Tuesday, November 5, 2013

ဘက်တီးရီးယားကို ပြန်စားသုံးနိုင်သော ဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိခဲ့





သိပ္ပံပညာရှင်တွေဟာ ဘက်တီးရီးယားတွေကို စားသုံးနိုင်တဲ့ ဗိုင်းရပ်ပိုးအမျိုးအစားကို ဖော်ထုတ်နိုင်ခဲ့ပြီး ဆေးရုံတွေမှာ အဓိကရှိနေတဲ့ စူပါပိုး အမျိုးအစားတစ်မျိုး ဘက်တီးရီးယားတွေကို နှိမ်နင်းနိုင်တော့မယ်လို့ သိရပါတယ်။ ဒီသုတေသနကို ဗြိတိန်နိုင်ငံက Leicester University, Univer sity of Glasgowe နဲ့ AmpliPhi ဇီဝသိပ္ပံ ကော်ပိုရေးရှင်းတို့က ပူးပေါင်းလေ့လာမှုပြုခဲ့တာဖြစ်ပါတယ်။
ဒီလေ့လာမှုမှာ အဓိကပစ်မှတ်ထားပြီး နှိမ်နင်းလိုတဲ့ ဘက်တီးရီးယားပိုးအမည်ကတော့ Clostridium difficile ဖြစ်ပြီး အဲဒီဘက်တီးရီးယားဟာ ဆေးရုံတွေမှာဖြစ်တဲ့ ပိုးဝင်မှုကို အဓိကဖြစ်စေပါတယ်။ နောက်ပြီး ဆေးရုံကတော်ရုံတန်ရုံ ပိုးသတ်မှုဒဏ်ကို ခံနိုင်ရည်ရှိလို့ စူပါပိုး (super -bug) လို့လဲခေါ်ဆိုကြပါတယ်။ ဒီလို အစွမ်းထက် ဘက်တီးရီးယားတွေကို စားသုံးနိုင်တဲ့ ဗိုင်းရပ်ပိုးအမည်ကတော့ bacteriophages ဖြစ်ပြီး အဓိပ္ပာယ်ကတော့ ဘက်တီးရီးယား စားသုံးသူများပဲ ဖြစ်ပါတယ်။

လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ သုတေသီ Dr.Martha Clokie က“ဒါဟာပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်းတွေကို ကာကွယ်နိုင်မယ့် သဘာဝ နည်းလမ်းတစ်ခုဖြစ်ပြီး ပဋိဇီဝဆေးဝါးတွေအပြင် တခြားရွေးချယ်စရာ ဖြစ်လာနိုင်ပါတယ်။ ဆေးဝါးတွေနဲ့ မတူတဲ့အချက်ကတော့ ဒီဗိုင်းရပ်ပိုးတွေဟာ သူတို့သတ်ပစ်ရမယ့် ဘက် တီးရီးယားကို ရွေးချယ်သေဆုံးစေနိုင်ပြီးအခြား ခုခံအားဆဲလ်တွေကိုတော့ မသတ်ပစ်ပါဘူး။ ဘက်တီးရီးယားကို ကုတ်တွယ်ပြီးနောက်မှာ သူတို့ရဲ့ဒီအင်အေကို ထိုးသွင်းလိုက်ပါတယ်။ ဘက်တီးရီးယားအတွင်းမှာ အကြိမ်ပေါင်းများစွာပွားပြီး နောက်ဆုံးမှာ သူတို့ဝင်ရောက်ထားတဲ့ ဘက် တီးရီးယားဟာ ပွင့်ထွက်ပြီး သေဆုံးသွားပါတယ်” လို့ ရှင်းပြထားပါတယ်။

သုတေသနအဖွဲ့ဟာ ဒီbacteriophages ဗိုင်းရပ်ဟာ အစွမ်းထက် C.difficile ဘက်တီးရီးယားတွေရဲ့၉၀%ကို သေစေနိုင်တယ် ဆိုတာဓာတ်ခွဲစမ်းသပ်မှုတွေနဲ့ သက်သေပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယင်းဗိုင်းရပ်ပိုးတွေဟာ အဲဒီဘက်တီးရီးယားကိုသာ သေစေနိုင်ပြီး အူတွင်းက သဘာဝ အတိုင်းတည်ရှိနေတဲ့ အကျိုးပြုဘက်တီးရီးယားတွေကိုတော့ နှိမ်နင်းမှုမရှိတာကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီဗိုင်းရပ်ပိုးကို ပဋိဇီဝဆေး အာနိသင်အတိုင်း အသုံးပြုနိုင်ဖို့ကိုတော့ Dr.Clokie့နဲ့အဖွဲ့က ဆက်လက်လေ့လာနေပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...