Tuesday, November 26, 2013

လက်ပံတောင်းတောင် သပိတ်စခန်း အင်အားသုံး ဖြိုခွင်းမှုအပေါ် ဆန္ဒပြခဲ့သူ ခြောက်ဦးကို စမ်းချောင်းမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်လ ချမှတ်၊ ယခင်တရားရုံး နှစ်ရုံးမှ ချမှတ်ခဲ့သည့် ထောင်ဒဏ်တစ်လနှင့် တစ်ပေါင်းတည်း ကျခံရမည်ဖြစ်




Tuesday, November 26, 2013

၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း လက်ပံတောင်းတောင် သပိတ်စခန်း အင်အားသုံး ဖြိုခွင်းမှုအပေါ် ဆန္ဒပြခဲ့သူ ခြောက်ဦးအား စမ်းချောင်းမြို့နယ် တရာရုံးမှ နိုဝင်ဘာ ၂၅ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပြီး ယခုလအတွင်း ကြည်မြင့်တိုင် တရားရုံးနှင့် စမ်းချောင်းမြို့နယ် တရားရုံးတို့မှ ချမှတ်ခဲ့သော ထောင်ဒဏ်တစ်လနှင့်အတူ တစ်ပေါင်းတည်း ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့ခြောက်ဦးသည် မြို့ နယ်တရားရုံး သုံးရုံးပေါင်း ချမှတ်လိုက်သော ထောင်ဒဏ် ပြစ်ဒဏ်မှာ ထောင်ဒဏ်တစ်လသာ ကျခံရမည်ဖြစ်သည်။

ထိုသို့ ထောင်ဒဏ်ချမှတ် ခံရသူများမှာ မသန္တာ၊ စိုးမိုးထွန်း၊ မိုးသွေး၊ ဒီငြိမ်းလင်း၊ မြင့်ကျော်ဦး၊ အောင်မျိုးဦး တို့ဖြစ်ပြီး ၎င်းတို့မှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နှင့် ဒီဇင်ဘာ ၂ ရက်တို့တွင် အရပ်ဘက် လူ့အဖွဲ့စည်းများနှင့်အတူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုဆန္ဒပြမှုနှင့် လက်ပံတောင်းတောင် သပိတ်စခန်း အင်အားသုံး ဖြိုခွင်းမှုများနှင့် ပတ်သက်၍ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ စမ်းချောင်းမြို့နယ် တရားရုံးမှ အမိန့်ချမှုနှင့် ပတ်သက်၍ အမိန့်ချမှတ်ခံရသူ ကိုမိုးသွေးက ''ပုဒ်မ-၁၈၊ ၅၀၅(ခ) အခြေခံဥပဒေက စပြီးပြောင်းလဲ ပြင်ဆင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအားလုံး မတရားမှုတွေ တွေ့ဆုံတိုင်း ခေါင်းငုံ့၊ လက်သင့်မခံဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်သင့်ပါတယ်'' ဟု ပြောကြားခဲ့ပြီး လာရောက် အားပေးသူများကလည်း ပုဒ်မ-၁၈ အလိုမရှိဟူ၍ ကြွေးကြော်ခဲ့ကြသည်။

''ဒီငြိမ်းလင်းက လာမယ့် ဒီဇင်ဘာ ၂ ရက်မှာ ဘူမိဗေဒ နောက်ဆုံးနှစ်ကို ဖြေရမှာပါ။ အဲဒီအတွက် သားဖြစ်သူ ပညာရေး စာမေးပွဲ ဖြေဆိုရဖို့အတွက် ပညာရေးဝန်ကြီးဆီရယ်၊ အကျဉ်းထောင် ဦးစီးဆီရယ်ကို တောင်းဆိုစာ ပေးပို့သွားမှာပါ။ အခုသားကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်တဲ့ အတွက် ရွေးချယ်လို့ မရတော့ပါဘူး။ ငွေဒဏ်ပါရင်တော့ ရွေးချယ်လို့ ရမှာပါ။ သားဖြစ်သူ နိုင်ငံရေး အလုပ်ကို ဆောင်ရွက်နေတဲ့ အတွက်လည်း အပြစ်မမြင်ပါဘူး။ ဂုဏ်ယူမိပါတယ်'' ဟု ဒီငြိမ်းလင်း၏ မိခင်ဖြစ်သူက The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

အဆိုပါ လက်ပံတောင်းတောင် သပိတ်စခန်း အင်အားသုံး ဖြိုခွင်းမှုအပေါ် ဆန္ဒပြခဲ့သူ ခြောက်ဦးကို နိုဝင်ဘာ ၂၃ရက် နိုင်ငံရေး အကျဉ်းသား ကော်မတီ အစည်းအဝေးတွင် နိုင်ငံရေး အကျဉ်းသား စာရင်းသို့ ထည့်သွင်းခဲ့ကြောင်း သိရသည်။

(လက်ပံတောင်းတောင် သပိတ်စခန်း အင်အားသုံး ဖြိုခွင်းမှုအပေါ် ဆန္ဒပြခဲ့သူ တချို့အား စမ်းချောင်းတရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်))
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...