Friday, November 1, 2013

( နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယို မိန့်ခွန်း (၁- ၁၁-၂ဝ၁၃) )ပြည်တွင်း ထာဝရ ငြိမ်းချမ်းရေး ရရှိရန်၊ ပြည်သူများ၏ လူမှု စီးပွားဘဝ ကောင်းမွန်ရန် အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ

Friday, 01 November 2013 09:12




ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန်၊ ပြည်သူများ၏ လူမှု စီးပွားဘဝ ကောင်းမွန်ရန်နှင့် နောင်အနာဂတ် မျိုးဆက်သစ်များအတွက် ရေရာ သေချာသည့် အနာဂတ် တစ်ခုကို ရှေးရှုပြီး တစိုက် မတ်မတ် ကြိုးပမ်း ဆောင်ရွက်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယို မိန့်ခွန်း (၁- ၁၁-၂ဝ၁၃)

မိဘ ပြည်သူများ ခင်ဗျား-

ယခုလ ရေဒီယိုကနေ ပြည်သူ လူထုထံ ဆက်သွယ် ပြောကြားတဲ့ အစီအစဉ်မှာ လက်ရှိ ဖော်ဆောင်နေတဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေရဲ့ ဖြစ်ထွန်း တိုးတက်မှုတွေကို ရှင်းလင်း တင်ပြ သွားမှာ ဖြစ်ပါတယ်။

ပထမဦးစွာ အောက်တိုဘာလ ကုန်ပိုင်းမှာ ကျင်းပ ပြုလုပ်လျက် ရှိသည့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း များရဲ့ ခေါင်းဆောင်များ ပါဝင် တက်ရောက်နေတဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ ဆွေးနွေး ညှိနှိုင်းပွဲကို ကြိုဆိုကြောင်း ပြောကြား လိုပါတယ်။ ဒီဆွေးနွေးပွဲဟာ များမကြာမီ ကျင်းပ ပြုလုပ်ရန် ပြင်ဆင်နေတဲ့ တစ်ပြည်လုံး အတိုင်း အတာ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူညီချက် လက်မှတ် ရေးထိုးပွဲကို ဦးတည် ကျင်းပနေကြောင်းလည်း သိရှိရပါတယ်။

ဆွေးနွေးညှိနှိုင်းမှု တွေဟာ အပြုသဘော ဆောင်ပြီး ပြည်သူလူထု တစ်ရပ်လုံး လိုလားနေတဲ့ ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေး ရရှိရန် ဦးတည် ဆွေးနွေး နေတယ်လို့ သိရတဲ့ အတွက်လည်း ကျွန်တော့်အနေနဲ့ အထူးပင် ဝမ်းမြောက်မိပါတယ်။

ရလဒ်ကောင်းများရရှိပြီး တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေး ထိုးပွဲသို့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ အစည်း အားလုံး တက်ရောက်လာရန် ကြိုဆိုလျက်ရှိကြောင်းကိုလည်း  ကျွန်တော့်အနေနဲ့ ဒီနေရာကနေ ထပ်လောင်းပြောကြားလိုပါတယ်။

တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာသဘော တူညီချက် လက်မှတ်ရေးထိုးပွဲ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက် များကို အနည်းငယ် ရှင်းပြ လိုပါတယ်။ ရည်ရွယ်ချက် များကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆိုချက် များကို ညှိနှိုင်းဖြည့်ဆည်း ပေးလိုခြင်း၊ ရေးထိုးပြီးဖြစ်သည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် အဆင့်ဆင့်ကို ထပ်လောင်း အတည်ပြုလိုခြင်းနှင့် လက်မှတ်ရေးထိုး ပြီးသည်နှင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို စတင် လိုခြင်းကြောင့် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ထပ်မံအတည်ပြု ပြောကြားလိုတဲ့ ကိစ္စကတော့ ယခုအကြိမ် ငြိမ်းချမ်းရေး တည်ဆောက်ရန် ကမ်းလှမ်းခဲ့ခြင်းသည် အပစ်အခတ် ရပ်စဲရေး အဆင့် တွင် ရပ်တန့်ထားရန် မဟုတ်ဘဲ ရရှိထားသည့် အပစ်အခတ် ရပ်စဲရေးများကို အခြေ ခံပြီး နိုင်ငံရေး ဆွေးနွေးပွဲ များကို တက်လှမ်းနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျက် ရှိကြောင်း ပင်ဖြစ်ပါတယ်။ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ် တစ်လျှောက်တွင် ကြိုတင် စည်းကမ်း သတ်မှတ်ချက်များ ချမှတ်ခြင်းမရှိဘဲ တိုင်းရင်းသားများ၏ အဆိုပြုချက် အားလုံးကို လက်ခံ ဆွေးနွေး ခဲ့ကြောင်းကိုလည်း ရှင်းလင်း ပြောကြား လိုပါတယ်။

