Thursday, December 12, 2013

အိုဘားမားနှင့် ကက်စထရို လက်ဆွဲနှုတ်ဆက်မှုက အမေရိကန်နှင့်ကျူးဘား တင်းမာမှု လျော့ကျရေး လမ်းပွင့်စေမည်ဟု မျှော်လင့်


Thursday, 12 December 2013




ဒီဇင်ဘာ ၁၀ ရက်က မင်ဒဲလား အောက်မေ့ဖွယ် အခမ်းအနား၌ အိုဘားမားနှင့် ကက်စထရို လက်ဆွဲနှုတ်ဆက်နေစဉ် (Photo:AP)

တောင်အာဖရိက လူဖြူလူမည်း တိုက်ဖျက်ရေးပြယုဂ် နယ်လ်ဆင်မင်ဒဲလား အောက်မေ့ဖွယ် အခမ်းအနား၌ အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် ကျူးဘားခေါင်းဆောင် ရာအူးကက်စထရိုတို့ လက်ဆွဲနှုတ်ဆက်မှုက စစ်အေးခေတ် ရန်ဘက်နှစ်နိုင်ငံအကြား တင်းမာမှု ပြေလျော့စေရေးအတွက် လမ်းဖွင့်ပေးမည်ဟု မျှော်လင့်ရကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

သို့သော် ယင်းကဲ့သို့ အခိုက်အတန့် တွေ့ဆုံခဲ့မှုအပေါ် မချဲ့ကားသင့်ကြောင်း လေ့လာသူ အချို့ကလည်း သတိပေးခဲ့ပြီး နှစ် ၅၀ ကြာမြင့်ခဲ့သော ရန်ဘက်မူဝါဒကို ပြောင်းလဲစေမည်ဟု အဓိပ္ပာယ် မကောက်ယူသင့်ကြောင်း ပြောကြားခဲ့သည်။

ကျူးဘားနိုင်ငံရေး သုတေသီ စတီဘန်မိုရေးက အဆိုပါ ဖြစ်စဉ်သည် နှစ်နိုင်ငံအကြား စေ့စပ်ဆွေးနွေးရန်အတွက် အဆင်သင့်ဖြစ်သည့် လက္ခဏာတစ်ခုဟု ရှုမြင်ခဲ့ပြီး နောက်တစ်ဆင့်မှာ ဆွေးနွေးပွဲ စတင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၀ါရှင်တန်ရှိ အတ္တလန္တိတ် ကောင်စီ၏ လက်တင်အမေရိက စင်တာဒါရိုက်တာ ပီတာရှီခ်ျတာက ယင်းအမြင်ကို သဘောတူခဲ့သော်လည်း ဆွေးနွေးပွဲ ဖြစ်လာရန်မှာ နှေးကွေးလိမ့်မည်ဟု ပြောကြားခဲ့သည်။ အိုဘားမားနှင့် ကက်စထရိုတို့ တွေ့ဆုံစဉ် စကားအနည်းငယ်လည်း ပြောကြားခဲ့ကြောင်း တောင်အာဖရိက ရုပ်သံက ထုတ်လွှင့်ခဲ့သော ဓာတ်ပုံများအရ သိရသည်။

အဆိုပါ လက်ဆွဲနှုတ်ဆက်မှုသည် "ကြိုတင်စီစဉ်ထားမှု" မဟုတ်ဘဲ ၀ါရှင်တန်သည် ကျူးဘားတွင် လူ့အခွင့်အရေး အခြေအနေများအတွက် အလွန်အမင်း စိုးရိမ်နေဆဲဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး ဘင်ရိုဒီက ပြောကြားခဲ့သည်။ ကျူးဘားနိုင်ငံပိုင် သတင်းစာ Granma က အိုဘားမားနှင့် ကက်စထရို လက်ဆွဲနှုတ်ဆက်မှု ဓာတ်ပုံကို ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သော်လည်း မှတ်ချက်မပေးခဲ့ပေ။ ကျူးဘားအစိုးရ ၀က်ဘ်ဆိုက် Cubadebate.cu ကလည်း အဆိုပါ ဓာတ်ပုံကို ဖော်ပြခဲ့ပြီး "အိုဘားမားက ရာအူးကို နှုတ်ဆက်၊ ယင်းဓာတ်ပုံက ကျူးဘားအပေါ် အမေရိကန်၏ ရန်စမှု အဆုံးသတ်ရန် အစပျိုးခြင်းလော" ဟု ပုံစာထိုးခဲ့သည်။

ကျူးဘားတွင် တော်လှန်ရေးအပြီး ဖီဒယ်ကက်စထရို အာဏာရလာခဲ့ပြီးနောက် နှစ်နှစ်အကြာ ၁၉၆၂ ခုနှစ်နောက်ပိုင်း အမေရိကန်နှင့် သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့သည်။ ကျွန်းစုနိုင်ငံ ကွန်မြူနစ် ကျူးဘားကို အမေရိကန်က ရာစုနှစ် ထက်ဝက်ခန့် ပိတ်ဆို့အရေးယူမှု ပြုလုပ်ထားသည်။

ကမ္ဘာ့ဖလား ကျင်းပမည့် ဆိုဝီတို အားကစားရုံ၌ ကျင်းပခဲ့သော မင်ဒဲလား အောက်မေ့ဖွယ် အခမ်းအနားသို့ ကမ္ဘာ့ခေါင်းဆောင် ၁၀၀ နီးပါးနှင့်အတူ တက်ရောက်ခဲ့သည့် အိုဘားမားက မင်ဒဲလားကို သမိုင်း၏ မဟာလူသား တစ်ဦးအဖြစ် ချီးကျူးဂုဏ်ပြုခဲ့သည်။ အိုဘားမား၏ ချီးကျူးဂုဏ်ပြုမှုကို အခမ်းအနား တက်ရောက်လာသော တောင်အာဖရိက ပြည်သူများက ၀ိုင်းဝန်းအော်ဟစ် ကြွေးကြော်ပြီး ထောပနာ ပြုခဲ့ကြသည်။ ယင်းအခမ်းအနားသို့ ပရိသတ် ၈၀၀၀၀ ခန့် တက်ရောက်မည်ဟု မျှော်လင့်ခဲ့သော်လည်း နံနက်ပိုင်းမှစကာ မိုးသည်းထန်မှုကြောင့် ကွင်း၏သုံးပုံနှစ်ပုံခန့် အထိသာ ပရိသတ် လာရောက်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်နှင့် ဒိန်းမတ်ဝန်ကြီးချုပ် ဟယ်လီသော်နင်း-ရှမက်တို့သည် ရှမက်၏ စမတ်ဖုန်းဖြင့် သုံးဦးသား ပြုံးလျက် ဓာတ်ပုံတွဲရိုက်နေမှုကို အေအက်ဖ်ပီ သတင်းထောက် ရောဘတ်တိုရှမက်က အမိအရ ရိုက်ကူးထားသော ဓာတ်ပုံမှာ နိုင်ငံတကာ မီဒီယာများနှင့် အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...