Monday, September 16, 2013

သုံးနှစ်တာ ကာလအတွင်း အခြေခံ အလုပ်သမားများ ဆန္ဒပြမှု အများဆုံးဖြစ်ပြီး အလုပ်သမားများ၏ ရပိုင်ခွင့်များနှင့် ပတ်သက်၍ ရှုပ်ထွေးနေဆဲဖြစ်

 Created on Sunday, 16 September 2013


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ Myanmar Yes သကြားလုံးစက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော်နေသည်ကို ၂၀၁၃ ခုနှစ် မေလအတွင်းက တွေ့ရစဉ်

အစိုးရသစ်လက်ထက် သုံးနှစ်တာ ကာလအတွင်း ဆန္ဒထုတ်ဖော်မှုများတွင် အခြေခံ အလုပ်သမားများ၏ မပြေလည်မှုများကြောင့် ဆန္ဒထုတ်ဖော်မှု အများဆုံးဖြစ်ပွားပြီး လက်ရှိအချိန်အထိ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ရှုပ်ထွေးနေဆဲဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။

၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လက်ရှိအချိန်အထိ စက်မှုဇုန်များမှ စက်ရုံအလုပ်ရုံများရှိ အလုပ်သမားများသည် အခြေခံ လုပ်ခလစာ နည်းပါးခြင်း၊ လစာဖြတ်တောက်ခံရခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် အလုပ်မှ ထုတ်ပယ်ခံရခြင်း၊ မဆင်းမနေရ အချိန်ပိုများ ဆင်းရခြင်း၊ လုပ်ငန်းခွင် လုံခြုံမှု မရှိခြင်း၊ အလုပ်ချိန် တိကျစွာ သတ်မှတ်ထားမှု မရှိခြင်းနှင့် လုပ်ငန်းခွင် ဖိနှိပ်ခံရမှုများ အပါအ၀င် အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံရမှုများကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ဆိုသည်။

လက်ရှိအချိန်တွင် ပြည်ပရင်းနှီးမြုပ်နှံမှုဖြင့် လုပ်ကိုင်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Force ဖိနပ်စက်ရုံ၊ Hong Tex အထည်ချုပ်စက်ရုံ၊ ကောင်းမြတ်ဆန်းသစ် အချောထည်စက်ရုံနှင့် Hope one အထည်ချို့စက်ရုံတို့ အပါအ၀င် အခြားသော စက်ရုံများ၌ လုပ်ခလစာ နည်းပါးခြင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို နားမလည်ခြင်းတို့ကြောင့် တောင်းဆိုမှုများနှင့် ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

"ကျွန်မတို့အနေနဲ့ အလုပ်ချိန်ကို အတိအကျ သတ်မှတ်ပေးဖို့၊ သုံးလပြည့်ပြီးသား အလုပ်သမားတွေကို လစာတိုးပေးဖို့ရယ်၊ ဖယ်ရီစီစဉ်ပေးဖို့အတွက် ဆန္ဒထုတ်ဖော်နေတာ သုံးရက်ရှိပါပြီ။ စက်ရုံတွင်း ညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမယ့် အလုပ်ရှင်ဘက်ကနေ ဘာတစ်ခုမှ မလိုက်လျောနိုင်ဘူးလို့ ပြောပါတယ်။ စက်ရုံက ဖွင့်တာငါးလပဲ ရှိသေးတယ်။ ဒါနဲ့ပတ်သက်ပြီး အလုပ်သမားရုံးကိုတော့ တိုင်ကြားထားပါတယ်။ ကျွန်မတို့ အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက်တွေ အပြည့်အ၀ရဖို့ကို ခုံသမာဓိကောင်စီအထိ အဆင့်ဆင့် တင်ပြတောင်းဆို သွားမှာပါ" ဟု ရန်ကုန်မြို့ ရွှေလင်ပန်းစက်မှုဇုန်ရှိ Force ဖိနပ်စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ် မခိုင်ဇင်မင်းက ပြောကြားသည်။

Lucky Shoe ဖိနပ်စက်ရုံက မသင်းသင်းချိုက အပြစ်မရှိတဲ့အတွက် အလုပ်ပြန်ခန့်ဖို့ကို မြို့နယ်အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့က ဆုံးဖြတ်ချက် ချခဲ့ပေမယ့် အလုပ်ပြန်မခန့်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့ကို ဆက်လက်တိုင်ကြားထားတယ် . . . . .


