Tuesday, November 5, 2013

လိုင်ဇာဘုံသဘော တူညီချက်ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ စတင်ဆွေးနွေးသည့် မြစ်ကြီးနား ဆွေးနွေးပွဲ စတင်

 Created on Tuesday, 05 November 2013

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး မြစ်ကြီးနား ဆွေးနွေးပွဲ ပထမနေ့ အစီအစဉ်၌ ဆွေးနွေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်နှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာဘုံသဘော တူညီချက်ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စတင်ဆွေးနွေးသည့် မြစ်ကြီးနား ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့၊ မနောကွင်းရှိ မဂျွယ်ခန်းမဆောင်တွင် နိုဝင်ဘာ ၄ ရက်က စတင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား ဆွေးနွေးပွဲ၏ ပထမနေ့ နံနက်ပိုင်း အစီအစဉ်တွင် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် ၁၆ ဖွဲ့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များကလည်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။

လက်ရှိအချိန်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် များအကြား ထပ်တူကျမှု တစ်ခုအဖြစ် ရှိနေသည်မှာ မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာမည် ဆိုသည့် နိုင်ငံရေး အာသီသ ရှိနေခြင်းပင် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

''ကျွန်တော်တို့ အနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို စိန်ခေါ်မှုတွေ အများကြီး ကြားထဲက လုပ်ရမယ်လို့ မျှော်လင့်ထားပါတယ်'' ဟု ဦးအောင်မင်းက ဆက်လက် ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်ကမူ ၎င်းတို့အဖွဲ့သည် သမ္မတကိုယ်တိုင် ဖွဲ့စည်းပြီး စေလွှတ်လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ကာ ငြိမ်းချမ်းရေး အတွက် သမ္မတ၏ ပြောစကားများ၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ မှာကြားချက်နှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့၏ အမှာစကားများကို ပြောကြားခဲ့သည်။

နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီးနှင့် အမှတ် ၄ အထူးစစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် သမ္မတ၏ ပြောစကားများ၊ တပ်မတော်၏ သဘောထားများကို ပြောကြားခဲ့သည်။

''တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ မူဝါဒခြောက်ရပ် ရှိပါတယ်။ (၁) အနေနဲ့ ကတော့ ထာဝရငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ် ဆန္ဒရှိရန် လိုပါတယ်။ ဒါတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ချမှတ်ထားတဲ့ မူဝါဒခြောက်ချက် ဖြစ်ပါတယ်။ (၂) အနေနဲ့ကတော့ သဘောတူ စာချုပ်များအတိုင်း ကတိတည်ရန် လိုပါတယ်။ (၃) ငြိမ်းချမ်းရေး သဘောတူညီချက်များ အပေါ်မှာ အမြတ်မထုတ်ရန်၊ (၄) ဒေသခံ ပြည်သူများ အပေါ်မှာ ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ (၅) နိုင်ငံတော်က ထုတ်ပြန်တဲ့ တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ (၆) ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရန် စသည်ဖြင့် ကျွန်တော်တို့မူဝါဒ ခြောက်ချက်ကို ထုတ်ပြန်ထားတာ ရှိပါတယ်'' ဟု ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ပြောကြားသည်။

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးကလည်း တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး ရရှိရန် သန္နိဋ္ဌာန်ချထားပြီး ဖြစ်ကြောင်းနှင့် ဆုံးဖြတ်ပြီးလည်း ဖြစ်ကြောင်း ထပ်မံပြောကြားသည်။

''ကျွန်တော်တို့ အပေါ်ကို သံသယမရှိဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်က ချမှတ်ထားတဲ့ အဆင့်သုံးဆင့်ပေါ့။ ပထမဦးဆုံး အဆင့်ကတော့ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး။ ဒီအတိုင်းသွားရမှာ။ ပြီးတဲ့အခါကျမှ နိုင်ငံရေး ဆွေးနွေးပွဲအတွက် မူဘောင် တည်ဆောက်ရမှာ။ ပြီးတဲ့အခါကျမှ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ရမှာ။ ဒါဟာ မလွဲမသွေ ဖက်တွယ်ရမယ့် အဆင့်သုံးဆင့် ဖြစ်ပါတယ်'' ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆိုသည်။

''ကျွန်တော်တို့ အနေနဲ့ကတော့ နိုင်ငံရေး အစိုးရ လူထုဆန္ဒနဲ့ တက်လာတဲ့ လူထုဆန္ဒကို ဦးစားပေးတဲ့ နိုင်ငံရေး အစိုးရတက်လာတဲ့ လက်ထက်မှာ ရေကြောင့်ဖြစ်တဲ့ ရွှံ့ဗွက်တွေကို ရေနဲ့ပြန်ဆေးနိုင်သလို နိုင်ငံ့ပြဿနာ တွေကိုလည်း နိုင်ငံရေး အစိုးရရဲ့ လက်ထက်မှာ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်'' ဟု ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

