Wednesday, September 11, 2013

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းအပြီးတွင် နိုင်ငံခြားမှ တိုက်ရိုက်မြှုပ်နှံမှု ငါးဆတိုးလာ

 Created on Wednesday, 11 September 2013


Myanmar Global Investment Forum အား စက်တင်ဘာ ၁၀ ရက်က ကျင်းပနေစဉ်

မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်းအပြီးတွင် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီး မြှုပ်နှံငွေမှာ ယခင်က အမေရိကန်ဒေါ်လာ သန်း ၂၀၀ သာရှိခဲ့ရာမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံအထိ ငါးဆတိုးတက်လာကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ခန့်မှန်းချက်သာ မမှားယွင်းဘူးဆိုရင် ဒီနှစ်ဘဏ္ဍာနှစ်ကုန်ရင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ သုံးဘီလျံအထိ စီးဝင်လာမှာ ဖြစ်ပါတယ်" ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

အဆိုပါ ပမာဏမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကြောင့် တိုးတက်လာခြင်းဖြစ်ပြီး နောင်နှစ်များတွင် ပိုမိုတိုးတက်လာနိုင်ကြောင်း ၎င်းကခန့်မှန်း ပြောကြားသည်။

"၂၀၁၁ ခုနှစ် မတိုင်မီက ကျွန်တော်ဒီဌာနမှာပဲ လုပ်ပေမယ့် ကျွန်တော်တို့ဆီကို ရင်းနှီးမြှုပ်နှံမှုအတွက် လာရောက်တဲ့သူတွေ တစ်လမှ တစ်ဖွဲ့နှစ်ဖွဲ့လောက်ပဲ ရှိပါတယ်။ အခု တစ်နေ့ကို ခြောက်ဖွဲ့ခုနစ်ဖွဲ့လောက် လာကြပါတယ်။ လာတာမှာ ဂျပန်နိုင်ငံက အများစုမို့ ဂျပန်ဆူနာမီလှိုင်းတွေ လာနေသလိုတောင် ပြောယူရပါတယ်" ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

အဆိုပါ Myanmar Global Investment Forum တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှု ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးကြရာ Serge Pun & Associates ကုမ္ပဏီမှ ဥက္ကဋ္ဌဖြစ်သူ မစ္စတာဆာ့ခ်ျပန်းက မြန်မာနိုင်ငံတွင် ကုမ္ပဏီထောင်လိုသူများ အနေနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌနှင့် သွားရောက်တွေ့ဆုံကာ အတည်ပြုချက် ရယူရန် လိုသဖြင့် လုပ်ငန်းစဉ်များ ကြာမြင့်နေကြောင်း ဝေဖန်ပြောကြားကြသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ဦးအောင်နိုင်ဦးက MIC ၏ လုပ်ငန်းစဉ်အရ ကုမ္ပဏီ အတည်ပြုချက် ရရှိရန် တစ်လမှ ခြောက်ပတ်အကြားသာ ကြာမြင့်ကြောင်း ပြောကြားခဲ့သည်။

"နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ MIC ဥက္ကဋ္ဌနဲ့ တွေ့ရတယ်ဆိုပေမယ့် ရင်းနှီးမြှုပ်နှံမယ့် သူတွေရဲ့ ငါးရာခိုင်နှုန်းအောက်ကပဲ ဥက္ကဋ္ဌနဲ့ လာတွေ့တာ ဖြစ်ပါတယ်။ လုပ်ငန်းကြီးတွေလောက်ပဲ လာတွေ့တာ ဖြစ်ပါတယ်" ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

Eleven Media Group

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...