Tuesday, November 5, 2013

စစ်တွေမြို့တွင် အခြေချ လုပ်ကိုင်နေကြသော INGO နှင့် NGO များအား ဒေသခံများ အလိုမရှိခြင်းနှင့် ပတ်သက်ပြီး ဆရာတော်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

 Created on Tuesday, 05 November 2013


စစ်တွေမြို့တွင် INGO နှင့် NGO များ ရခိုင်ပြည်နယ် အတွင်းမှ ထွက်ခွာရန် ဆန္ဒဖော်ထုတ် နေသည်ကို တွေ့ရစဉ်

စစ်တွေမြို့တွင် အခြေချ လုပ်ကိုင်နေကြသော နိုင်ငံခြား အဖွဲ့အစည်းများဖြစ်သည့် INGO နှင့် NGO များအား ဒေသခံများ အလိုမရှိခြင်းနှင့် ပတ်သက်ပြီး ဆရာတော်ကြီးများ ကပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ်နှင့် သွားရောက်တွေ့ဆုံ ခဲ့ကြောင်း သိရသည်။

ယင်းသို့သွားရောက် တွေ့ဆုံမည့် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ (စစ်တွေ)မှ ဒေသခံများနှင့် ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ် အနှံ့အပြားတွင် လတ်တလော ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းခဲ့ကြောင်း သိရသည်။

အောင်မြေကုန်း ဆရာတော်က '' ပြည်သူတွေရဲ့ ဆန္ဒကို ၀န်ကြီးချုပ်ဆီ တင်ပြဖို့ လုပ်တာဖြစ်တယ်။ ပြည်သူတွေ အနေနဲ့ ဘာတွေ တင်ပြချင်သလဲ၊ ဖြစ်ချင်သလဲ ဆိုတာကို မေးမြန်းတာဖြစ်တယ်။ ပြဿနာ မဖြစ်ဖို့လိုတယ်။ ပြဿနာဖြစ်ရင် ဘယ်သူ့အတွက်မှ မကောင်းဘူး။ ဒါကိုဘုန်းဘုန်းတို့က ကြားကနေ ကူညီဖြေရှင်းပေးတာ ဖြစ်တယ်။ နိုင်ငံခြား အဖွဲ့အစည်းတွေ ဘာလုပ်တယ် ဆိုတာ ထင်ရှားစွာပြသဖို့ လိုတယ်။ ဒါကြောင့် ဒေသခံတွေနဲ့ တွေ့ဆုံတာဖြစ်တယ်'' ဟု မိန့်ကြားသည်။

ရှင်းလင်းမိန့်ကြားရာတွင် ပေါက်တောမြို့နယ်၊ ဆင်တက်မော်အုပ်စုရှိ ဗုဒ္ဓဘာသာဝင်တို့ အမြတ်တနိုးထားသော ဘုရားစေတီ တောင်ပေါ်ရှိ သစ်ပင်၊ ၀ါးပင်များကို လုယူခုတ်ဖြတ် ဖျက်ဆီးခြင်းကြောင့် ဗုဒ္ဓဘာသာဝင်များ ဟန့်တားရာမှစ၍ ပြဿနာ ဖြစ်ပွားပြီး ရခိုင်အမျိုးသမီး နှစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ရာ တစ်ဦးသေဆုံး ခဲ့ရကြောင်း၊ ယင်းအပြင် ကျေးတောအုပ်စု၊ ဗျိုင်းဖြူရွာအုပ်စုတို့တွင် အမျိုးသမီးတို့အား ဆေးကုပေးသည် ဟုဆိုကာ ဆေးများထိုးပေးရာမှ ကိုယ်ဝန်ပျက်ကျသည့် အနေအထားကိုလည်း ကြားမြင်တွေ့ရှိ နေရကြောင်း၊ စစ်တွေမြို့အနှံ့တွင် အိမ်၊ ကား၊ ဂိုဒေါင်တို့အား ဈေးကြီးပေးကာ ငှားရမ်းပြီး ဘင်္ဂါလီနှင့် ပူးပေါင်းလျက် နည်းမျိုးစုံဖြင့် အပျက်လုပ်ငန်းများ ဆောင်ရွက်နေသည် ကိုလည်း တွေ့ရှိရသည်။ သို့ဖြစ်၍ ယင်းကိစ္စရပ်များအပေါ် အမြန်ဆုံး ဖြေရှင်းပေးရန် ပြည်နယ်ဝန်ကြီးချုပ်သို့ တောင်းဆိုမည် ဖြစ်ကြောင်း ရေးသားထားသည့် စာအား မိန့်ကြားခဲ့သည်။

ဒေသခံများကလည်း စစ်တွေမြို့တွင် INGO နှင့် NGO များအား လုံးဝအလို မရှိတော့ကြောင်း၊ ရခိုင်ပြည်နယ် အတွင်းမှ အပြီးအပိုင် ထွက်ခွာသွားပေးရန် လိုလားကြောင်း၊ ယင်းသို့မဟုတ်ပါက ကြီးမားသော ပြဿနာများ ထပ်မံဖြစ်ပွား လာနိုင်ကြောင်း ထပ်ဆင့်ဖြည့်စွက် တောင်းဆိုခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...