''ကျွန်တော်တို့ ရင်ထဲမှာ ဖြစ်ချင်တာတွေ အများကြီး ရှိပါတယ်။ သို့သော်လည်းပဲ ဖြစ်နေတာတွေနဲ့ ကြည့်ပြီးတော့မှ အဖြစ်နိုင်ဆုံးတွေ ဆုံးဖြတ်ပြီးတော့ သဘောတူညီ ဆောင်ရွက်ခဲ့ပါတယ်'' ဟု လိုင်ဇာသဘော တူညီချက်နှင့် ပတ်သက်၍ ၎င်းက ဆက်လက် ပြောကြားသည်။

''အဲဒီတော့ အခုလို ကာလမျိုးမှာ ကျွန်တော်တို့ဟာ ဘယ်လိုနားလည်မှုတွေ ရယူပြီးတော့မှ တကယ့်ခိုင်မာတဲ့ ရေရှည်တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ကြမလဲဆိုတာ နည်းလမ်းရှာဖို့ လိုပါတယ်။ အဲဒီလို တည်ဆောက်ကြဖို့ ကြိုးပမ်းကြတဲ့နေရာမှာ တစ်ဖက်က လွယ်လွယ်နဲ့ ရနိုင်မလား။ စေတနာမှန်ပေမယ့် အတွေ့အကြုံအရ တစ်ဖက်ကတော့ ကျွန်တော်တို့ သံသယမရှိပါနဲ့။ သိပ်ပြီးမှလည်း အဆိုးမမြင်ပါနဲ့။ မြင်လည်းမြင်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အနေအထားအရ ကျွန်တော်တို့က ဖြတ်သန်းလာတဲ့ နှစ်ပေါင်းခြောက်ဆယ့် ငါးနှစ်ကျော်ကျော် ကာလရဲ့ အတွေ့အကြုံ အရပေါ့လေ။ တချို့အပိုင်းမှာ ကျွန်တော်တို့ သတိမထားလို့ မရပါဘူး။ စေတနာမှန်ရုံနဲ့လည်း တကယ့် လက်တွေ့ပိုင်းမှာ မအောင်မြင်နိုင်ဘူး'' ဟု မွန်ပြည်သစ် ပါတီ၏ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားသည်။

''ကျွန်တော်တို့က လိုင်ဇာကွန်ဖရင့်ရဲ့ ရလဒ်ရယ် လိုင်ဇာကွန်ဖရင့်ရဲ့ ရှေ့ဆက်လုပ်ရမယ့် လုပ်ရပ်တွေ လာပြောပြတာ။ ရှင်းပြတဲ့ အချိန်မှာ အဲဒီကိစ္စကို မရှင်းဘူးဆိုရင် ကျွန်တော်တို့က ပြန်ရှင်းပြမယ်။ ဒါပေမဲ့ အစိုးရဘက်က ပြင်ဆင်မှု ကောင်းကောင်းနဲ့ ပြည်နယ် အစိုးရကပါ တစ်ခါတည်း လုပ်ထားတော့ သူတို့လုပ်ထားတဲ့ ခေါင်းစဉ်က အကြိုလို့ ပြောတယ်။ ကျွန်တော်တို့ အမြင်မှာတော့ အကြိုကနည်းနည်း စောသေးတယ်။ အကြိုကို သွားနိုင်ဖို့ ညှိနှိုင်းရေး အဖွဲ့လောက်ပဲ ကျွန်တော်တို့ လုပ်နေတာပေါ့။ တကယ် အကြီးအကျယ် ညှိနှိုင်းမယ်ဆိုရင် ကိုယ်စားပြုမှုကောင်းတဲ့ အဖွဲ့ကိုယ်စားလှယ်တွေ ဆုံးဖြတ်နိုင်တဲ့ အဖွဲ့ကိုယ်စားလှယ်တွေ ပါ ဖို့လိုတယ်'' ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တွဲဖက်အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

မြစ်ကြီးနား ဆွေးနွေးပွဲ ပထမနေ့ နံနက်ပိုင်း အစီအစဉ်သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် တပ်ပေါင်းစု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၊ ကရင်အမျိုးသား အစည်းအရုံး(KNU) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ မွန်ပြည်သစ်ပါတီ (MNSP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA) ၊ က ရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ၊ ရခိုင်အမျိုးသား ကောင်စီ (ANC) ၊ '၀'အမျိုးသား အဖွဲ့ချုပ် (WNO) ၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ (LDU) ၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF) ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) ၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) တို့ တက်ရောက်ခဲ့ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် လိုင်ဇာဘုံသဘော တူညီချက်အရ အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ တံခါးပိတ် ဆွေးနွေးခဲ့ကြသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...