Thursday, December 12, 2013

"ဖမ်းလိုက် လွှတ်လိုက်" မကြာသေးမီက ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံရသူများ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၄၁ ဦး ထပ်မံလွှတ်ပေး

 Thursday, 12 December 2013


အင်းစိန်အကျဉ်းထောင်မှ ဒီဇင်ဘာ ၁၁ ရက်က လွတ်မြောက်လာသည့် ကိုဒီငြိမ်းလင်းက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ်

မြန်မာနိုင်ငံတွင် လက်ခံကျင်းပသည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲနေ့ဖြစ်သော ဒီဇင်ဘာ ၁၁ ရက်တွင် မြန်မာနိုင်ငံ အနှံ့အပြားရှိ အကျဉ်းထောင် အသီးသီးမှ နိုင်ငံရေး အကျဉ်းသား ၄၁ ဦး ထပ်မံလွတ်မြောက် လာခဲ့သည်။

ယခု ထပ်မံလွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၄၁ ဦးတွင် ယခုအစိုးရ လက်ထက်တွင်မှ ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ချ ခံခဲ့ရသည့် အကျဉ်းသားများလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။

လွတ်မြောက်လာခဲ့သူများမှာ အင်းစိန်ထောင်မှ ၁၁ ဦး၊ မန္တလေးထောင်မှ တစ်ဦး၊ တောင်ကြီးထောင်မှ တစ်ဦး၊ ပုသိမ်ထောင်မှ နှစ်ဦး၊ သာယာဝတီထောင်မှ နှစ်ဦး၊ ဘားအံထောင်မှ တစ်ဦး၊ တောင်ငူထောင်မှ တစ်ဦး၊ ကော့သောင်းထောင်မှ လေးဦး၊ သထုံထောင်မှ ၁၀ ဦး၊ ပဲခူးထောင်မှ ခြောက်ဦး၊ မြစ်ကြီးနားထောင်မှ တစ်ဦးနှင့် ဘူးသီးတောင်ထောင်မှ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

အင်းစိန်ထောင်မှ လွတ်မြောက်လာသူများတွင် မကြာသေးမီကမှ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ ဖြင့် ထောင်ကျထားသူ အများစု ပါဝင်လာခဲ့ကြောင်း သိရသည်။

ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသည့် ကျောင်းသားများသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီမှ ကိုဒီငြိမ်းလင်းက "ကျွန်တော်တို့ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ်တစ်လဆီ ချမှတ်ခံခဲ့ရတယ်။ အခု တစ်လမပြည့်ခင် လွှတ်ပေးတာပါ။ ကျွန်တော့်အထင်တော့ နိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ထဲမှာ မထားစေချင်လို့ လွှတ်ပေးတယ်လို့ ထင်တယ်။ ဒါပေမဲ့ သူတို့မလွှတ်ပေးရင်လည်း နောက်တစ်ပတ်ဆိုရင် ကျွန်တော်တို့ လွတ်ပါပြီ။ ကျွန်တော်ကတော့ ဒီပုဒ်မ ၁၈ က မဖြစ်သင့်ဘူးလို့ ထင်တယ်။ ဒီမိုကရေစီ နည်းလမ်းအရ လုပ်ခွင့်ပေးနေတယ် ဆိုပေမယ့်လည်း ဘာပဲဖြစ်ဖြစ် ပုဒ်မ ၁၈ ဆိုတဲ့ဟာနဲ့ အတားအဆီး လုပ်ထားတဲ့အတွက် ကျွန်တော်တို့ ဘာပဲလုပ်လုပ် ဒီပုဒ်မ ၁၈ က မလွတ်ကင်းနိုင်ဘဲ ဖြစ်နေပါတယ်။ နောက်ကျွန်တော် အခု ကျောင်းသားတစ်ယောက် အနေနဲ့ ထောင်ထဲမှာ စာမေးပွဲဖြေခွင့် ပေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေပဲ သီးခြားမဟုတ်ဘဲ အခြားအမှုတွဲတွေနဲ့ ကျနေတဲ့ အကျဉ်းသားတွေလည်း ဒီလိုအခွင့်အရေးမျိုး ရသင့်တယ်လို့ ထင်ပါတယ်" ဟု ဆိုသည်။

