Tuesday, November 5, 2013

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တော်ပြန်ခရီးအပေါ် သူတို့အမြင်





အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် တတိယအကြိမ်မြောက် ဥရောပငါးနိုင်ငံသို့ သွားရောက်သော ခရီးစဉ်မှ နိုဝင်ဘာ ၂ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် TG303 ထိုင်းလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခြင်းကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သူမ၏ ပါတီဝင်များကသာ လာရောက်ကြိုဆိုခဲ့ကြပြီး ယခင်ခရီးစဉ်များကဲ့သို့ လူအများအပြားလာရောက်ကြိုဆိုကြခြင်းမျိုး မတွေ့ရကြောင်း ကိုယ်တိုင်သွားရောက် ကြိုဆိုခဲ့သူ NLD ပါတီဝင်တစ်ဦးက ပြောသည်။

"အမေ ဒီတစ်ခါပြန်လာတော့ အဓိကအားဖြင့်တော့ လေဆိပ်မှာ ကျမတို့ ပါတီဝင်တွေပဲ ကြိုကျတာပေါ့နော်။ အရင်လို လူများတာတော့ မတွေ့ရဘူး။ ဘာလို့လဲလို့တော့ မပြောလိုပါဘူး" ဟု မင်္ဂလာတောင်ညွန့်မှ အဆိုပါ NLD ပါတီဝင် တစ်ဦးကပြောသည်။

ယခုကဲ့သို့ ယခင်နိုင်ငံတကာခရီးစဉ်များမှ ဒေါ်အောင်ဆန်းစုကြည် ပြန်လာတိုင်း တခဲနက်ကြိုဆိုမှုမျိုး
မတွေ့ရသည့်အပေါ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘန်ကောက်သို့ ထွက်ခွာမည့် ခရီးသည်တစ်ဦး၏အမြင်ကို မေးမြန်းကြည့်ရာ

ဒေါ်အောင်ဆန်းစုကြည် အပေါ် အရင်ကတော့ ကျနော်တို့ ပြည်သူတွေမျှော်လင့်ထားကြတာပေါ့နော်။
တိုင်းပြည်အတွက် အမှန်တကယ်ကောင်းအောင်လုပ်ပေးနိုင်မယ်လို့ပေါ့။
ဒါပေမယ့် သူနိုင်ငံတကာကို ခရီးထွက်တိုင်း ဟိုကပေးတဲ့ ဆုတွေတော့ ယူလာတယ်။ ပြည်ပ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ အကူအညီပေးဖို့ တောင်းဆိုတာမျိုး မတွေ့ရဘူး။ အခြေခံဥပဒေပြင်ပြီး သမ္မတဖြစ်ဖို့ အတွက်ပဲ ဇောင်းပေးပြီးတော့ ကြိုးစားနေတယ်လို့ မြင်ပါတယ်။ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှု
လျော့ကျလာပြီး အရင်လို ကြိုဆိုမှုတွေ မတွေ့ရတော့တာ ထင်ပါတယ်" ဟု ၎င်း၏ အမြင်ကို
ပြောပြသွားသည်။

ဆက်လက်၍ ခရီးသည်တစ်ယောက်ကပင်
" အရင်ကတော့ ဒေါ်စု ပြန်လာရင် ၀ိုင်းကြိုကြတာပေါ့။
ခုတော့ လူတွေက သတိထားမိလာတာလည်းပါမှာပေါ့။ နိုင်ငံခြားက
ဆုတွေတော့ ရရလာတယ်။ သမ္မတကြီးနိုင်ငံခြား သွားသလိုမျိုး
ပြန်လာရင် တိုင်းပြည်အတွက် ပါလာတာမျိုးမတွေ့ရတော့ လူထုထောက်ခံမှု နည်းလာတယ်ထင်ပါတယ်"
ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ဥရောပခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ကာ ဘယ်လ်ဂျီယမ်၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နှင့် အီတလီနိုင်ငံများသို့ သွားရောက်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ပြီးပြည့်စုံရန်အတွက် ဥရောပသမဂ္ဂနှင့် အီးယူ ခေါင်းဆောင်များက မြန်မာနိုင်ငံအပေါ်ဖိအားပေးရန် လိုကြောင်းကို သူမရောက်ရှိခဲ့သည့် နိုင်ငံများတွင် အဓိကထား ပြောဆိုခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...