Friday, November 1, 2013

ဌာနပေါင်းစုံပါ ယာဉ်စစ်အဖွဲ့ စစ်ဆေးမှုကို လက်မခံဘဲ မောင်းနှင် ထွက်ပြေးမှုများ ရှိနေ

Friday, 01 November 2013



ဗဟန်းမြို့နယ်အတွင်း ယာဉ်စစ်အဖွဲ့မှ ယာဉ်များကို စစ်ဆေးနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဌာနပေါင်းစုံ ပါဝင်သည့် ယာဉ်စစ်အဖွဲ့၏ စစ်ဆေးမှုကို လက်မခံဘဲ မောင်းနှင်ထွက်ပြေးနေသည့် ယာဉ်များ များပြားလျက် ရှိနေကြောင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီနှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီတို့မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းတွင် သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မောင်းနှင်သွားလာနေသော ယာဉ်နှင့်ယာဉ်မောင်းများ သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ မောင်းနှင်သွားလာမှု ရှိ/မရှိကို နေ့စဉ်စစ်ဆေးရန် အတွက် ဌာနပေါင်းစုံ ပါဝင်သည့် ယာဉ်စစ် အထူးအဖွဲ့ ၁၀ ဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။

အဆိုပါယာဉ်စစ် အထူးအဖွဲ့တွင် စည်ပင်သာယာ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မော်တော်ယာဉ် လိုင်းပေါင်းစုံ ကြီးကြပ်မှု ဗဟိုအဖွဲ့၊ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး၊ ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စသည့် အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ ပါဝင်ကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ သိရသည်။

''ရန်ကုန်တိုင်း အတွင်းမှာ ယာဉ်စစ် အထူးအဖွဲ့ ၁၀ ဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ ယာဉ်မောင်းတွေ အကုန်လုံးကလည်း ဥပဒေကို နားလည်ထားပေမယ့် သိလျက်သားနဲ့ စည်းကမ်းတွေ ဖောက်နေကြတယ်။ စစ်ဆေးရေး အဖွဲ့တွေ စစ်ပြီးလို့ ပြန်သွားပြီး မိနစ်အနည်းငယ် အကြာမှာပဲ စည်းကမ်းတွေ ဖောက်ပြီးတော့ ပြန်ပြီးသွားလာကြတယ်။ ဒါတွေကို ဘယ်လိုပဲ စောင့်ကြည့်အရေးယူ နေပေမယ့်လည်း ယာဉ်မောင်းတွေက တာဝန်သိသိနဲ့ စည်းကမ်းလိုက်နာဖို့ လိုအပ်ပါတယ်။ စစ်နေမှ ဖမ်းမှ စည်းကမ်းလိုက်နာ မယ်ဆိုတဲ့ မကောင်းတဲ့ အကျင့်တွေကို ဖျောက်ဖို့ လိုအပ်နေပါပြီ။ ဒါတွေကို ဥပဒေအရ အရေးယူ နေတာကလည်း ရေရှည်ဆိုရင် မကောင်းပါဘူး။ အခုစစ်တဲ့ အခါကျရင် အချို့ယာဉ်တွေဆိုရင် ရပ်မပေးဘဲ မောင်းနှင်ထွက်ပြေး တာတွေပါ ရှိလာပါတယ်။ ဒီယာဉ်တွေကို မှတ်သားပြီးတော့ အရေးယူနေပါတယ်'' ဟု မော်တော်ယာဉ်လိုင်း ပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

''အဲဒီလို စစ်ဆေးမှုတွေ လက်မခံဘဲ မောင်းနှင် ထွက်ပြေးတဲ့ ယာဉ်တွေကို ထိထိရောက်ရောက် အရေးယူနေတယ်။ ဒါ့ပြင် သက်ဆိုင်ရာ ယာဉ်လိုင်းတွေကိုလည်း အကြောင်းကြားပြီးတော့ သူတို့ရဲ့ ယာဉ်လိုင်းတွေမှာ ထပ်မံပြီး အရေးယူပါတယ်'' ဟု ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ တွဲဖက် အတွင်းရေးမှူး ရဲမှူးသာဌေးက ပြောကြားသည်။


EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...