Monday, September 16, 2013

တရုတ်နိုင်ငံက မြှုပ်နှံသည့် စီမံကိန်းများအပေါ် မြန်မာပြည်သူများ နှစ်လိုမှု မရှိသကဲ့သို့ မဖြစ်စေရန် ကုလားတန် စီမံကိန်း အကောင်အထည် ဖော်နေသည့် အိန္ဒိယနိုင်ငံ အနေဖြင့် ပိုမိုတာဝန် ခံသင့်သည်ဟုဆို

Created on Sunday, 16 September 2013


ကုလားတန် ဘက်စုံသုံး ပို့ဆောင်ရေး ကြားစခန်း စီမံကိန်း တည်ဆောက်မှု အဆင့် (၄) မြေပုံကို တွေ့ရစဉ်

မြန်မာနိုင်ငံ အတွင်း၌ တရုတ်နိုင်ငံရှိ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ဒေသခံများ၏ လူမှုပတ်ဝန်းကျင် ထိခိုက်မှုနှင့် စီမံကိန်း လုပ်ဆောင်မှုကြောင့် ဒေသခံများ၏ လူနေမှုဘ၀ မတိုးတက်သည့်အပြင် လယ်မြေ သိမ်းဆည်းခံရမှု စသည့်ဖြစ်ရပ်များကြောင့် မြန်မာပြည်သူများ အနေနှင့် တရုတ်နိုင်ငံရှိ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုအပေါ် မယုံကြည်သကဲ့သို့ မဖြစ်စေရန် အိန္ဒိယနိုင်ငံ အစိုးရ အကောင်အထည် ဖော်ဆောင်နေသည့် ကုလားတန် စီမံကိန်းအား မြန်မာပြည်သူ ဒေသခံများ အကျိုးအတွက် ပိုမိုတာဝန်ခံ လုပ်ဆောင်သင့်ကြောင်း ကုလားတန် စီမံကိန်းအပေါ် လေ့လာစောင့်ကြည့် နေသူများက ဝေဖန်ပြောကြားသည်။

ခန့်မှန်းမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၁၄ သန်းခန့် ကုန်ကျမည့် ကုလားတန် စီမံကိန်းအား အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရ အဖွဲ့တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်နေခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းအား အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆိပ်ကမ်းတည်ဆောက်၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့အား ဖြတ်သန်းသွားမည်ဖြစ်ကာ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အား ချိတ်ဆက်ကာ ကုန်စည်သယ်ယူ ပို့ဆောင်မည့် စီမံကိန်းများဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း တစ်လျှောက်တွင် မြန်မာနိုင်ငံအတွင်း စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝ စသည့်မြို့နယ်များအား ဖြတ်သန်းသွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းသည် အိန္ဒိယအစိုးရ ချမှတ်ထားသည့် အရှေ့မျှော် မူဝါဒ၏ အဓိက အစိတ်အပိုင်းဖြစ်သည့် ကုန်သွယ်မှုလမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာမည် ဖြစ်သည်။

"တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေက ဝေဖန်စရာချည်းပဲ ဖြစ်နေပေမယ့် ကျွန်တော်တို့ထက် ဒီမိုကရေစီ ရင့်သန်တဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ တရုတ်နိုင်ငံထက်သာတဲ့ တာဝန်သိမှုတွေကို မျှော်လင့်ပါတယ်။ အိန္ဒိယနိုင်ငံကို တရုတ်နိုင်ငံထက် အထင်ကြီးချင်ပါတယ်။ ဒီစီမံကိန်းကို လုပ်ဆောင်လာတာကြာပြီ ဖြစ်ပေမယ့် အိန္ဒိယ အစိုးရအနေနဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေ အကောင်အထည်ဖော်ရာမှာ တော်တော်အားနည်းနေတာကို တွေ့ရပါတယ်" ကုလားတန်စီမံကိန်း လှုပ်ရှားမှုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အိန္ဒိယနိုင်ငံ အနေနှင့် အိမ်နီးချင်းနိုင်ငံကောင်း တစ်ခုအဖြစ် ကုလားတန်စီမံကိန်း တစ်လျှောက်တွင် ရှိနေသည့် မြန်မာပြည်သူ ဒေသခံများ၏ အကျိုးစီးပွားအား လက်ရှိကာလထက် မြှင့်တင်ပေးရန်နှင့် ယင်းစီမံကိန်းအား ရခိုင်ပဋိပက္ခ ဖြစ်နေစဉ်၌ပင် ရပ်ဆိုင်းမှုမရှိဘဲ လုပ်ဆောင်ခဲ့သည့်အတွက် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း လုပ်ဆောင်သည့် တရုတ်နိုင်ငံကဲ့သို့ပင် အခွင့်ကောင်းယူ လုပ်ဆောင်မှုဖြစ်နေပြီး ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ယခုထက်ပိုမို၍ လုပ်ဆောင်ပေးသင့်ကြောင်း ဝေဖန်ပြောကြား နေကြသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်နေစဉ် ကာလ၌ပင် ရပ်နားမှု မရှိခဲ့သည့် ကုလားတန် စီမံကိန်းအား ၂၀၁၅ ခုနှစ်တွင် စီမံကိန်း စတင်လည်ပတ်ရန် လုပ်ဆောင်နေသည်။

