Tuesday, November 26, 2013

ပြည်ပသို့ ဆန်တင်ပို့မှု လျာထားချက်ပြည့်မီရန် ငါးလအတွင်း တန်ချိန်နှစ်သန်းခွဲနီးပါး ထပ်မံတင်ပို့ရမည်ဖြစ်ပြီး လက်ရှိတွင် တန်ချိန် ၄၁၀၀၀၀ ကျော်သာ တင်ပို့ထား




Tuesday, November 26, 2013

ပြည်ပသို့ ဆန်တင်ပို့မှု လျာထားချက် ပြည့်မီနိုင်ရန် ငါးလအတွင်း ဆန်တန်ချိန် နှစ်သန်းခွဲနီးပါး ထပ်မံတင်ပို့ ရမည်ဖြစ်ပြီး လက်ရှိတွင် တန်ချိန် ၄၁၀၀၀၀ ကျော်သာ တင်ပို့မှု ပြုလုပ်ထားနိုင်ကြောင်း သိရသည်။

ယခင်ဘဏ္ဍာရေးနှစ် တစ်နှစ်လုံးတွင် ပြည်ပသို့ ဆန်တန်ချိန် တစ်သန်းကျော် စံချိန်တင် တင်ပို့နိုင်မှုကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးအနေဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ တင်ပို့ရန် လျာထားကြောင်း စီးပွားရေး ဆွေးနွေးပွဲ တစ်ခုတွင် ပြောကြားသည်။

သို့သော်လည်း ယခုနှစ်တွင် ပြည်တွင်း၌ ဆန်စပါး ထုတ်လုပ်မှု ကုန်ကျစရိတ် များသည့်အတွက် ပြည်တွင်းဆန်ဈေး မြင့်တက်သော်လည်း ပြည်ပဈေးမှာမူ အကျဈေးဘက်သို့ ဦးတည်နေသဖြင့် ကုန်သည်နှင့် လုပ်ငန်းရှင် အများစုမှာ ပြည်တွင်းဈေးကွက်ကိုသာ အဓိက ပြန်လည်ရောင်းချလျက် ရှိခြင်းနှင့် ရာသီဥတု ဖောက်ပြန်သဖြင့် စိုက်ဧက လျော့နည်းမှုတို့ကြောင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ယခင်နှစ်ကာလတူ တင်ပို့မှုထက် နှစ်ဆနီးပါး လျော့နည်းနေသေးကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ပြည်ပသို့ ဆန်တင်ပို့မှုများ ပြုလုပ်ရာတွင် လက်ရှိ၌ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မှုများနေပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် တင်ပို့သည့် နိုင်ငံများဖြစ်သည့် အာဖရိက နိုင်ငံများမှ တင်ပို့ထားခြင်း မရှိသေးဘဲ အဆိုပါနိုင်ငံများ အနေဖြင့် နိုဝင်ဘာလကုန်၊ ဒီဇင်ဘာလသို့ ရောက်မှ ဆန်ဝယ်ယူရန် အော်ဒါမှာယူလေ့ ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ် ဇွန်လအတွင်းက ဈေးကွက်သစ်ဖြစ်သည့် ဂျပန်နိုင်ငံသို့ ဆန်တန်ချိန် ငါးထောင်ကျော် တင်ပို့ခွင့်ရရှိခဲ့ပြီး ဆက်လက်၍ တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ယခုဘဏ္ဍာရေးနှစ် ဖြစ်သည့် ဧပြီ ၁ ရက် မှ နိုဝင်ဘာ ၁၅ ရက်အထိ ပြည်ပသို့ ဆန်တန်ချိန် ၄၁၂၇၄၀ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆၅ သန်းကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

(ဈေးကွက်အတွင်း ရောင်းချမည့် ဆန်များအား သယ်ဆောင်နေသည်ကို တွေ့ရစဉ်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...