Thursday, September 5, 2013

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် တစ်ရက်လျှင် လူနှစ်ဦးနှုန်း အဖမ်းခံနေရ

 Created on Wednesday, 04 September 2013


ကချင်ပြည်နယ် ဖားကန့်မြို့နယ် တစ်နေရာတွင် မူးယစ်ဆေးဝါး သုံးစွဲနေသူ တစ်ဦးကို သြဂုတ်လဆန်းက တွေ့ရစဉ်

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာပြီး မူးယစ်ဆေးနှင့် ဆက်စပ်၍ တစ်ရက်လျှင် လူနှစ်ဦး အဖမ်းခံနေရကြောင်း အထူးမူးယစ် အဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။

ကချင်ပြည်နယ်၏ မြစ်ကြီးနား အထူးမူးယစ်နှင့် ဗန်းမော်အထူးမူးယစ်၏ မှတ်တမ်းများအရ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ရက်ပေါင်း ၂၄၅ ရက်အတွင်း အမှုပေါင်း ၃၄၉ မှု၊ တရားခံဦးရေ ၄၈၀ ဦး (ကျား-၃၇၆ ဦး၊ မ-၁၀၄ ဦး) ရှိခဲ့ပြီး ဖမ်းမိသော ဘိန်းဖြူ၊ ဘိန်းမည်း စိတ်ကြွဆေးပြား တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၁၁၀၅ သိန်းကျော်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် အထူးမူးယစ်အဖွဲ့မှ အရာရှိတစ်ဦးက "ဘိန်းထွက်ရှိမှု အနေနဲ့ ကချင်ပြည်နယ်က ရှမ်းပြည်နယ်ကို မမီပါဘူး။ အထူးသဖြင့်တော့ မူးယစ်ဆေးဝါးတွေဟာ ရွှေမှော်ကျောက်မှော်တွေမှာ ဈေးကွက်ကြီးတစ်ခု ဖြစ်နေတယ်။ ငွေရှာရလွယ်တော့ သုံးစွဲတဲ့လူလည်း များတယ်။ ထောင်ထဲမှာလည်း လူဦးရေ ငါးပုံလေးပုံဟာ မူးယစ်ဆေးကြောင့်ပဲ" ဟု ပြောကြားသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက "မြို့နယ်တိုင်းမှာ တင်ပြတဲ့ ပြဿနာပါ။ ကျွန်တော်တို့နိုင်ငံသာ ခံရတာ မဟုတ်ဘူး၊၊ ဆင်းရဲ/ချမ်းသာ တိုင်းပြည်တိုင်း ခံစားနေရတာပါ။ ဘိန်းအစားထိုး ကိစ္စကို ဒေသအေးချမ်းတာနဲ့ စီစဉ်ပါ့မယ်။ မူးယစ်ဆေးဝါးက ငွေနဲ့ပတ်သက်နေတော့ တိုက်ဖျက်ရတာ အရမ်းခက်တယ်" ဟု ၀ိုင်းမော်မြို့၌ လူထုနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

ဖားကန့်ဒေသခံ ဦးတင်ထွန်းလင်းကမူ "ဖားကန့်မှာတော့ နံပါတ်ဖိုးကို ပွဲတန်းကြီးလို ရောင်းနေတာ။ လူငယ်တွေလည်း တိုက်ရိုက်ထိုးကြတာ များတယ်။ ဒီကိုရောက်လာမှ ဆရာဝန်တွေကအစ မူးယစ်ဆေးကြောင့် ဘ၀ဆုံးသွားကြတယ်" ဟု ဆိုသည်။

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ်ပွားနေသော ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ပိုမိုများပြားလာကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...