Thursday, December 12, 2013

ဥရောပသမဂ္ဂနှင့် သဘောတူညီချက် လက်မှတ်မရေးထိုးမီ ချေးငွေ ဒေါ်လာ ၂၇ ဘီလျံကျော် ရရှိရန် ယူကရိန်း ကြိုးပမ်း

Thursday, 12 December 2013

 

ဒီဇင်ဘာ ၁၁ ရက်တွင် ကိဗ်မြို့ရှိ လွတ်လပ်ရေးရင်ပြင်၌ ဆန္ဒပြသူများနှင့် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခ ဖြစ်ပွားနေစဉ် (Photo:AFP)

ဥရောပ သမဂ္ဂနှင့် သမိုင်းဝင် သဘောတူညီချက်စာချုပ် လက်မှတ်မရေးထိုးမီ ချေးငွေဒေါ်လာ ၂၇ ဒသမ ၅ ဘီလျံ ရရှိလိုကြောင်း ယူကရိန်း ၀န်ကြီးချုပ် မိုက်ကိုလာအဇာရော့က ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေး သဘောတူညီချက်နှင့် နိုင်ငံရေး သဘောတူညီချက်တို့ လက်မှတ်ရေးထိုးပါက ယူကရိန်းသည် အိမ်နီးချင်း ရုရှားနှင့် ကုန်သွယ်ရေး ဆုံးရှုံးမှုကြောင့် နစ်နာမည်ဟုဆိုကာ ယူကရိန်းက သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် နိုဝင်ဘာလက ပယ်ချခဲ့သည်။

ယင်းပယ်ချမှုကြောင့် ယူကရိန်းတွင် ၂၀၀၄ ခုနှစ် လိမ္မော်ရောင် တော်လှန်ရေးနောက်ပိုင်း အကြီးမားဆုံးသော ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး ၀န်ကြီးချုပ် အဇာရော့ကို နုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။ ယူကရိန်းမြို့တော်ကိဗ်ရှိ လွတ်လပ်ရေး ရင်ပြင်တွင် ဆန္ဒပြသူများကို မောင်းထုတ်ရန် ရဲတပ်ဖွဲ့က ကြိုးပမ်းခဲ့ပြီးနောက် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး နာရီပိုင်း အနည်းငယ်အကြာတွင် ၀န်ကြီးချုပ် အဇာရော့က အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး ဥရောပ သမဂ္ဂထံမှ ချေးငွေရလိုကြောင်း ပြောကြားခဲ့သည်။ ယင်းချေးငွေများကို ယူကရိန်းအခြေခံ အဆောက်အအုံများတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း အဇာရော့က ပြောကြားခဲ့သည်။

ယူကရိန်းမြို့တော် ကိဗ်ရှိ လွတ်လပ်ရေး ရင်ပြင်တွင် နေရာယူထားသော ဆန္ဒပြသူများကို ယူကရိန်း အဓိကရုဏ်း နှိမ်နင်းရေး အထူးရဲတပ်ဖွဲ့က ညသန်းခေါင်အချိန်တွင် ၀င်ရောက်ဖြိုခွင်းခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ယင်းနှိမ်နင်းမှုကို ရှုတ်ချခဲ့ပြီး လက်ထောက်အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဗစ်တိုးရီးယား နူလမ်နှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ကက်သရင်းအက်ရှ်တန်တို့က ယူကရိန်းနိုင်ငံ၏ အကျပ်အတည်းအတွက် ပူးပေါင်းဖြေရှင်းကြရန် တိုက်တွန်းခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များက ရင်ပြင်နေရာ အချို့ကို ထိန်းချုပ်ခဲ့သော်လည်း ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး အရုဏ်တက်ချိန်တွင် ဆန္ဒပြသူများက ယင်းနေရာများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...