Wednesday, September 11, 2013

လာမည့်ပွင့်လင်းရာသီတွင် ပုဂံဒေသသို့ ကမ္ဘာလှည့် ခရီးသွား လာရောက်မှု ယခင်နှစ်ကထက် နည်းနိုင်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ သုံးသပ်


Wednesday, September 11, 2013

လာမည့် ပွင့်လင်းရာသီ၌ ပုဂံဒေသတွင် ကမ္ဘာလှည့် ခရီးသွား လာရောက်မှုမှာ ၂၀၁၂ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် နည်းပါးနိုင်ကြောင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအပေါ် မူတည်၍ ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ အများစု သုံးသပ်မှုများ ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ပုဂံဒေသ ကမ္ဘာလှည့် ခရီးသွား ၀င်ရောက်မှုသည် ၁၆၀၀၀၀ ကျော် ၀င်ရောက်ခဲ့ရာ စံချိန်တင်သည့်နှစ် တစ်နှစ်ဖြစ်ခဲ့ပြီး ယခုနှစ်သည် ကမ္ဘာလှည့်ခရီးသွား ပိုမိုဝင်ရောက်လာမည်ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ မျှော်လင့်ထားခဲ့ကြသည်။

"မနှစ်ကနဲ့စာရင် အတော်ကို နည်းပါတယ်။ ကျွန်တော်ထင်တယ် ၆၀ ရာခိုင်နှုန်းလောက်ကို နည်းသွားတယ်။ ၁၀ လပိုင်းမှာတောင် ဒုတိယပတ်မှာပဲ ရှိပါတယ်။ မနှစ်က မျှော်မှန်းထားတာကို မမီနိုင်ပါဘူး။ ဧည့်လမ်းညွှန်တွေကို ကျွန်တော်တို့ reserve လုပ်တဲ့အခါ ၁၁ လပိုင်းဆိုရင် မနှစ်က ဂိုက်အသင်းက သတ်မှတ်ထားတဲ့ A,B,C group မှာ C တောင်မှ ခရီးစဉ် ပြည့်နေပြီ။ ဒီနှစ် တကယ့်လုပ်သက် ဆယ့်လေးငါးနှစ်ရှိတဲ့ ဧည့်လမ်းညွှန်တွေတောင် အပြည့်မရကြသေးဘူး" ဟု ဗြိတိန်၊ အမေရိကန် ခရီးသွားဝန်ဆောင်မှု အများဆုံး လုပ်ဆောင်ပေးနေသည့် ကိုသိန်းဝင်းက ပြောကြားသည်။

"ဒီနှစ် ခရီးသွား နည်းပါတယ်။ မနှစ်က booking ကို မမီဘူး။ ၄၅ seater ကားတွေတောင်မှ မပြည့်လောက်ဘူး။ ကိုးယောက်နဲ့ပိတ်လိုပိတ် ဆယ့်ငါးယောက်နဲ့ ပိတ်လိုပိတ်။ ပုံမှန်ဆို ၂၆ ယောက်လောက် တင်တာပါ။ မနှစ်ကဆို ပိုတောင်ပိုတယ်။ အောက်တိုဘာ၊ နိုဝင်ဘာလလည်း နည်းမယ်။ မနှစ်က အနေအထား မမီဘူး" ဟု ဂျာမန်ခရီးသွား အများစုကို ၀န်ဆောင်မှု ပေးနေသော ဦးမိုးက ပြောပါသည်။ မင်းနန်သူရွာအနီး ဘုရားတစ်ဆူတွင် အမှတ်တရ ပစ္စည်းရောင်းသူ ဦးငွေတင်က ဥရောပ ခရီးသွားများ အ၀င်နည်းသော်လည်း အာရှခရီးသွားများ အ၀င်များကြောင်း ပြောကြားသည်။

ပုဂံဒေသသို့ ယခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ လေကြောင်း၊ ရေကြောင်း၊ ကုန်းလမ်းများမှ ကမ္ဘာလှည့် ခရီးသွား ၀င်ရောက်မှုသည် ၁၁၀၀၀ ကျော် (၁၁၂၇၅၉ ဦး) ၀င်ရောက်ခဲ့ကြောင်း၊ ယခင်နှစ် ကာလတူ ၀င်ရောက်ခဲ့မှုမှာ (၈၇၁၉၂ ဦး) ဖြစ်ကြောင်း ခရီးသွား ၀င်ရောက်မှု မှတ်တမ်းများအရ သိရပြီး ယခင်နှစ်ထက် ပိုမိုဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

"ခရီးသွားလုပ်ငန်း ပုံသဏ္ဌာန်တွေ ပြောင်းလဲလာတယ်လို့ မြင်ပါတယ်။ group ကြီးတွေ အနေနဲ့ လာတာမျိုး နည်းသွားမယ် လာနေကျ၊ မြင်နေကျ ခရီးသွား ကုမ္ပဏီတွေနဲ့ ၀င်လာတာမျိုးတွေ နည်းသွားမယ်။ လုပ်ငန်းနယ်ပယ် ချိတ်ဆက်မှုက ပိုမိုကျယ်ပြန့်လာတဲ့အတွက် ခရီးသွား လုပ်ငန်းက အရင်လို ပုံသေတွက်ထားလို့ မရတော့ဘူး။ ဒီကုမ္ပဏီနဲ့ မ၀င်ပေမယ့် တခြားကုမ္ပဏီ တစ်ခုနဲ့ ၀င်ချင်ဝင်လာမယ်" ဟု ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက သုံးသပ်ခဲ့သည်။

eleven media group

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...