Tuesday, November 5, 2013

အစိုးရဘက်က ရေးဆွဲထားသော အပစ်ရပ်စာချုပ် မူဘောင်တွင် တပ်မတော်၏ သဘောထားပါဝင်

Tuesday, 05 November 2013


မြစ်ကြီးနား ဆွေးနွေးပွဲသို့ တက်ရောက် လာသူများအား တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးစာချုပ်နှင့် ပတ်သက်ပြီး အစိုးရဘက်က ရေးဆွဲထားသော မူဘောင်တွင် တပ်မတော်၏ သဘောထားလည်း ပါဝင်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက နိုဝင်ဘာ ၄ ရက် မြစ်ကြီးနား ဆွေးနွေးပွဲတွင် ပြောကြားသည်။

အပစ်ရပ် စာချုပ်အပေါ် တပ်မတော်၏ သဘောထားကို သတင်းထောက်များက မေးမြန်းရာ၌ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက တပ်မတော် ဘက်တွင်လည်း မူဘောင်ရေးဆွဲ ထားခြင်းများ ရှိကြောင်း ပြောကြားသည်။

''တပ်မတော်က တစ်နိုင်ငံလုံး အတိုင်အတာနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ဘယ်လိုမူတွေ၊ ဘယ်လိုဟာတွေနဲ့ လုပ်မယ်ဆိုတာကို ကျွန်တော်တို့လည်း framework ရေးထားတယ်။ အဲဒီလိုပဲ တိုင်းရင်းသားတွေ ဘက်ကလည်း framework ရေးထားတယ်။ အဲဒီရေးထားတဲ့ အပေါ်မှာ နှစ်ဖက်ပေါ့။ ညှိပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။

သို့သော် တပ်မတော်ဘက်က ရေးဆွဲထားသော မူဘောင်ဆိုသည်မှာ အစိုးရက ရေးဆွဲထားသော မူဘောင်နှင့် အတူတူပင် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက The Daily Eleven သို့ နိုဝင်ဘာ ၄ ရက် ညနေပိုင်းတွင် ပြောကြားသည်။

အပစ်အခတ် ရပ်စဲရေး စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်များက မည်သည့်အချိန်တွင် လက်မှတ်ရေးထိုးမည် ဆိုသည်ကို ပြောရခက်ကြောင်း ၎င်းကပြောကြားသည်။

''ဘယ်တော့ လက်မှတ်ထိုးမလဲဆိုတဲ့ ဟာကတော့ ဖြေရခက်တယ်။ ဒီအပေါ်မှာ မူတည်မှာပေါ့။ ဒီ framework ပေါ်မှာ သူတို့က ဘယ်လောက် လက်ခံနိုင်မလဲ။ ကျွန်တော်တို့က ဘယ်လောက် လက်ခံနိုင်သလဲ။ ဒါကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းရမယ့် သဘောပဲ။ ယခင်ထက်စာလို့ ရှိရင်တော့ တကယ့်ကို သေချာတဲ့ ငြိမ်းချမ်းရေးပေါ့။ သူတို့ ပြောပြောနေသလိုပေါ့။ ဒါထိုးပြီးတယ် ဆိုလို့ရှိရင်တော့ အားလုံး ပြီးသွားမှာပေါ့။ ယခင်အနေအထားနဲ့ စာရင်တော့ အများကြီး တိုးတက်လာတယ်လို့ ပြောလို့ရတယ်'' ဟု ၎င်းက ပြောကြားသည်။

ဖက်ဒရယ် ပြည်ထောင်စု ဆိုသည့်ကိစ္စမှာလည်း တိုင်းရင်းသား အဖွဲ့များ အပေါ်တွင်သာ မူတည်ကြောင်း ပြောကြားသည်။

''ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ အပေါ်မှာ သူတို့အမြင်နဲ့ ဒီနေ့နိုင်ငံတော်က လက်တွေ့ ကျင့်သုံးနေတဲ့ အမြင်နဲ့ ကျင့်သုံးနေတာနဲ့။ ဘယ်လောက် ကွာခြားသလဲ၊ မကွာခြားဘူးလဲ ဆိုတာ သူတို့အပေါ်မှာ မူတည်တယ်'' ဟု ၎င်းကဆက်လက် ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...