၂၀၁၂ ခုနှစ် အတွင်းက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များတွင် ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့ပြီး အလုပ်ရှင်နှင့် အလုပ်သမားအကြား ပြေလည်မှု ရရှိခဲ့သော်လည်း ယခုနှစ် မေလနှင့် ဇွန်လတွင် ဆန္ဒထုတ်ဖော်မှုများ ထပ်မံဖြစ်ပွားခဲ့သည်။ ယင်းကာလတွင် အလုပ်သမားများ အနေဖြင့် တောင်းဆိုမှုများ အပြည့်အ၀ မရသော်လည်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး လုပ်ငန်းခွင် ဖိအားပေးမှုများ ခံရခြင်း၊ အကြောင်းမဲ့ အလုပ်ထုတ်ခံရခြင်းတို့ကြောင့် စက်တင်ဘာလ အတွင်း၌ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မှုများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း အလုပ်သမားများနှင့် အလုပ်သမားရေးရာ ဆောင်ရွက်သူများထံမှ သိရသည်။

အလုပ်ရှင်များ အနေဖြင့် တောင်းဆိုချက်များကို အလုပ်သမားများ၏ လိုက်လျောပေးခဲ့သော်လည်း အလုပ်သမားများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်ချိန်တွင် ထိုကဲ့သို့ လုပ်ငန်းခွင် ဖိအားပေးခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် အလုပ်မှ ထုတ်ပယ်များ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုကဲ့သို့ အလုပ်မှ ထုတ်ပယ်ခြင်းခံရသူ လေးဦးအထိ ရှိနေကြောင်း၊ ၎င်းတို့မှာ အချိန်ပိုကြေး၊ လုပ်ခလစာ တိုးမြှင့်ပေးရေးနှင့် အလုပ်သမား အခွင့်အရေး တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာတွင် ဦးဆောင်ပါဝင်ခဲ့သူများဖြစ်ပြီး လှိုင်သာယာမြို့နယ် Lucky Shoe ဖိနပ်စက်ရုံ အခြေခံ အလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ၊ ဘိုဆန်းပိုက်စက်ရုံ အခြေခံ အလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်သမား တစ်ဦးတို့ ဖြစ်သည်။

"Lucky Shoe ဖိနပ်စက်ရုံက မသင်းသင်းချိုက အပြစ်မရှိတဲ့အတွက် အလုပ်ပြန်ခန့်ဖို့ကို မြို့နယ်အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့က ဆုံးဖြတ်ချက် ချခဲ့ပေမယ့် အလုပ်ပြန်မခန့်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့ကို ဆက်လက်တိုင်ကြားထားတယ်။ ဘိုဆန်းပိုက် စက်ရုံက အလုပ်သမားတွေကတော့ ခုံသမာဓိကောင်စီ (နေပြည်တော်)အထိ တိုင်ကြားထားပါတယ်" ဟု အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေဦးဌေးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်ရှင်များ၏ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများကြောင့် အလုပ်သမားများ ဆန္ဒဖော်ထုတ်မှုများ ပြန်လည်ဖြစ်ပွားလျက်ရှိပြီး၊ အချို့အလုပ်ရုံများတွင် ဆန္ဒဖော်ထုတ်မှုများ မရှိသော် အလုပ်ရှင် အလုပ်သမားအကြား တင်းမာမှုများ ဖြစ်ပေါ်နေသည်ဟု အလုပ်သမားရေး ဆောင်ရွက်သူများက ဆိုသည်။