ဒီလို လုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းများ အောင်မြင်အောင် လုပ်ဆောင်နိုင် ခဲ့ပါတယ်။ ဒီလိုရရှိအောင်မြင်ထားတဲ့ အပြန်အလှန် ယုံကြည်မှုကို အခြေခံပြီး များမကြာမီ ကာလက ဖြစ်ပွားခဲ့သည့် စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်ဖြစ်သည့် ဗုံးပေါက် ကွဲမှု ဖြစ်စဉ်များကို ဖြေရှင်းရာတွင် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့တာကိုလည်း အများအသိပင် ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့ ရရှိထားတဲ့ အပြန်အလှန် ယုံကြည်မှုကို အခြေခံပြီး လက်ရှိလိုင်ဇာမှာ ကျင်းပနေတဲ့ တိုင်းရင်းသား ခေါင်းဆောင်များ၏ ဆွေးနွေး ညှိနှိုင်းမှုမှ တစ်ဆင့် ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အဓိကကျသည့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ခြင်း အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်မည်ဟု ကျွန်တော့် အနေနဲ့ မျှော်လင့်ယုံကြည်လျက် ရှိကြောင်း ပြောကြား လိုပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေး ဖြစ်စဉ်နှင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို နှေးကွေးသည်၊ မြန်ဆန်လွန်းသည် အစရှိသည့် ပြောကြား ချက်များ သည် ပြောကြားသူတို့၏ ရပ်တည်ချက်၊ ကြည့်မြင်သည့် ရှုထောင့်နှင့် တိုင်းတာသည့် စံချိန်၊ စံညွှန်းများ ပေါ်တွင် မူတည်မည်ဖြစ်ပါတယ်။ လတ်တလော ဖြစ်ပေါ်လျက် ရှိသည့် အခြေခံ ဥပဒေဆိုင်ရာ နိုင်ငံရေး ဆွေးနွေးမှုများ၊ ပြောဆိုငြင်းခုံမှု များ၏ အနေအထားကို သုံးသပ်ကြည့်ရှုပါက မိမိတို့ လူ့အဖွဲ့အစည်းတွင် ရှိရမည့် ဒီမိုကရေ စီရေးဆိုင်ရာ အလေ့ အကျင့်များ စတင် ရှင်သန်လာခြင်း ဖြစ်သည်ကို ငြင်းဆို၍ မရသည့်အချက်အဖြစ် တွေ့ရှိရမှာ ဖြစ်ပါတယ်။

ဤအလေ့အကျင့်များ ဆက်လက်ရှင်သန် အမြစ်တွယ် ခိုင်မာရေးအတွက် အမျိုးသားရေး တာဝန် တစ်ရပ်အနေနှင့် မိမိတို့အားလုံး ကြိုးပမ်း သွားရမှာဖြစ်ပါတယ်။

ကြိုးပမ်း ဆောင်ရွက်ရာတွင်လည်း ဆောင်ရွက်မှု နှေးကွေးသဖြင့် ဒီမို ကရေစီအရေးကို နှောင့်နှေးစေသည့် အစွန်းနှင့် မြန်ဆန် လွန်းသည့်အတွက် အလှမ်းကျယ်၊ အလယ်လပ်သည့် အစွန်းနှစ်ပါးကို ရှောင်ရှားပြီး မိမိတို့ လူ့အဖွဲ့အစည်း အနေနှင့် လက်ရှိ နိုင်ငံရေး အရှိ တရား များကို အခြေခံသည့် လက်တွေ့ကျသည့် ရလဒ်များ ရရှိရန် ကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စနှင့် ပတ်သက်၍လည်း အစွန်းရောက်ခြင်းကို ရှောင်ရှားပြီး ပြည်သူလူထု အများစု၏ လိုလားချက်များကို ဖြည့်ဆည်း ပေးနိုင်မည့် နိုင်ငံရေး စေတနာ ကောင်းများဖြင့် မိမိဖြစ်လိုသည့် ဆန္ဒထက် မြန်မာနိုင်ငံရဲ့အတိတ် သမိုင်းကြောင်း၊ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ဖြစ်ပေါ် လာနိုင်သည့်အနာဂတ် ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို စဉ်းစားတွက်ဆပြီး ဓမ္မဓိဋ္ဌာန် ကျကျ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း အပ်ပါတယ်။

