Friday, November 1, 2013

Shangrila Residence နှင့် Rose Garden ဟိုတယ်တို့ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီး ဆီးဂိမ်းစ်အတွက် အခန်း ၃၀၀ ခန့်ရရှိမည်ဟု ၀န်ကြီးဌာန မျှော်မှန်း

Friday, 01 November 2013


ပြင်ဆင်မှု ပြီးစီးလုနီးပါး ဖြစ်နေသည့် Rose Garden ဟိုတယ်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

Shangrila Residence နှင့် Rose Garden ဟိုတယ် ပြင်ဆင်မှု ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီး ဆီးဂိမ်းစ်အတွက် အခန်း ၃၀၀ ခန့် ရရှိမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ မျှော်မှန်းထားကြောင်း သိရသည်။

တစ်လကျော်သာ လိုတော့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဟိုတယ်အခန်း မလုံလောက်မည်ကို စိုးရိမ်ရသည့် ရန်ကုန်တွင် အရံအခန်းများ အတွက် Shangrila Residence နှင့် Rose Garden ဟိုတယ်များမှ ရရှိမည်ဆိုပါက လုံလောက်သည့် အဆင့်တွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဦးက ''သူတို့က ပြီးစီးသလောက် ရှိနေပြီ။ ဒါပေမဲ့ ဟိုတယ်ဆိုတာ တက်အိပ်လိုက်ရုံတင် ရတာမဟုတ်ဘူး။ ကျန်တဲ့ဝန်ဆောင်မှု အပိုင်းတွေပါ ဖြည့်ဆည်းရမှာ ဖြစ်တယ်။ ဒါပေမဲ့ ဆီးဂိမ်းစ်မတိုင်မီတော့ သူတို့ဆီက အခန်းထက်ဝက် လောက်ကိုတော့ ရမယ်လို့ မျှော်မှန်းထားပါတယ်'' ဟု ပြောကြားသည်။

ရာနှုန်းပြည့်နီးပါး ပြင်ဆင်ပြီးခဲ့သော Shangrila Residence မှာ အခန်းပေါင်း ၂၄၀ ရှိမည်ဖြစ်ပြီး Rose Garden ဟိုတယ်မှာ အခန်း ၃၀၀ ရှိမည် ဖြစ်ကြောင်း သိရသည်။

Shangrila Residence နှင့် Rose Garden ဟိုတယ်မှာ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံထားသည့် အဆောက်အအုံများဖြစ်ပြီး ယခုနောက်ပိုင်း မြန်မာနိုင်ငံ၏ ခရီးသွားဧည့်သည် အဆမတန် မြင့်တက်လာမှုကြောင့် ပြန်လည် ပြင်ဆင်ကာ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။

လာမည့် ဆီးဂိမ်းစ်အတွက် ရန်ကုန်-နေပြည်တော်-မန္တလေးတို့တွင် ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် ဟိုတယ် အလုံးပေါင်း ၈၆ လုံးမှ အခန်းပေါင်း ၇၀၀၀ ကျော် ထားရှိမည်ဖြစ်ပြီး ရန်ကုန်တွင် ဆီဒိုးနား၊ ကုန်သည်ကြီးများ ဟိုတယ်များ အပါအ၀င် ဟိုတယ်အလုံး ပေါင်း ၃၃ လုံးရှိ အရံအခန်းများ အပါအ၀င် ၁၀၂၆ ခန်း ထားရှိမည် ဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...