စက်ရုံအလုပ်ရုံ အများစုသည် အလုပ်သမားများ၏ အခြေခံ လုပ်အားခကို အနည်းဆုံးဖြစ်စေရန် သတ်မှတ်ထားပြီး အချိန်ပို လုပ်ခနည်းနည်းဖြင့် တစ်နေ့လျှင် ၁၃ နာရီခန့် အလုပ်ခိုင်းစေလျက်ရှိကြောင်း၊ အလုပ်ရှင်များ အနေဖြင့် အခြေခံလုပ်ခ နေ့တွက်ကို အလွန်အမင်း နှိမ့်ထားပြီး ရက်မှန်ကြေး၊ ဆုကြေး၊ အခြားထောက်ပံ့ကြေးများကို ပေါင်း၍ လစာပေးသည့် စနစ်ကို စက်ရုံအချင်းချင်း ညှိနှိုင်းကာ တပြေးညီ သတ်မှတ်သည့် စနစ်ကို ကျင့်သုံးခြင်းဖြင့် အလုပ်သမားများ၏ လုပ်အားကို မတရား ညှစ်ထုတ်၍ ခေါင်းပုံဖြတ်သည့် စနစ်ကို ကျင့်သုံးနေကြောင်း၊ အလုပ်ခန့်ထားမှု သဘောတူစာချုပ်တွင် အလုပ်သမားများ၏ ရပိုင်ခွင့်များနှင့် အခွင့်အရေးများကို တိတိကျကျ ဖော်ပြထားခြင်း မရှိကြောင်း ပြည်ထောင်စုလွှတ်တော် အလုပ်သမား အလုပ်ရှင် အခွင့်အရေး လေ့လာရေး ကော်မရှင်၏ အစီရင်ခံစာအရ သိရသည်။

ပြည်ထောင်စုလွှတ်တော် အလုပ်သမား အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်မှ အတွင်းရေးမှူး ဦးခိုင်မောင်ရည်က "ကျွန်တော်တို့ ကော်မရှင် အနေနဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီလထဲမှာ စက်ရုံအလုပ်ရုံတွေကို ကွင်းဆင်းစစ်ဆေး သွားမှာပါ။ အလုပ်သမားနဲ့ အလုပ်ရှင်တွေရဲ့ကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ လွှတ်တော်နဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်နေတဲ့ အချိန်မှာ အလုပ်သမားနဲ့ အလုပ်ရှင်တွေ အနေနဲ့ သည်းခံပြီး စောင့်ဆိုင်းပေးဖို့ လိုပါတယ်။ သက်ဆိုင်ရာကို အကြောင်းမကြားဘဲ အလုပ်ရှင်တွေက အလုပ်သမားတွေကို မတရားအကြောင်းမဲ့ အလုပ်ထုတ်တာ၊ လက်လွတ်စပယ် အလုပ်ထုတ်တာမျိုးရှိရင် အလုပ်ရှင်ကို အမြန်ဆုံး အရေးယူသင့်ပါတယ်။ ကျွန်တော်တို့ ကော်မရှင်ကလည်း ဒီကိစ္စတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်သွားမှာပါ" ဟု ပြောပါသည်။

ပြည်ထောင်စုလွှတ်တော် အလုပ်ရှင် အလုပ်သမား အခွင့်အရေး ပူးပေါင်းကော်မရှင်၏ အစီအရင်ခံစာအရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိက အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံ၊ ဆံပင်တုစက်ရုံနှင့် အခြားစက်ရုံများတွင် အလုပ်လုပ်ကိုင်နေသည့် လုပ်သားအင်အား ၁၁၀၀၀၀၀ ခန့် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စံကောင်းပီနံအိတ်စက်ရုံ၊ ဟုတ်စိန်ပီနံအိတ်စက်ရုံ၊ ၀မ်ဟောင်ဟမ့် (သုံးထပ်ကြီး)အထည်ချုပ်စက်ရုံ၊ Myanmar Yes သကြားလုံးစက်ရုံ၊ Esquire ဖိနပ်ချုပ်စက်ရုံ၊ Lucky Shoe ဖိနပ်စက်ရုံ၊ အောင်ငွေဦး ပလတ်စတစ်စက်ရုံ၊ ဆုလာဘ်ထက်သာ အထည်ချုပ်စက်ရုံ၊ Global Electric လျှပ်စစ်ပစ္စည်းစက်ရုံ၊ New way အထည်ချုပ်စက်ရုံ၊ Gallant Ocean အအေးခန်းစက်ရုံ၊ Snergy အထည်ချုပ်စက်ရုံ၊ Costec အထည်ချုပ်စက်ရုံ၊ မြန်မာစိုးစံဝင်း ဖိနပ်စက်ရုံ၊ Bright Jaune အထည်ချုပ်စက်ရုံတို့တွင် ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့သည်။


Eleven Media Group

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...