ကျွန်တော်တို့ ကြိုးပမ်း အကောင်အထည် ဖော်နေတဲ့ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကို ရှေးရှုပြီး လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ ကနေ နိုင်ငံရေး အကျဉ်းသား ၅၆ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသား တစ်ဦး တစ်ယောက်မှ မကျန်ရှိစေရ အောင်လည်း ဆက်လက် ဆောင်ရွက် သွားမှာဖြစ်ကြောင်း အသိပေး ပြောကြား လိုပါတယ်။

ကျွန်တော့်အနေနဲ့ အောက်တိုဘာလ အတွင်းမှာ ရခိုင်ပြည်နယ်ကို သွားရောက် ခဲ့ပါတယ်။ ကျွန်တော့်ခရီးစဉ် ကာလအတွင်း သံတွဲမြို့မှာ ပဋိပက္ခများ ဖြစ်ပွား ခဲ့တာကိုလည်း တွေ့မြင်ခဲ့ ရပါတယ်။ ဒီဖြစ်ရပ်များကို သုံးသပ် ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အားလုံး ကြိုးပမ်း တည်ဆောက်လျက်ရှိတဲ့ ပွင့်လင်း လွတ်လပ်သော လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်ပေါ် လာရေးအတွက် စိန်ခေါ်မှုများ များစွာ ရှိနေသေးတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ကျွန်တော်တို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံး အနေနှင့် အတူတကွ လက်တွဲ ရင်ဆိုင် ဖြေရှင်းကြရဦးမှာ ဖြစ်ပါတယ်။

ပြဿနာများကို ဖြေရှင်းရာမှာ အခြေခံ အကျဆုံး ဖြစ်သည့် တရားဥပဒေ စိုးမိုးရေးနှင့် ဒေသ တည်ငြိမ်ရေးကို ယခုထက် ပိုမိုတိုးမြှင့် လုပ်ဆောင်ရန် ဒေသ အာဏာပိုင် များကို ကျွန်တော့် အနေနဲ့ ညွှန်ကြားထားပြီး ဖြစ်သလို လူမှုရေး၊ ဘာသာရေး ခေါင်းဆောင်များနဲ့ ရပ်မိရပ်ဖ များကိုလည်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်း ပြောကြား ထားပြီး ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ပြည်သူလူထုကို ကျွန်တော့် အနေနဲ့ တင်ပြလို တာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၁ဝ ရက်နေ့မှာ ဘရူနိုင်းနိုင်ငံမှ လွှဲပြောင်းရယူခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ ဥက္ကဋ္ဌရာထူးကို ၁၇ နှစ်အတွင်းမှာ ပထမဆုံး အကြိမ် တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နိုင်ခြင်းဟာ အာဆီယံ အဖွဲ့ကြီး အနေနဲ့ သာမက နိုင်ငံတကာ အသိုင်းအဝိုင်းကပါ မြန်မာနိုင်ငံ အစိုးရ၊ မြန်မာပြည်သူ လူထုနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ် အပေါ်မှာပါ ယုံကြည်မှုရှိတဲ့ အကြောင်းကို ပြသခြင်းလည်း ဖြစ်ပါတယ်။

ဒီလိုအာဆီယံ ဥက္ကဋ္ဌ ရာထူးကို လွှဲပြောင်း တာဝန်ယူ ဆောင်ရွက်နိုင်ခြင်းဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် အရေးကြီးတဲ့ တာဝန် တစ်ခု ကိုထမ်းဆောင်ခြင်း ဖြစ်သလို တစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ တိုးတက်မှုတွေဟာ အာဆီယံ ဒေသတွင်းမှာ ဂုဏ်ယူနိုင်တဲ့ အဆင့် ရောက်ရှိနေပြီဟု ယုံကြည်ပြီး တာဝန်လွှဲအပ်ခြင်း ခံရတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသား များအားလုံး အတွက် တာဝန် ထမ်းဆောင်ခြင်း ဖြစ်တယ် လို့လည်း ဆိုနိုင်ပါတယ်။

အာဆီယံ ဥက္ကဋ္ဌ တာဝန်ဟာ အာဆီယံ အဖွဲ့ကြီးကို ဦးဆောင်မှုပေးရုံသာ မဟုတ်ဘဲ အာဆီယံ အဖွဲ့ကြီးနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံများ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု၊ တရုတ် နိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ ဂျပန် နိုင်ငံ၊ ဥရောပ သမဂ္ဂ၊ ရုရှားနိုင်ငံတို့နဲ့ ဆက်သွယ် ပူးပေါင်း ဆောင်ရွက်မှုများ ကိုလည်း ဦးစီးဦး ဆောင်ပြုလုပ် သွားရမှာ ဖြစ်ပါတယ်။ ၂ဝ၁၅ မှာ အာဆီယံ စီးပွားရေး အသိုက်အဝန်းကို ဖော်ဆောင်နိုင်ဖို့ လိုအပ်တဲ့ လုပ်ငန်းတွေ၊ တာဝန်တွေ လုပ်ဆောင်ဖို့ ရှိနေတဲ့ အတွက် ကျွန်တော်တို့ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမယ့် လာမယ့်နှစ်ဟာ ဆိုရင် အလွန်အရေးကြီးတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို ယူထားချိန်မှာ အာဆီယံ ဆိုင်ရာ အဆင့်မြင့် တွေ့ဆုံပွဲတွေနဲ့ အစည်းအဝေးကြီး တွေကို လက်ခံကျင်းပ ပြုလုပ်သွားဖို့ ရှိပြီး နိုင်ငံတကာဆိုင်ရာ အရေးကြီး ကိစ္စရပ်များ ကိုလည်း ဦးဆောင် ဆွေးနွေးသွားရမှာ ဖြစ်ပါတယ်။

