Friday, November 1, 2013

Morris Garages ကားကုမ္ပဏီ၏ ကားအရောင်းပြခန်း ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော S3 စင်တာကို နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်ရန် စီစဉ်

Friday, 01 November 2013


နိုဝင်ဘာလအတွင်း ရန်ကုန်မြို့တွင် ဖွင့်လှစ်ရန် စီစဉ်နေသည့် Morris Garages ကားကုမ္ပဏီ၏ S3 စင်တာကို တွေ့ရစဉ်

အင်္ဂလန်အခြေစိုက် Morris Garages ကားကုမ္ပဏီ၏ အရောင်းပြခန်း၊ ၀န်ဆောင်မှု စင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော S3 စင်တာကို နိုဝင်ဘာအတွင်း ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း LS Auto မှ Senior Marketing Executive ဦးဇော်ဇော်ထွန်း၏ ပြောကြားချက်အရ သိရသည်။

Morris Garages ကုမ္ပဏီ၏ S3 စင်တာကို အမှတ် ၃၅၁၊ ပြည်လမ်း၊ စမ်းချောင်း မြို့နယ်တွင် ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်ပြီး Morris Garages ကုမ္ပဏီထုတ် ကားသစ်များကို ရောင်းချပေးမည့်အပြင် အဆိုပါ ကုမ္ပဏီထုတ် ကားများအတွက် ၀န်ဆောင်မှုပေးခြင်းနှင့် ယာဉ်အပိုပစ္စည်း များကိုပါ ရောင်းချပေးမည် ဖြစ်သည်။

Morris Garages ကုမ္ပဏီထုတ် ကားများကို သုံးနှစ်အာမခံဖြင့် ရောင်းချပေးမည်ဖြစ်ပြီး MG3,MG5, MG6 (Fastback, Magnette), MG750 မော်ဒယ်များကို ရောင်းချပေးမည် ဖြစ်သည်။ ကားရောင်းချခြင်းတွင် လက်ငင်းငွေပေးချေမှု စနစ်နှင့် အရစ်ကျ ငွေပေးချေမှု စနစ်နှစ်မျိုး စလုံးဖြင့် ရောင်းချပေးမည်ဖြစ်ပြီး အရစ်ကျ ငွေပေးချေမှု ၀န်ဆောင်မှုအတွက် ပြည်တွင်းပုဂ္ဂလိက ဘဏ်တစ်ခုနှင့် ချိတ်ဆက်ထားကြောင်း သိရသည်။

LS Auto ကုမ္ပဏီသည် Morris Garages ကားများကို မြန်မာနိုင်ငံတွင် တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ချိ ရောင်းချခွင့် ရရှိထားပြီး SAIC Motor ကား ထုတ်လုပ်ရေး ကုမ္ပဏီနှင့် တိုက်ရိုက်ချိတ်ဆက် ထားခြင်းဖြစ်သည်။ စက်ပြင်ဆင်မှု အပိုင်းတွင် SAIC (Shanghai Automotive Industry Corporation) မှပညာရှင်များနှင့် ပြည်တွင်းပညာရှင်များ ပူးပေါင်း ၀န်ဆောင်မှုပေးမည် ဖြစ်သည်။ MG Motor သည် ၁၉၂၄ ခုနှစ်တွင် စတင်တည်ခဲ့သည့် အင်္ဂလန်အခြေစိုက် ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်အခြေစိုက် SAIC Motor ကား ထုတ်လုပ်ရေး ကုမ္ပဏီ၏ အပြည့်အ၀ ပိုင်ဆိုင်သော ကားလုပ်ငန်းခွဲ တစ်ခုဖြစ်သည်။

SAIC သည် Nanjing Automobile Group ကားထုတ်လုပ်ရေး လုပ်ငန်းစု တစ်ခုဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် MG အမှတ်တံဆိပ် မူပိုင်ခွင့် အပါအ၀င် လုပ်ငန်းအားလုံးကို အမေရိကန်ဒေါ်လာ ၉၇ သန်းဖြင့် ၀ယ်ယူခဲ့ပြီး MG Motor ကုမ္ပဏီသစ်ကို ထူထောင်ခဲ့သည်။ SAIC (Shanghai Autom-otive Industry Corporation) သည် MG Motor လုပ်ငန်းတွင် ၂၀၁၂ ခုနှစ်အထိ စတာလင်ပေါင် သန်း ၄၅၀ ၀န်းကျင်အထိ ရင်းနှီးမြှုပ်နှံခဲ့ပြီး တရုတ်နိုင်ငံတွင် ကားများထုတ်လုပ်၍ ဥရောပ တစ်ခွင်သို့ တင်ပို့ရောင်းချကြောင်း သိရသည်။

ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် ကားတင်သွင်းဖြန့်ချိ ရောင်းချသည့် လုပ်ငန်းကို လုပ်ကိုင်သူများ တိုးတက်များပြား လာလျက်ရှိသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...