ဦးတင်ချိုက ပြောကြားသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် စတင်မည့် AEC တွင် အာဆီယံနိုင်ငံများအကြား လွတ်လပ်စွာ ကုန်သွယ်မှု၊ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်မည်ဖြစ်သည်။ ထိုသို့ အာဆီယံ ၁၀ နိုင်ငံအနက် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စသည့်ဖွံ့ဖြိုးမှု နောက်ကျနေသည့် နိုင်ငံများ ရှိနေပြီး ထိုသို့ဖွံ့ဖြိုးမှု နောက်ကျသည့် CLMV နိုင်ငံများတွင် ပါဝင်ခဲ့သော်လည်း ဗီယက်နမ်နိုင်ငံ အနေဖြင့် လက်ရှိတွင် အဆင်သင့်ဖြစ်နေသည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။

အာဆီယံ စီးပွားရေး အသိုက်အ၀န်းတွင် မြန်မာနိုင်ငံ ပါဝင်ယှဉ်ပြိုင်နိုင်ရန် လိုအပ်သည့် ငွေကြေးကဏ္ဍ၊ နည်းပညာများ ကူညီရန် ကမ်းလှမ်းသည့် နိုင်ငံများအနက် အမေရိကန်နိုင်ငံအပြင် ဂျပန်နိုင်ငံလည်း ပါဝင်နေသည်။

ဖွံ့ဖြိုးမှု နောက်ကျနေသည့် မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘောဒီးယား၊ လာအို စသည့်နိုင်ငံများသည်လည်း အာဆီယံနိုင်ငံများအကြား ဈေးကွက်တစ်ခုတည်း ဖြစ်ပေါ်ရေးအတွက် လုပ်ဆောင်နေသည့် AEC အား သတ်မှတ်ကာလအတွင်း အကောင်အထည် ဖော်နိုင်မည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံအခြေစိုက် ကုန်သည်ကြီးများ အသင်းနှင့် စင်ကာပူနိုင်ငံအခြေစိုက် အမေရိကန် ကုန်သည်ကြီးများ အသင်းတို့မှ ဒေသတွင်းရှိ အမေရိကန်စီးပွားရေး လုပ်ငန်းအမှုဆောင် ၄၇၅ ဦးကို စစ်တမ်းကောက်ယူမှုအရ သိရသည်။

"AEC ဆိုတာ အာဆီယံနိုင်ငံ ၁၀ နိုင်ငံ ပူးပေါင်းပြီးမှ တစ်ခုတည်းသော ဈေးကွက်ဆိုတာမျိုး အကောင်အထည် ပေါ်လာမှာပါ။ တစ်နိုင်ငံ အသင့်မဖြစ်တာနဲ့ အကောင်အထည် မဖော်နိုင်ပါဘူး" ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ အနေနှင့် AEC တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ အဓိကတာဝန်ယူ လုပ်ဆောင်နေကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...