လာမယ့်နှစ်အတွင်းမှာ အာဆီယံအဖွဲ့ကြီးကို ဒေသတွင်းအင်အားစု တစ်ခုအနေဖြင့် အင်အား ကောင်းလာအောင် ဆောင်ရွက်သွားရမှာဖြစ်သလို အာဆီယံနဲ့ ကမ္ဘာ့အသိုင်း အဝိုင်း အကြား ဆက်ဆံရေး တွေမှာလည်း ပိုမိုတိုးတက် ကောင်းမွန် လာအောင် ဦးဆောင် သွားရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာ့ အသိုင်းအဝိုင်းနဲ့ နိုင်ငံတကာ ဆက်ဆံရေး ပုံစံသစ် တစ်ရပ်ကို ပြန်လည် တည်ဆောက် နေခြင်းရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံရဲ့လက်ရှိ ကျင့်သုံးနေတဲ့ နိုင်ငံခြားရေး မူဝါဒအရလည်း မြန်မာနိုင်ငံရဲ့အကျိုးစီးပွား သက်သက်ကို အကာအကွယ် ပေးရုံသာ မကဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ တာဝန် သိတတ်တဲ့၊ တာဝန်ယူတတ်တဲ့ ကမ္ဘာ့နိုင်ငံ တစ်နိုင်ငံ ဖြစ်လာအောင်လည်း ကြိုးပမ်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒီလပြောကြားတဲ့ ကျွန်တော့်ရဲ့ တင်ပြပြောဆို ချက်များကို ခြုံငုံ ကြည့်မယ်ဆိုရင် မိမိတို့ လူ့အဖွဲ့အစည်းဟာ အရေးကြီးသည့် ကာလတစ်ခုကို ဖြတ်သန်းပြီး နိုင်ငံရေး ဖြစ်စဉ်နှင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် များကို တည်ဆောက်နေရတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်း စဉ် အဆင့်ဆင့်မှာလည်း စိန်ခေါ်မှုများ ပြည့်နှက်နေပြီး ၎င်းစိန် ခေါ်မှုများကို အဆင့် အလိုက် ရင်ဆိုင် ဖြေရှင်းနေရ ချိန်လည်း ဖြစ်ပါတယ်။

တစ်ဖက်တွင် ပြဿနာမျိုးစုံ ဖြေရှင်း ကျော်လွှား နေရသော်လည်း အခြားတစ်ဖက်တွင် အာမခံချက် ရှိသည့် မျှော်လင့်ချက်များကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ထိုမျှော်လင့်ချက်တွေကို အခြေခံပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် နိုင်ငံရေး ဖြစ်စဉ်များ ရှင်သန်မှုကို မိမိတို့အားလုံး ပူးပေါင်းပြီး အောင်မြင်အောင် ဆောင်ရွက် သွားကြရန် တိုက်တွန်း ပြောကြား လိုပါတယ်။ ကျွန်တော့်အနေနဲ့ ကတော့ ကျွန်တော် တာဝန်ယူထားတဲ့ သက်တမ်းကာလ အတွင်းမှာ ပြည်တွင်း ငြိမ်းချမ်း ရေး ရရှိအောင် ပြည်သူတွေရဲ့ လူမှု စီးပွား ဘဝ ပိုမို တိုးတက် ကောင်းမွန်လာအောင် နောင်အနာဂတ် မျိုးဆက်သစ်တွေ အတွက်ပါ ပိုမို ကောင်းမွန် ပြည့်စုံတဲ့ ဘဝတွေ ပိုင်ဆိုင် လာကြဖို့အတွက် ရေရာသေချာတဲ့ အနာဂတ် တစ်ခုကို ရှေးရှုပြီး တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိ ပါကြောင်း ပြောကြားရင်း နိဂုံးချုပ် ပါတယ်။

မိဘပြည်သူများ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နဲ့ပြည့်စုံကြပါစေ။



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...