"အခုက ကျွန်မတို့ကို ပြန်လွှတ်လိုက်၊ ဖမ်းသွားလိုက်ဆိုတဲ့ ပြဿနာမှာ ကျွန်မတို့မှာ ပြောပိုင်ခွင့်မရှိဘူး။ ပြောလိုက်၊ ဖမ်းလိုက် ထောင်ထဲရောက်လိုက်ဆိုတဲ့ ပြဿနာနဲ့ပဲ သံသရာလည်နေတယ်။ ကျွန်မတို့ တကယ်လိုချင်တာက လွတ်လပ်စွာ စည်းရုံးခွင့်၊ ဟောပြောခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်ပဲ။ တကယ့်တကယ်ကျတော့ ဆန္ဒထုတ်ဖော်ဖို့ လိုအပ်လာရင် ပုဒ်မ ၁၈ အရ သွားပြီး ခွင့်ပြုချက် တင်နေဖို့ အချိန်မရဘူး" ဟု ပုဒ်မ ၁၈ ဖြင့် အဖမ်းခံရပြီး အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည့် မသန္တာက ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ နှစ်မကုန်မီ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးမည်ဟု ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း ပြောကြားထားသည်။ ယခုလွှတ်ပေးသူများသည် လက်ရှိထောင်ဒဏ်ကျ ခံနေရသူများဖြစ်ပြီး အခြားနိုင်ငံရေးနှင့် ဆက်နွှယ်၍ တရားရင်ဆိုင် နေရသူပေါင်း ၂၅၀ ကျော် ကျန်ရှိနေသေးကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီမှ သိရသည်။

အဆိုပါ ပုဒ်မ(၁၈)၊ ပုဒ်မ ၅၀၅(ခ)စသည့် နိုင်ငံရေး ပုဒ်မများဖြင့် အမှုရင်ဆိုင် နေရသူများအား သမ္မတလုပ်ပိုင်ခွင့်ဖြင့် လွှတ်ပေးရန် နှစ်မကုန်မီ သမ္မတထံ မူကြမ်းရေးဆွဲကာ အကြံပြု သွားမည်ဖြစ်ကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီမှ သိရသည်။

ဒီဇင်ဘာ ၁၁ ရက်တွင် အကျဉ်းသား ၄၁ ဦး လွှတ်ပေးခဲ့သော်လည်း အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ကိုထင်ကျော်ကို မြောက်ဥက္ကလာပ တရားရုံးက ပုဒ်မ ၅၀၅(ခ)ဖြင့် အာမခံ မပေးသည့်အတွက် အင်းစိန်ထောင်သို့ အဆိုပါနေ့ ညနေပိုင်းတွင် ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရသည်။

"အခုလို ဖမ်းလိုက်၊ လွှတ်လိုက် လုပ်နေတာက ဘယ်ဟာအတွက်မှ အလားအလာ မကောင်းဘူး။ အင်မတန်မှ ၀မ်းနည်းစရာ ကောင်းတယ်။ တကယ်ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးမှသာလျှင် တရားရေးမဏ္ဍိုင် ယိုင်ယဲ့တာကို ပြင်ဆင်သင့်တယ်။ ပြစ်ဒဏ်နဲ့ ပြစ်မှုမမျှတာတွေ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ခြေလှမ်းစတာတွေ လုပ်ရမှာ ဖြစ်တယ်။ ပုဒ်မ ၁၈၊ ၅၀၅ (ခ)ဆိုတာတွေကို ပြည်ထဲရေးက အသက်သွင်းတာ ဖြစ်တယ်။ ဒီပုဒ်မတွေ ရှိနေသမျှ နိုင်ငံရေး အကျဉ်းသားကတော့ ရှိနေမှာပဲ" ဟု ဒီဇင်ဘာ ၁၁ ရက်တွင် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ကိုစိုးမိုးထွန်းက ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...