Friday, September 20, 2013

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံသို့ ယနေ့ သွားရောက်မည်



ရန်ကုန်၊ စက်တင်ဘာ ၂၀

စင်ကာပူနိုင်ငံတွင် ကျင်းပမည့် စင်ကာပူဖိုရိမ်သို့ တက်ရောက်ရန်နှင့် အစိုးရ အဖွဲ့အစည်းများကို တွေ့ဆုံရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၂၀ ရက်နေ့ (ယနေ့) တွင် စင်ကာပူနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရှိရသည်။

အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံသမ္မတ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးမည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန် ကြေညာထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် စင်ကာပူ နိုင်ငံခြားရေးရာ ဒုတိယဝန်ကြီး မစ္စတာဂရေ့စ်ဖူ Ms. Grace Fu နှင့် တွေ့ဆုံမည်ဖြစ်ပြီး စင်ကာပူ ထိပ်သီးအစည်းအဝေး ညစာစားပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၂၁ ရက်နေ့တွင် စင်ကာပူ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်ဖြင့် မိန့်ခွှန်းပြောကြားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါ ခရီးစဉ်တွင် စင်ကာပူရောက် မြန်မာအဖွဲ့ အစည်းများနှင့် တွေ့ဆုံကာ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု တည်ထောင်ခဲ့သော ပြည်သူ့ရေးရာမူဝါဒ သင်တန်းကျောင်း (School of Public Policy) သို့သွားရောက် လေ့လာမည်ဖြစ်ပြီး စင်ကာပူစီမံ ခန့်ခွဲရေး တက္ကသိုလ်တွင် ခေါင်းဆောင်တို့၏ တွေးခေါ်မှုအလေ့အထ ခေါင်းစဉ်ဖြင့် သင်ကြားပို့ချမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရှိရသည်။

အဆိုပါ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ ပါလီမန် ပြောရေးဆိုခွင့်ရှိသူ မဒမ် ဟာလီယာမက်ရက်ကော့၊ စင်ကာပူနိုင်ငံသမ္မတ ဒေါက်တာတိုနီတန်ခမ်းယန် (Dr.Tony Tan Keng Yam)၊ စင်ကာပူဝန်ကြီးချုပ် မစ္စတာလီရှန်လွန်း (Mr. Lee Hsein Loong)၊ စင်ကာပူ ဝန်ကြီးဟောင်း ဂိုဂျောက်ထောင် (Mr. Goh Chok Tong) တို့နှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း စင်ကာပူ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံများသို့ သွားရောက်ခဲ့ပြီး စက်တင်ဘာလအတွင်း ဥရောပနိုင်ငံများဖြစ်သော ပိုလန်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံနှင့် ချက်နိုင်ငံများသို့ သွားရောက်ခဲ့သည်။

(ဟိန်းသွင်ထက်)

The Voice Weekly
 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...