ကုလားတန် စီမံကိန်းအား အဆင့်လေးဆင့်ဖြင့် အကောင်အထည် ဖော်ဆောင်နေခြင်းဖြစ်ပြီး ပထမအဆင့်တွင် ဆိပ်ခံတံတားများ၊ ဆိပ်ကမ်းများ တည်ဆောက်မည် ဖြစ်သည်။ ဒုတိယ အဆင့်တွင် ကုလားတန်မြစ်အား သောင်တူးခြင်း၊ ချင်းပြည်နယ် ပလက်ဝတွင် သင်္ဘောဆိပ်ကမ်း တည်ဆောက်ခြင်းနှင့် ကုန်များလွှဲပြောင်းသည့် ဂိတ်တည်ဆောက်ခြင်း လုပ်ငန်းစဉ်များအား တည်ဆောက်မည်ဖြစ်သည်။ တတိယအဆင့်နှင့် စတုတ္ထအဆင့်တွင်မူ မြန်မာ-အိန္ဒိယ အဝေးပြေး လမ်းများအား ကုန်သွယ်မှု ချောမွေ့စေရန် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

"နိုင်ငံ အချင်းချင်း နားလည်မှု စာချွန်လွှာနဲ့ လုပ်တဲ့အလုပ်က သာမန်ကုမ္ပဏီတွေ လုပ်သလို ဖြစ်နေတယ်။ ပြီးခဲ့တဲ့ လပိုင်းတုန်းက အိန္ဒိယနိုင်ငံက လွှတ်တော်အမတ်တွေနဲ့တွေ့လို့ ဒီစီမံကိန်းမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို မြန်မာပြည်သူတွေသိအောင် ပြောပေးပါ ဆိုပြီးပြောတော့ မင်းတို့မှာ ဥပဒေမရှိလို့ လုပ်မပေးနိုင်ဘူး ပြောတယ်။ ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ EIA, SIA စစ်တမ်းတွေကို မကြာခင် ထုတ်ပြန်ပေးမယ် ဆိုတာမျိုး လွှတ်တော်အတွင်းမှာ ပို့ဆောင်ရေးဒုဝန်ကြီး ပြောခဲ့ပေမယ့် ဒီနေ့အထိ အကြောင်းမထူးဘူး" ဆလိုင်းအိုင်ဇက်ခင်က ဆက်လက်ပြောသည်။

"အိန္ဒိယ အစိုးရ လုပ်ဆောင်နေမှုကို တရုတ်နိုင်ငံက လာလုပ်ဆောင်တဲ့ စီမံကိန်းတွေထက် ပိုမိုယုံကြည်ချင်ပါတယ်။ ချင်းပြည်နယ်အတွင်း တရုတ်ကလုပ်တဲ့ မြွေတောင်ဖားတောင် စီမံကိန်းမှာ ပွင့်လင်းမြင်သာမှု မရှိဘဲ လုပ်ဆောင်တာမျိုး မလိုချင်ပါဘူး" ချင်းအမျိုးသားပါတီမှ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ဆိုသည်။

ကုလားတန် စီမံကိန်းအား မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အစိုးရကိုယ်စားလှယ်အဖြစ် ၂၀၀၈ ခုနှစ်တွင် မူဘောင်သဘောတူ လက်မှတ်အား အိန္ဒိယ ပြည်ပရေးရာ ၀န်ကြီးဌာနနှင့် လက်မှတ်ထိုးခဲ့ပြီး စီမံကိန်း အကောင်အထည် ဖော်ဆောင်မှုအား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ လုပ်ဆောင်ခြင်း ဖြစ်သည်။


Eleven Media Group

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...