Thursday, December 12, 2013

တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ဂျပန်ဝန်ကြီးချုပ် အာဘေးတို့ကို အာရှအထင်ရှားဆုံး ပုဂ္ဂိုလ်များအဖြစ် Straits Times သတင်းစာက ရွေးချယ်


Thursday, 12 December 2013




ဒီဇင်ဘာ ၉ ရက်က တိုကျို၌ သတင်းစာ ရှင်းလင်းပွဲ လုပ်နေသော အာဘေး (Photo:AFP)



ဇွန် ၇ ရက်က ကယ်လီဖိုးနီးယား၌ အိုဘားမားနှင့် တွေ့ဆုံနေသော ရှီကျင်ပင်း (Photo:AP)

တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ကို ၂၀၁၃ ခုနှစ်အတွက် "Asians of the Year" အဖြစ် စင်ကာပူ သတင်းစာ Straits Times က ဒီဇင်ဘာ ၁၁ ရက်တွင် ရွေးချယ်ခဲ့ကာ ပဋိပက္ခ တစ်ခုကို ရှောင်လွှဲရန်အတွက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လက်ကမ်းကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

"အာရှတွင် လတ်တလော၌ စီးပွားရေး တည်ဆောက်မှု၊ ကမ္ဘာ့ဘုံ အကျိုးစီးပွားများကို ကာကွယ်မှုနှင့် အာရှသာယာဝပြောမှုကို ကာကွယ်ရန်အတွက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ထိုခေါင်းဆောင်နှစ်ဦးထက် တာဝန်ပိုကြီးမားသော ခေါင်းဆောင်များ မရှိ" ဟု ယင်းသတင်းစာတွင် ဖော်ပြခဲ့သည်။

တရုတ်နှင့် ဂျပန်သည် အရှေ့တရုတ်ပင်လယ်ပြင်ရှိ ဂျပန်တို့ ထိန်းချုပ်ထားသော ဆင်ကာကူ ကျွန်းစုပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ယမန်နှစ် ကတည်းက အငြင်းပွားမှု မြင့်တက်လာခဲ့သည်။

တရုတ်၏ လေကြောင်းကာကွယ်ရေး ဇုန်သစ်ကြေညာမှုနှင့် ပတ်သက်၍ မကြာသေးမီက တင်းမာမှုမြင့်တက်လာခြင်းက နှစ်ဖက်စလုံးတွင် အလွန်အမင်းစိုးရိမ်ပူပန်မှု ရှိနေခြင်း၏ သက်သေပင်ဖြစ်သည်။ ယင်းက နှစ်နိုင်ငံစလုံးတွင် အမျိုးသားရေး စိတ်ဓာတ်ထက်သန်မှုကို ပြနေပြီး ယင်းတင်းမာမှုကို ကောင်းစွာမစီမံနိုင်ပါက ဖိအားမြင့်တက်လာနိုင်ကာ နိုင်ငံရေးခေါင်းဆောင်များ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နိုင်ကြောင်း Straits Times တွင် ဖော်ပြခဲ့သည်။

တရုတ်လေကြောင်း ကာကွယ်ရေးဇုန်သစ်တွင် ဂျပန်နှင့် တောင်ကိုရီးယားတို့က လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း သတ်မှတ်ခဲ့သည့် လေကြောင်းဧရိယာများနှင့် ပိုင်ဆိုင်မှု အငြင်းပွား ဧရိယာများ ပါဝင်နေသည်။ အရှေ့ပင်လယ်အတွင်း ယင်းကျယ်ပြန့်သော ဧရိယာတစ်ခုကို လေကြောင်းကာကွယ်ရေး ဇုန်သစ်အဖြစ် တရုတ်က နိုဝင်ဘာ ၂၃ ရက်တွင် တစ်ဖက်သတ် ကြေညာခဲ့သည်။ ယင်းဇုန်ကို ၀င်ရောက်မည့် လေယာဉ်အားလုံးကို မူရင်းနိုင်ငံနှင့် ခရီးစဉ်တို့ကို ဖော်ပြရန်နှင့် မလိုက်နာပါက အရေးပေါ် ကာကွယ်ရေး စီမံချက်များအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်က ထုတ်ပြန်ခဲ့သည်။

Straits Times က Asian of the Year ကို ၂၀၁၂ ခုနှစ်တွင် စတင်ရွေးချယ် သတ်မှတ်ခဲ့ပြီး ၂၀၁၂ ခုနှစ်အတွက် Asian of the Year အဖြစ် မြန်မာသမ္မတ ဦးသိန်းစိန်ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...