Wednesday, September 11, 2013

မြန်မာဘရူဝါရီ လီမိတက် အစုရှယ်ယာကိစ္စ F&N ထံ တရားရုံး အကြောင်း ကြားစာ ရောက်ရှိ၍ အငြင်းပွားမှု ဆက်လက်ပြင်းထန်ဖွယ် ရှိနေ






၁၁.၉.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

မြန်မာဘရူဝါရီ လီမိတက်၏ အစုရှယ်ယာ အငြင်းပွားမှုကိစ္စ စင်ကာပူ အခြေ စိုက် F&N (Fraser and Neave Ltd) ထံ မြန်မာဘရူဝါရီ လီမိတက် (MBL)၏ အကျိုးဆောင်ရှေ့နေများက ပေးပို့သော တရားရုံး အကြောင်းကြားစာ ရောက်ရှိလာပြီဖြစ်ပြီး အငြင်းပွားမှု ဆက်လက်ပြင်းထန်ဖွယ်ရှိကြောင်း Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

F&N က "သြဂုတ် ၂၉ ရက်မှာ စဖြစ်တဲ့ ဒီအငြင်းပွားမှုက ခိုင်မာတဲ့ အကြောင်းတရား မရှိဘူး" ဟု ပြောကြားခဲ့ပြီး စက်တင်ဘာ ၉ ရက် စင်ကာပူ စတော့အိပ်ချိန်း၏ သတင်းထုတ်ပြန်ချက်တွင် "ဒီကိစ္စ ကုမ္ပဏီက ငှားရမ်းထားတဲ့ ရှေ့နေတွေရဲ့ လက်ထဲမှာပဲ ရှိပါတယ်" ဟု F&N က ပြောကြားသည်။

အငြင်းပွားမှု စတင်ဖြစ်ပေါ်အပြီး အစောပိုင်း ကာလတွင်လည်း F&N က အစုစပ် ကုမ္ပဏီနှစ်ဖက်အကြား အငြင်းပွားမှု ဆက်လက်ပြင်းထန်နိုင်ကြောင်း ပြောကြားသည်။ F&N ၏ အစုရှယ်ယာ တန်ဖိုးသည် စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီ ၅၉ မိနစ်တွင် အစုရှယ်ယာ တစ်ခုလျှင် စင်ကာပူဒေါ်လာ ၅ ဒသမ ၅၇ ပေါက်ဈေးရှိပြီး ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားခြင်း ဖြစ်သည်။

၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော MBL ကို APB (Asia Pacific Breweries Ltd) က အစုရှယ်ယာ ၅၅ ရာခိုင်နှုန်းနှင့် မြန်မာ့စီးပွားရေး ဦးပိုင် (MEHL) က အစုရှယ်ယာ ၄၅ ရာခိုင်နှုန်းတို့ဖြင့် အကျိုးတူ ဖက်စပ်တည်ထောင်ခဲ့ခြင်းဖြစ်ပြီးစီးပွားရေး ပိတ်ဆို့မှုများကြောင့် ၁၉၉၆ ခုနှစ်တွင် APB မှ ၎င်းတို့ပိုင် MBL ၏ အစုရှယ်ယာများကို F&N သို့ လွှဲပြောင်းရောင်းချခဲ့ခြင်း ဖြစ်သည်။

ယခု MBL အစုရှယ်ယာ အငြင်းပွားမှု ကိစ္စသည် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် F&N ကုမ္ပဏီ၏ အစုရှယ်ယာများ လက်လွှဲရောင်းချခြင်းကိစ္စနှင့် ပတ်သက်ပြီး စတင်ဖြစ်ပေါ်ခြင်း ဖြစ်သည်။

F&N ၏ အဓိက အစုရှယ်ယာရှင်များသည် ၎င်းတို့ပိုင် ရှယ်ယာများကို ထိုင်းဘီလျံနာ Charoen Sirivadhanabhakdi ပိုင် TCC(Beer Chang) သို့ ရောင်းချခဲ့ရာ မြန်မာဘရူဝါရီမှ ၎င်းတို့ပိုင် ရှယ်ယာများကိုလည်း TCC မှ ပိုင်ဆိုင်သွားခဲ့သည်။ အဆိုပါကိစ္စရပ်နှင့် အခြားအကြောင်းအရာ အချို့ကြောင့် F&N သည် အကျိုးတူဖက်စပ်လုပ်ငန်း သဘောတူညီချက် ဖောက်ဖျက်သည်ဟု MEHL က ယူဆခဲ့ပြီး MBL မှ F&N ပိုင် အစုရှယ်ယာများကို ပြန်လည်ဝယ်ယူရန် ကြိုးစားရာမှ ယခုကဲ့သို့ တရားရင်ဆိုင်လာရခြင်း ဖြစ်သည်။

MB သည် Myanmar Beer၊ Myanmar Double Strong နှင့် Andaman Gold ဘီယာတို့ ထုတ်လုပ်လျက်ရှိပြီး Tiger Beer၊ ABC Extra Stout Beer နှင့် Baron's Strong ဘီယာတို့ကိုလည်း ချက်လုပ်ရောင်းချနေသည့် ကုမ္ပဏီဖြစ်သည်။

Eleven

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...