Thursday, December 12, 2013

ဆေးခြောက် တရားဝင် ထုတ်လုပ်ရောင်းချ သုံးစွဲခွင့် ဥပဒေအား ဥရုဂွေး အထက်လွှတ်တော်က သဘောတူ


Thursday, 12 December 2013




ဒီဇင်ဘာ ၁၀ ရက်က အထက်လွှတ်တော် ဆေးခြောက်တရားဝင် (Photo:AFP)

ဆေးခြောက်ကို တရားဝင် ထုတ်လုပ်ရောင်းချ သုံးစွဲခွင့်ပေးသည့် ဥပဒေကို ဥရုဂွေး အထက်လွှတ်တော်က ဒီဇင်ဘာ ၁၁ ရက်တွင် တရားဝင် အတည်ပြုပေးခဲ့ပြီးနောက် ဥရုဂွေးသည် ဆေးခြောက်ကို ပထမဆုံး တရားဝင် သုံးစွဲခွင့် ရရှိသည့်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။

အထက်လွှတ်တော် မဲခွဲဆုံးဖြတ်မှုတွင် လွှတ်တော်အမတ် ၂၉ ဦးအနက် လက်ဝဲယိမ်း ၁၆ ဦးက သမ္မတဟိုဆေးမူဂျီကာ ထောက်ခံသည့် ယင်းဥပဒေကို ထောက်ခံမဲ ပေးခဲ့ကြသည်။ အထက်လွှတ်တော် အဆောက်အအုံ အပြင်ဘက်တွင် ဆေးခြောက်သုံးစွဲမှုကို ထောက်ခံသူ ရာပေါင်းများစွာက မီးရှူးမီးပန်းများ ပစ်လွှတ်ခဲ့ကြပြီး အတိုက်အခံ ပါတီများက ယင်းဥပဒေကို ကန့်ကွက်ခဲ့သည်။ ဆေးဆိုင်များတွင် ဆေးခြောက်ရောင်းချစေမည့် အကြံဥာဏ်ကို ဆေးရောင်းချသူ များကလည်း ကန့်ကွက်ခဲ့သည်။

လွှတ်တော်နှစ်ရပ်စလုံးကို လက်ရှိအာဏာရ ညွန့်ပေါင်းအဖွဲ့က ထိန်းချုပ်ထားသည့် ဥရုဂွေးတွင် ယင်းဥပဒေကို အောက်လွှတ်တော်က ပြီးခဲ့သည့် ဇူလိုင်တွင် အတည်ပြုခဲ့ပြီးဖြစ်သည်။ ယင်းဥပဒေက ဆေးခြောက် ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုနှင့် ရောင်းချမှုကို တရားဝင်ဖြစ်စေကာ မည်သူ့ကိုမဆို ပမာဏ အနည်းငယ် စိုက်ပျိုးခွင့်ပြုပြီး သုံးစွဲသူ အသင်းများ ဖန်တီးခွင့် ပြုထားသည်။ သို့သော် ယင်းခွင့်ပြုချက် အားလုံးကို နိုင်ငံတော် ကြီးကြပ်ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုအောက်တွင် ထားရှိမည်ဖြစ်သည်။

ယင်းဥပဒေ ပြဋ္ဌာန်းမှုက ဥရုဂွေး၏ အိမ်နီးချင်း ဘရာဇီးနှင့် အာဂျင်တီးနားတို့ကို မသက်မသာ ဖြစ်စေသည်။ ယင်းဥပဒေသည် အမေရိကန်၏ ကော်လိုရာဒိုနှင့် ၀ါရှင်တန်တို့တွင် မကြာသေးမီက အတည်ပြုခဲ့သော ဆေးခြောက်ဥပဒေ ပြဋ္ဌာန်းမှု စီမံချက်များ သို့မဟုတ် နယ်သာလန်နှင့် စပိန်တို့ရှိ အလားတူ ဥပဒေများထက် သာလွန်သည်။

ဥရုဂွေးတွင် ဆေးခြောက်သုံးစွဲသူသည် အသက် ၁၈ နှစ် ပြည့်ရမည်ဖြစ်ပြီး တစ်ဦးလျှင် ဆေးခြောက်ပင် ခြောက်ပင်အထိ စိုက်ပျိုးသုံးစွဲခွင့်ရှိမည် ဖြစ်သည်။ သုံးစွဲသူများ အသင်းတွင်လည်း သုံးစွဲနိုင်ကာ ဆေးဆိုင်များမှ တစ်လလျှင် ၄၀ ဂရမ်အထိ ၀ယ်ယူသုံးစွဲခွင့် ရှိမည်ဖြစ်သည်။ ဥပဒေ ချိုးဖောက်သူများသည် ထောင်ဒဏ် လ ၂၀ မှ ၁၀ နှစ် ချမှတ်ခံရနိုင်သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...