Friday, November 1, 2013

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် စတင်မည်

 Created on Thursday, 31 October 2013


မကြာမီ တည်ဆောက်ရေး လုပ်ငန်းများ စတင်တော့မည့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းနေရာအား တွေ့ရစဉ်

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ စတင်ရန် မြန်မာ-ဂျပန် အကျိုးတူ ကုမ္ပဏီအား အောက်တိုဘာ ၂၉ ရက်က စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ယခုဖွဲ့စည်းသည့် မြန်မာ-ဂျပန် အကျိုးတူ ကုမ္ပဏီသည် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ စတင်ရန်ဖြစ်ပြီး လာမည့် ဒီဇင်ဘာလတွင် သီလ၀ါ အထူးစီးပွားရေးဇုန်အား စတင်တည်ဆောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း၏ ဒုတိယ အဆင့်ဖြစ်သည့် အကျိုးတူပူးပေါင်းမှု သဘောတူညီချက် (Joint Venture Agreement) ကို လက်မှတ် ရေးထိုးခဲ့ပြီး မြန်မာ-ဂျပန် အကျိုးတူ ကုမ္ပဏီအား ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ-ဂျပန် အကျိုးတူ ကုမ္ပဏီတွင် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ မြန်မာ သီလ၀ါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးမှု အများပိုင် ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ ပုဂ္ဂလိက ကုမ္ပဏီသုံးခု ပူးပေါင်းထားသည့် ကုမ္ပဏီတို့ ပါဝင်ကြောင်း သိရသည်။

''မြန်မာ-ဂျပန် အကျိုးတူ ကုမ္ပဏီမှာ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ မြန်မာသီလ၀ါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးမှု အများပိုင် ကုမ္ပဏီနဲ့ ဂျပန်နိုင်ငံ ပုဂ္ဂလိက ကုမ္ပဏီတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ကုမ္ပဏီ စုစုပေါင်း ကုမ္ပဏီသုံးခု ပါဝင်ပါတယ်။ ဒီအကျိုးတူ ကုမ္ပဏီ တည်ထောင်တာက သီလ၀ါ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းတွေ စတင်ဖို့ပါ။ လာမယ့် ဒီဇင်ဘာမှာ တည်ဆောက်ရေး လုပ်ငန်းတွေ စတင်မှာပါ'' ဟု သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က အောက်တိုဘာ ၃၁ ရက်က ပြောကြားသည်။

၂၁ ရာစုအတွင်း ဂျပန်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု အများဆုံး ဖြစ်လာနိုင်သည့် သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် အကောင်အထည်ဖော်ရန် ဂျပန်-မြန်မာ နှစ်နိုင်ငံ သဘောတူလက်မှတ် ရေးထိုးမှုကို ၂၀၁၃ ခုနှစ်၊ မေ ၂၅ ရက်က ပြုလုပ်ခဲ့သည်။

သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် အနေဖြင့် ရင်းနှီးမြှုပ်နှံမည့် ငွေကြေးအား တွက်ချက်ခြင်း၊ ရင်းနှီးမြှုပ်နှံမည့် ငွေကြေးအပေါ်တွင် နှစ်နိုင်ငံ အသီးသီး ထည့်ဝင်ရမည့် ငွေကြေးအချိုးအဆကို တွက်ချက်ခြင်းနှင့် အဆိုပါ ထည့်ဝင်ရမည့် ငွေကြေးပမာဏ အပေါ်တွင် နှစ်နိုင်ငံမှ ရှယ်ယာထည့်ဝင်မည့် ရှယ်ယာရှင်များအား ရှယ်ယာရောင်းချခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အား ၂၀၁၃ နှစ်ကုန်ပိုင်း (သို့မဟုတ်) ၂၀၁၄ နှစ်ဆန်းပိုင်းတွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်မည်ဖြစ်ပြီး ၂၀၁၅ တွင် အပြီးတည်ဆောက် သွားမည်ဖြစ်သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...