Thursday, December 12, 2013

မင်္ဂလာမွန်ဈေးအနီး၊ အောင်မင်္ဂလာ အဝေးပြေးဝင်း အနီးနှင့် ကမာရွတ် မြို့နယ်တို့တွင် မြေပြင်နှင့် အထပ်မြင့် ယာဉ်ရပ်နားစခန်းများ တည်ဆောက်သွားရန် စီစဉ်


Thursday, 12 December 2013




မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာမွန်ဈေးအနီး ၀န်းကျင်အား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာမွန်ဈေးအနီး၊ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးဘေး အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်း အနီးနှင့် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့် ထန်းတပင်ကျောင်း လမ်းဆုံအနီးတို့တွင် မြေပြင်ယာဉ်ရပ်နားစခန်းနှင့် အလွှာများ ပါဝင်သည့် အထပ်မြင့် ယာဉ်ရပ်နားစခန်းများ တည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေခြင်းကြောင့် လမ်းပေါ်စည်းကမ်းမဲ့ ရပ်နားသည့် ယာဉ်များကို ရှင်းလင်းခဲ့ရာ ယခုနှစ် အတွင်း၌ပင် ယာဉ် ၅၀၀ ကျော်ရှိပြီး ယင်းအထဲမှ အစီး ၄၀၀ ကျော်ကို ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေဖြင့် စည်ပင်သာယာ တရားရုံးတွင် အရေးယူခဲ့ကြောင်း သိရသည်။

ထိုသို့ ယာဉ်ရပ်နားရန် သတ်မှတ်ထားသည့် နေရာများတွင် ယာဉ်ရပ်နား နိုင်စေရန်အတွက် ဒဂုံမြို့နယ် ပြည်လမ်းနှင့် ရှင်စောပု လမ်းထောင့်တွင် ယာဉ်ရပ်နားစခန်းကို ယခုနှစ်ဆန်းပိုင်းက ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပြီး ထပ်မံ၍ မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာမွန် ဈေးအနီး၊ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာ လမ်းမကြီးနံဘေး အောင်မင်္ဂလာ အဝေးပြေး စခန်းအနီး၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့် ထန်းတပင်ကျောင်း လမ်းဆုံအနီးတို့တွင် မြေပြင်ယာဉ်ရပ်နားစခန်းနှင့် အထပ်မြင့် ယာဉ်ရပ်နားနေရာများ တည်ဆောက်နိုင်ရန် မြေနေရာများ ရှာဖွေစီစဉ် နေခြင်းဖြစ်ပြီး အခကြေးငွေဖြင့် ယာဉ်ရပ်နားခွင့်ပြုမည့် အစီအစဉ်မျိုးဖြစ်ကြောင်း၊ ဆိပ်ကမ်းသာလမ်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေနေရာတွင်လည်း အခပေး ရပ်နားရမည့် ၁၅ ထပ်အမြင့်ရှိ အထပ်မြင့် ကားပါကင် ဆောက်လုပ်ရန်အတွက် စီစဉ်နေသည်ဟု သိရသည်။

ထို့ပြင် ရန်ကုန်မြို့တွင်း၌ မော်တော်ယာဉ် ရပ်နားနေရာ ပြုလုပ်လိုကြောင်း လျှောက်ထားလာပါက ခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ညွှန်ကြားထားပြီး ဖြစ်ကြောင်းနှင့် လျှောက်ထားလာမှုများကို စိစစ်ပြီးခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...