Friday, September 20, 2013

မဟာဓာတ်အားလိုင်း ဓာတ်အား ပြတ်တောက်မှုကြောင့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်အများစုနှင့် နိုင်ငံတစ်ဝန်းမှ မြို့နယ်များတွင် လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်ပွားခဲ့

Created on Friday, 20 September 2013


စက်တင်ဘာလ ၁၉ ရက် ညပိုင်းက ရန်ကုန်မြို့ လျှပ်စစ်မီး ပြတ်တောက်စဉ် ရန်ကုန်မြို့တော်ခန်းမ အနီးမြင်ကွင်း (ဓာတ်ပုံ-ဝေလင်းအောင်)

မဟာဓာတ်အားလိုင်း ဓာတ်အား ပြတ်တောက်မှုကြောင့် ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အများစုနှင့် နိုင်ငံတစ်ဝန်းမှ မြို့နယ်များတွင် စက်တင်ဘာ ၁၉ ရက် ညပိုင်းက လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်ခဲ့ကြောင်း ရန်ကုန်မြို့ လျှပ်စစ်မီးပေးရေး ဌာနမှ ဒုဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးကြီး မောင်မောင်လတ်၏ ပြောကြားချက်အရ သိရသည်။

<pရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်များတွင် ညခုနစ်နာရီ ၀န်းကျင်ကတည်းက လျှပ်စစ်မီး စတင်ပြတ်တောက် ခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီးရှိ မြို့နယ်များနှင့် နေပြည်တော်ရှိမြို့နယ် တို့တွင်လည်း အဆိုပါ အချိန်ခန့်မှ စတင်ကာ ပြတ်တောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အချိန်ကြာမြင့်စွာ မီးပျက်မှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့တွင် နေထိုင်သူ ကိုမောင်မောင်က ''ကျွန်တော်က နေ့ခင်းဘက် အလုပ်လုပ်ရတာပါ။ ညဘက်ပြန်တော့ ကျွန်တော့် အိမ်ကိစ္စလေးတွေကို လင်းလင်းထင်းထင်း လုပ်ရတာပေါ့။ အခုမီးမလာတော့ ထမင်းပေါင်းအိုးတည်ဖို့ နောက်ကျတယ်။ အ၀တ်အစားတွေကို မီးပူတိုက်ဖို့ အဆင်မပြေတော့ပါဘူး။ စောစောထ အလုပ်လုပ်ရတဲ့အတွက် စောစောအိပ် ဖြစ်ပါတယ်။ အခု ဘာအကြောင်း အရင်းကြောင့် မီးပျက်တယ်ဆိုတာ မသိပေမဲ့ အခက်အခဲလေးတွေတော့ ရှိပါတယ်'' ဟု ပြောကြားခဲ့သည်။



ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် စက်တင်ဘာ ၁၉ ရက် ညပိုင်းက လျှပ်စစ်မီး ပြတ်တောက်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

အလားတူ မန္တလေးတိုင်း ဒေသကြီးတွင် လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ပတ်သက်၍ ''မီးပျက်တာကတော့ မြို့နယ်ခုနစ်ခုလုံး တပြိုက်နက် ပျက်တာပါပဲ။ အချိန်ကတော့ တစ်နာရီခွဲ ကျော်ကျော်လောက်တော့ ကြာခဲ့တယ်'' ဟု တမ္ပ၀တီ ရပ်ကွက်တွင် နေထိုင်သူ ဦးမျိုးအောင်က ပြောကြားသည်။

အဆိုပါ လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ လျှပ်စစ်မီးပေးရေး အဖွဲ့မှ ဒုဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးကြီး မောင်မောင်လတ်က ''ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ်တွေမကဘဲ တစ်နိုင်ငံလုံး အတိုင်းတာ ဖြစ်တာပါ။ ဖြစ်ရတဲ့ အကြောင်းအရင်းက ပဲခူးတိုင်း၊ ညောင်းလေးပင်မြို့နယ် သာယာကုန်း လျှပ်စစ်ဓာတ်အားပေး ရုံမှာရှိတဲ့ မိုးကြိုးလွှဲ ပျက်သွားပြီးတော့ System Breaking Down ဖြစ်သွားတာပါ။ အဲဒီလိုဖြစ်သွားတဲ့ အခါကျတော့ မဟာဓာတ်အား လိုင်းထဲကို ဓာတ်အား မ၀င်တော့ပါဘူး။ ဒီအတွက်ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနီးပါး မီးခဏ ပျက်တောက်မှု ဖြစ်သွားတာပါ။ ကျွန်တော်တို့အခု တစ်ခုချင်းစီ ပြင်ဆင်နေပါပြီ'' ဟု ရန်ကုန်မြို့ လျှပ်စစ်မီးပေးရေး ဌာနမှ ဒုဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးကြီး မောင်မောင်လတ်က စက်တင်ဘာ ၁၉ ရက် ညပိုင်းက ဆိုသည်။ ထို့အတူ မန္တလေးနှင့် ရန်ကုန်တို့တွင် လျပ်စစ်မီး ပြတ်တောက်မှုမှာ နာရီအနည်းငယ် ကြာမြင့်ခဲ့ပြီး နေပြည်တော်ရှိ မြို့နယ်များတွင်လည်း အလားတူ လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်ခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...