Friday, September 20, 2013

မုံရွာမြို့ ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် သံဃဒါန ဆွမ်းသပိတ်လောင်းလှူပွဲ ကျင်းပမည်



မုံရွာမြို့ ရှေးဟောင်း သမိုင်းဝင် ဆုတောင်းပြည့် စေတီတော်မြတ်ကြီး
မုံရွာ ၊ ၂၀-၉-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ၊ မုံရွာမြို့ ရှေးဟောင်း သမိုင်းဝင် ဆုတောင်းပြည့် မြတ်စွာ ဘုရားကြီး ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို ၁၃၇၅ခုနှစ် ၊ သီတင်းကျွတ် လပြည့်ကျော် (၅) ရက်နေ့မှ လကွယ်နေ့ အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ပြီး သံဃဒါန ဆွမ်းသပိတ် လောင်းလှူပွဲ ကို သတင်းကျွတ် လပြည့်ကျော် (၈)ရက် ( အောက်တိုဘာ ၂၇ ရက် ) နေ့တွင် မုံရွာ မြို့ပေါ်ရှိ သံဃာ အပါး (၆ဝဝဝ) ကျော်ကို ဆွမ်း သပိတ်များ လောင်းလှူ ကြမည် ဖြစ်ကြောင်း သိရသည်။

ဆုတောင်းပြည့် ဂေါပကအဖွဲ့ မှ တာဝန်ရှိ သူတစ်ဦးက " ဆုတောင်းပြည့် မြတ်စွာ ဘုရားကြီး ဗုဒ္ဓ ပူဇနိယ ပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လ မှာ ကျင်းပခဲ့ ပါတယ် ၊ ယခုနှစ်လည်း စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမှာ ဖြစ်ပါတယ် ၊ အောက်တိုဘာ (၁၂) ရက်နေ့မှာ ဈေးဆိုင်ခန်း များကို နေရာ ချ ပေးသွား မှာ ဖြစ်ပါတယ် ၊ ဇာတ်ပွဲ များလည်း ကပြ ဖျော်ဖြေမှာ ဖြစ်ပါတယ် ၊ ဗုဒ္ဓပူဇနိယ ပွဲတော်မှာ နှစ်စဉ် သီတင်းကျွတ် လပြည့်ကျော် (၈) ရက်နေ့မှာ မုံရွာမြို့ပေါ်ရှိ သံဃာတော် အားလုံးကို ဆွမ်းသပိတ် များဖြင့် လောင်းလှူ ပူဇော်ပွဲ ကျင်းပ ပါတယ် ၊ မုံရွာမြို့ ပေါ်မှာ ကျောင်းတိုက် ပေါင်း (၁၉ဝ) ရှိပြီး ဝါဆို သံဃာတော် (၆၄ဝ၇) ပါးရှိ ပါတယ် ၊ အလှူရှင် များမှ မိမိတို့ တတ်စွမ်း သမျှ ဆွမ်း ၊ ဆွမ်းဟင်း နဲ့ ဝတ္တု ပစ္စည်းများ တိုက်သပိတ် အတွင်း ထည့်၍ လောင်းလှူ ကြပါတယ် ... " ဟု ပြောကြား သည်။

ဆုတောင်းပြည့် မြတ်စွာ ဘုရားကြီးကို သက္ကရာဇ် ၁၂၅ဝ ပြည့်နှစ်တွင် မိုးတွင်း ကာလ မကြုံစဖူး ထူးထူးခြားခြား မိုးသည်းထန် စွာ ရွာသွန်းပြီး လေတိုက်ခတ် မှုကြောင့် အင်္ဂါထောင့်သို့ ရွှေထီးမြေခ ပြိုကျ ပျက်စီး၍ စေတီလုံး တော်ကြီးပါ ပြိုကျ ပျက်စီးခဲ့ သဖြင့် ပထမ လယ်တီ ဆရာတော် ဘုရားကြီး အမူးပြု၍ ဆရာတော် သံဃာတော်များ ၊ ဂေါပကအဖွဲ့ နှင့် အလှူရှင် များက သက္ကရာဇ် ၁၂၅၂ ခုနှစ်မှ စ၍ အသစ်တဖန် တည်ထား ပြုပြင်ရာ ၁၂၅၄ ခုနှစ်တွင် ပြီးစီး အောင်မြင် ခဲ့၍ ဥာဏ်တော် အမြင့် (၁ဝ၇) တောင်ရှိ သော ထင်ရှား တန်ခိုး ကြီးသည့် သမိုင်းဝင် စေတီတော် တစ်ဆူ ဖြစ်ကြောင်း သိရှိရသည်။


မုံရွာမြို့ ရှေးဟောင်း သမိုင်းဝင် ဆုတောင်းပြည့် စေတီတော်မြတ်ကြီး


မုံရွာမြို့ ရှေးဟောင်း သမိုင်းဝင် ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏
ဂန္ဓကုဋီ အတွင်းရှိ မြတ်စွာဘုရားကြီး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...